Healthy Life Ad
Local

ဆိုးဆေးအရောင်မပါတဲ့ သဘာဝအရောင်မျှစ်တွေကို ဝယ်ယူအားပေးစေချင်ပါတယ်

ဒေါက်တာဦးကျော်ကျော် (ဒုတိယညွှန်ကြားရေးမှူး)

မေး. ဈေးကွက်ထဲက ဆိုးဆေးပါတဲ့ မျှစ်တွေနဲ့ပတ်သက်ပြီး ရောင်းချသူတွေကို ဘယ်လိုပညာပေးတာ၊ အရေးယူတာတွေ လုပ်ဆောင်နေပါသလဲ ဆရာ။

ဖြေ. ဈေးချိုအပါအဝင် မန္တလေးမြို့မှာရှိတဲ့ ဈေးတွေအတော်များများကို ခွင့်မပြုဓာတုဆိုးဆေးကင်းစင်တဲ့ဈေးများ ပေါ်ထွက်လာရေးလုပ်ဆောင်နေပါတယ်။ မန္တလေးအနေအထားနဲ့ပြောရရင် အရင်က ငပိက ကောင်းသွားပေမယ့် အခု ဈေးချိုထဲက ငပိတွေမှာ ခွင့်မပြုဆိုးဆေးပါတာကို ပြန်တွေ့နေရတယ်။ အများစုကတော့ ငရုတ်သီးနဲ့မျှစ်မှာ ခွင့်မပြုတဲ့ ဓာတုဆိုးဆေးတွေပါတာကို တွေ့နေရပါတယ်။ မန္တလေးမှာ ပဲပြားဆိုရင် ဖော်မလင်မတွေ့သလောက်ဖြစ်သွားပြီ၊ ပဲသွေးဆိုစစ်နေတာ အခုထက်ထိ ဖော်မလင်ထည့်ထားတာ မတွေ့သေးပါဘူး။ မန္တလေးမှာ မျှစ်နဲ့ပတ်သက်ပြီး မျှစ်ဒိုင်တွေက နှစ်ပေါက်စိမ်ထားတာရှိတယ်၊ ပြန်ထုတ်ရောင်းတာရှိတယ်။ သူတို့ကပြောတာတော့ သူတို့ဆိုးဆေးမသုံးဘူး၊ မိုးကုတ်ဘက်ကယူတာလို့ ပြောတာနဲ့ မိုးကုတ်ဘက်အထိ လိုက်စစ်နေပါတယ်။

မေး. ဆိုးဆေးပါတဲ့ မျှစ်တွေကိုစားသုံးရင် ဘယ်လိုကျန်းမာရေးထိခိုက်မှုတွေဖြစ်စေနိုင်ပါသလဲ ဆရာ။

ဖြေ. ဆိုးဆေးမှာ သဘာဝဆိုးဆေးနဲ့ ဓာတုဆိုးဆေးဆိုပြီး နှစ်မျိုးရှိတယ်။ သဘာဝဆိုးဆေးက သဘာဝအပင်၊ အသီးအပွင့်တွေကထုတ်ထားလို့ လူကိုအန္တရာယ်ဖြစ်စေနိုင်မှုနည်းပါတယ်။ ဓာတုဆိုးဆေးမှာ အစားအသောက်မှာ သုံးဖို့ခွင့်ပြုထားတဲ့ ဆိုးဆေးရှိသလို ခွင့်မပြုဆိုးဆေးလည်းရှိတယ်။ မျှစ်အများစုမှာ Auramine O သုံးထားတာတွေ့တယ်။ ဒါက ရေရှည်စားသုံးရင် ခန္ဓာကိုယ်ကြီးထွားမှုထိခိုက်တာ၊ အသည်းနဲ့ကျောက်ကပ် ပျက်စီးတာနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။ တချို့မျှစ်တွေမှာ Rhodamine B ဆိုးဆေးသုံးထားတာလည်း တွေ့ရပါတယ်။ ဒီလိုခွင့်မပြုဆိုးဆေးတွေကိုသုံးလိုက်ရင် အစာအိမ်အူလမ်းကြောင်းရောင်တာ၊ ပျို့အန်တာ၊ ဦးနှောက်အာရုံကြောထိုင်းမှိုင်းတာတို့လို လတ်တလောဆိုးကျိုးတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် ဆိုးဆေးပါတဲ့အစားအသောက်တွေကို အဓိကရှောင်ကြဉ်သင့်ပါတယ်။ ဒီခွင့်မပြုဆိုးဆေးတွေကို ဘယ်နိုင်ငံမှလည်း အစားအသောက်မှာသုံးခွင့်မပြုပါဘူး။

မေး. သဘာဝအရောင်ရှိတဲ့ မျှစ်တွေကိုစားသုံးရင် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးရှိနိုင်ပါသလဲ ဆရာ။

ဖြေ. သဘာဝအရောင်ရှိတဲ့မျှစ်စားသုံးပေးရင် ရရှိမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့- ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ နှလုံးအားကောင်းစေခြင်း၊ အဆီဓါတ်(ကိုလက်စထရော)အား ထိန်းညှိပေးခြင်း အမျှင်ဓာတ်ပါဝင်ခြင်းကြောင့် ကင်ဆာကာကွယ်ခြင်း၊ အူမကြီးကင်ဆာကဲ့သို့သော ကင်ဆာရောဂါ ကာကွယ်ပေးခြင်း၊ အမျှင်ဓာတ်ကြောင့် ဝမ်းချုပ်ခြင်းမရှိဘဲ ဝမ်းမှန်စေခြင်း၊ ရောင်ရမ်းမှု၊ နာကျင်မှု သက်သာစေခြင်း၊ သွေးနီဥ အားကောင်းစေခြင်း၊ ပိုတက်ဆီယမ်များစွာပါဝင်သဖြင့် နှလုံးခုန်မြန်ခြင်း/နှေးခြင်း၊ သွေးတိုးခြင်း/ကျခြင်းများအား ထိန်းညှိပေးခြင်းစတဲ့ ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

မိုးကုတ်မှာတွေ့တာက မျှစ်တွေကို ပြုတ်လိုက်ရင် နည်းနည်းလေး အဝါရောင်သမ်းတယ်။ အဖြူရောင်များတယ်။ သပိတ်ကျင်းဘက်က မျှစ်ကျတော့ ပြုတ်လိုက်ရင် နည်းနည်းလေး အနီရောင်သမ်းတယ်။ ဒါပေမဲ့ သဘာဝအဝါ၊ သဘာဝအနီပဲ။ မိုးကုတ်ဘက်က မျှစ်တွေကျတော့နည်းနည်းဝါချင်လို့ ဆနွင်းထည့်ပြုတ်တယ်လို့ပြောတယ်။

မျှစ်ဒိုင်တွေကို လောလောဆယ် ပညာပေးထားတာက ဘာဆိုးဆေး၊ ဘာအရောင်မှ မသုံးကြေး သဘောတူညီချက်ယူထားပါတယ်။ သတ်မှတ်ရက်အတွင်း မျှစ်ကို အရောင်၊ ဆိုးဆေးတွေနဲ့ လက်မခံတော့ဘူး။ မလိုက်နာရင်တွေ့တာနဲ့ ပစ္စည်းသိမ်းမယ်၊ တရားစွဲမယ်၊ ဆိုင်ခန်းပိတ်သိမ်းတာတွေလုပ်မယ်ဆိုပြီး ဥပဒေနဲ့သွားတော့မှာပါ။ ဒါကို မျှစ်ဒိုင်တွေကလည်း လောလောဆယ်မှာ သဘောတူထားပါတယ် . . .

ဒါပေမဲ့ ခက်တာက ဆနွင်းတချို့ကို စစ်တဲ့အခါမှာလည်း အဝါရောင်ဆိုးဆေးက တွေ့နေပြန်ရော။ ဒါကြောင့် မျှစ်ဒိုင်တွေကို လောလောဆယ် ပညာပေးထားတာက ဘာဆိုးဆေး၊ ဘာအရောင်မှ မသုံးကြေး သဘောတူညီချက် ယူထားပါတယ်။ သတ်မှတ်ရက်အတွင်း မျှစ်ကို အရောင်၊ ဆိုးဆေးတွေနဲ့ လက်မခံတော့ဘူး။ မလိုက်နာရင် တွေ့တာနဲ့ ပစ္စည်းသိမ်းမယ်၊ တရားစွဲမယ်၊ ဆိုင်ခန်းပိတ်သိမ်းတာတွေလုပ်မယ်ဆိုပြီး ဥပဒေနဲ့သွားတော့မှာပါ။ ဒါကို မျှစ်ဒိုင်တွေကလည်း လောလောဆယ်မှာ သဘောတူထားပါတယ်။

မေး. သဘာဝအရောင်ရှိ မျှစ်တွေမှာ ဘယ်လိုအာဟာရတန်ဖိုးတွေ ရှိပါသလဲဆရာ။

ဖြေ. သဘာဝအရောင်ရှိတဲ့ မျှစ်တွေရဲ့ အာဟာရတန်ဖိုးတွေကတော့-

– ကယ်လိုရီပါဝင်မှုနည်းခြင်း၊

– သကြားဓာတ်နည်းခြင်း၊

– အဆီဓာတ်ပါဝင်မှုနည်းပါးခြင်း၊

– ပရိုတင်း(အသားဓာတ်)ကြွယ်ဝစွာပါဝင်ခြင်း၊

– ဗီတာမင်နှင့် သတ္တုဓာတ်ပါဝင်ခြင်း၊

– အမျှင်ဓာတ်ပါဝင်ခြင်းနဲ့

– အစာစားချင်စိတ်ဖြစ်စေခြင်းတို့ပဲ ဖြစ်ပါတယ်။

မေး. မျှစ်ကိုမစားသုံးတတ်ရင် အန္တရာယ်ဖြစ်နိုင်ပါသလားဆရာ။

ဖြေ. မျှစ်မှာ Taxiphyllin (acyanogenic glycoside) ပါဝင်တာကြောင့် အဆိပ်ဓာတ်ဖြစ်စေနိုင်ပေမယ့် ဒါက ရင့်နေတဲ့မျှစ်တွေနဲ့ အပြင်အခွံမှာ ပိုမိုတွေ့ရှိရပါတယ်။ Taxiphyllin က Cyanogenic Glycoside ဖြစ်တာကြာင့် မချက်ပြုတ်ခင် ဖယ်ရှားသင့်ပါတယ်။ Glycoside အများစုကို ဖယ်ရှားဖို့ကတော့ မျှစ်ကိုဆားရည်ပွက်ပွက်ဆူထဲမှာ အဖုံးဖွင့်ပြီး ၂၀ မိနစ်မှ ၂၅မိနစ်အတွင်း ပြုတ်ရပါမယ်။ လုံးဝအန္တရာယ်ကင်းပြီး စိတ်ချရစေဖို့ ရေကိုသွန်ပစ်ပြီး ရေသန့်နဲ့ ၅မိနစ်မှ_၁၀မိနစ်ထိ ထပ်မံပြုတ်ကာ စားသုံးရပါမယ်။

မေး. မျှစ်နဲ့ပတ်သက်ပြီး စားသုံးသူတွေကို ပြောလိုတာရှိရင် ပြောပေးပါဦး ဆရာ။

ဖြေ. အမှန်က ရောင်းချသူတွေက အရောင်မပါတာရောင်းပြီး စားသုံးသူဘက်ကလည်း အရောင်မပါတဲ့ သဘာဝမျှစ်တွေကို ဝယ်ယူအားပေးကြရင် သိပ်ကောင်းမှာပါ။ စားသုံးသူတွေဘက်က သဘာဝအရောင်မျှစ်ကို သဘောမကျဘဲ အနီ၊ အဝါရှိတဲ့ မျှစ်တွေကိုပဲ တောင်းဆိုကြမယ်၊ မှာနေကြဦးမယ်ဆိုရင် ခွင့်မပြုဓာတုဆိုးဆေးကင်းစင်တဲ့ အစားအသောက်ဖြစ်ဖို့ ကြိုးပမ်းနေတာက မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့် စားသုံးသူဘက်ကလည်း သဘာဝအရောင်ရှိတဲ့ မျှစ်ကိုပဲ အားပေးမယ်ဆိုရင် မျှစ်ဒိုင်တွေကလည်း ဈေးကွက်ထဲမှာ ပြန်အဆင်ပြေပြေ နေရာယူနိုင်မယ်။ စားသုံးသူတွေလည်း အန္တရာယ်ကင်းကင်း စားသောက်နိုင်ပါလိမ့်မယ်။

မျှစ်ဒိုင်တွေက ခွင့်ပြုဆိုးဆေးသုံးမှာကိုလည်း ဆရာတို့ လက်မခံတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရောင်ပါတဲ့မျှစ်က ခွင့်ပြုဆိုးဆေး သုံးထားတာလား၊ ခွင့်မပြုဆိုးဆေးသုံးထားတာလားဆိုတာ ဓာတ်ခွဲခန်းမှာစစ်ကြည့်မှ သိတာလေ။ ဒီတော့ အလုပ်ပိုများတဲ့အတွက် မျှစ်ဒိုင်တွေကလည်း သဘာဝအတိုင်းရောင်းချပါ၊ စားသုံသူတွေကလည်း သဘာဝအရောင်ရှိတဲ့မျှစ်တွေကိုပဲ အန္တရာယ်ကင်းကင်းစား ကြပါလို့ပြောလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top