Healthy Life Ad
Local

ကလေးများ မျက်စိတစ်ဖက်မှုန်ခြင်းကို ဂရုမစိုက်ပါက ပျင်းတွဲမျက်စိ ဖြစ်စေနိုင်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကလေးများ မျက်စိမှုန်ခြင်းကို မျက်မှန်မတပ်ပါက နောက်ဆက်တွဲအနေဖြင့် ပျင်းတွဲမျက်စိ (Lazy Eye) ဖြစ်နိုင်သဖြင့် အထူးအလေးထား ဂရုစိုက်ပေးသင့်ကြောင်း ရန်ကုန်၊ မျက်စိဆေးရုံကြီး၏ ပါမောက္ခ ဋ္ဌာနမှူးဖြစ်သူ ပါမောက္ခဦးတင်ဝင်းက ရှင်းပြသည်။
“ကလေးတွေမှာ မွေးစကနေ နှစ်နှစ်အရွယ်နဲ့ နှစ်နှစ်ကနေ လေးနှစ်ကြား ကျောင်းမတက်ခင်ကာလမှာ မျက်စိကို တစ်ကြိမ်လောက် စစ်ဆေးကြည့်သင့်ပါတယ်။ ကျောင်းတက်နေတဲ့ ကာလအတွင်းမှာလည်း မိဘနဲ့ ဆရာ ဆက်သွယ်မှုထားပြီး ကလေးရဲ့ ပညာရေးကိုသာမက ဘက်စုံဖွံ့ဖြိုးရေးအတွက် တွဲဖက်ဆောင်ရွက်သင့်ပါတယ်” ဟု ဆရာကပြောသည်။
ကလေးများ မျက်စိမှုန်နေသည်ကို သတိမထားမိပါက နောက်ဆက်တွဲ ထိခိုက်တတ်ပုံအကြောင်းကို ဆရာက “လူကြီးမှာဆိုရင် ပါဝါမျက်မှန်လိုတာကို မတပ်လည်း မျက်စိမှုန်တာကလွဲလို့ ဘာမှမဖြစ်ပါဘူး။ လူကြီးမှာဘယ်ဘက်မျက်လုံးက ပုံရိပ်တစ်ခုမြင်တယ်။ ညာဘက်မျက်လုံးက ပုံရိပ်တစ်ခုမြင်တယ်။ ဒါပေမဲ့ ဒီပုံရိပ်နှစ်ခုကို ဦးနှောက်က လက်ခံပြီး ထပ်ပေးလိုက်တဲ့အခါကျတော့ ပုံရိပ်တစ်ခုတည်း မြင်တယ်။

ကလေးမှာကျတော့မျက်စိတစ်ဖက်က ကောင်းပြီး တစ်ဖက်က မှုန်နေရင် ကောင်းတဲ့မျက်လုံးနဲ့ပဲ ကြည့်တယ်။ မှုန်တဲ့မျက်လုံးနဲ့ မကြည့်တော့တဲ့အတွက် ကြာလာရင် ပျင်းတွဲမျက်စိ(Lazy Eye) ဖြစ်သွားတယ်။ ရောဂါမရှိပေမယ့် အဲဒီ မျက်လုံးရဲ့အမြင်က မသန်စွမ်းတော့ဘူး။ ဘာနဲ့တူသလဲဆိုတော့ ညာလက်နဲ့ စာရေးနေကျလူတစ်ယောက်က ညာနဲ့ရေးရင် လက်ရေးလှနိုင်ပေမယ့် ဘယ်လက်နဲ့ရေးရင်တော့ ဘယ်လိုမှမလှနိုင်တော့ပါဘူး။ ဒီသဘောပါပဲ” ဟုပြောသည်။
ကလေးများတွင် မျက်စိတစ်ဖက်မှုန်ခြင်းကြောင့် ပျင်းတွဲမျက်စိဖြစ်ခြင်းအပြင် မျက်စိစွေစောင်းခြင်း လည်းဖြစ်နိုင်ကြောင်း သိရသည်။
“မျက်စိမှုန်တဲ့ဘက်နဲ့ လုံးဝမကြည့်ဘဲ ကောင်းတဲ့ဘက်နဲ့ပဲ ကြည့်နေတဲ့အခါကျတော့ ကြာလာရင် မျက်စိစွေစောင်းသွားနိုင်ပါတယ်။ ဒါကြောင့် ကလေးတစ်ယောက် မျက်စိစွေစောင်းနေရင် မျက်စိဆရာဝန်နဲ့ပြပြီး မျက်မှန်စမ်းသပ်တာမျိုး လိုအပ်တဲ့ဆေးကုသမှုလုပ်ဖို့ အရေးကြီးပါတယ်”

အသက် (၁၂) နှစ်မတိုင်ခင်တွင် ပျင်းတွဲမျက်စိ (Lazy Eye)ဖြစ်မှန်းသိလျှင် မျက်စိလေ့ကျင့်ခန်း (Exercise)များလုပ်နိုင်ကြောင်း၊ လုပ်ရမည့် လေ့ကျင့်ခန်းမှာ ကောင်းသော မျက်စိတစ်ဖက်ကို ပိတ်ထားပြီး မှုန်သောမျက်စိနှင့်ကြည့်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီလေ့ကျင့်ခန်းက လက်တစ်ဖက်က သိမ်နေရင် ကျန်တဲ့လက်နဲ့ ညီသွားအောင် ဝိတ်မတဲ့ လေ့ကျင့်ခန်း လုပ်ရသလိုမျိုးပါပဲ။ မှုန်တဲ့မျက်စိတစ်ဖက်နဲ့ ကြည့်ရင်း ကြည့်ရင်းနဲ့ ရသွားတယ်။ အသက် (၂၀) နောက်ပိုင်းမှ ပျင်းတွဲမျက်စိဖြစ်မှန်းသိရင်တော့ ပုံမှန်အတိုင်း ပြန်ကောင်းဖို့ မဖြစ်နိုင်တော့ပါဘူး”ဟု ပါမောက္ခ ဦးတင်ဝင်းက ပြောသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top