Healthy Life Ad
Local

‘မွေးစကနေ ၆လအထိ မိခင်နို့တစ်မျိုးတည်းတိုက်တာက ဘယ်လောက်အထိ ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်သလဲဆိုတာ ခေတ်လေးနဲ့ သစ်လေးက သက်သေပါပဲ’ဟု ချစ်သုဝေပြောကြား

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

မြန်မာနိုင်ငံရှိ မိခင်များနှင့်အတူ ထင်ရှားသည့် အနုပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျန်းမာ ရေးအဖွဲ့အစည်းများက ကလေးမွေးပြီး ပထမ၆လ အထိ မိခင်နို့ချိုတစ်မျိုးတည်းကိုသာ တိုက်ကျွေး သင့်ကြောင်း သတင်းစကားဖြန့်ဝေခြင်းကို ၂၉-၈-၂၀၁၈ ရက်နေ့က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ ရန် ကုန်ပန်းချီပြခန်းတွင် ကျင်းပခဲ့ရာ ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးစောဝင်း၊ Rဇာနညေ်၊ ဝမ်း၊ သန္တာလှိုင်၊ ချစ်သုဝေ၊ ဆုန်သင်းပါ၊ မေတိုးခိုင် အ စရှိသည့် အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

” သမီးလေးနှစ်ယောက်မမွေးခင်မှာ သမီးလေး နှစ်ယောက်ကို မိခင်နို့ လုံလုံလောက်လောက် တိုက် နိုင်ပါ့မလားဆိုတာ အဓိက စိန်ခေါ်မှု တစ်ရပ်ပါပဲ။ မိခင်နို့ကသာ ကလေးတွေအတွက် အလုံလောက် ဆုံး အာဟာရဆိုတာ ဆရာဝန်ဖြစ်ခဲ့တော့ သိခဲ့တယ်။ အဲဒီတော့ မိခင်နို့ကို သမီးလေးတစ်ယောက် တိုက်နေတုန်း နောက်နို့တစ်ဖက်ကနေ Breast Pump နဲ့ ညှစ်တယ်၊ Freeza ထည့်တယ်။ ပြီးရင် အပြင်မှာ ရေနွေးလေးနဲ့ စိမ်ပြီး တိုက်ခဲ့ရတယ်။ အခုခေတ် မေမေအများစုကလည်း အပြင်မှာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး အလုပ်တွေ လုပ်နေကြရတော့ အကြံပေး အားပေးချင်တာက မိခင်နို့ကို ဒီလိုနည်းနဲ့ တိုက်ပေးလို့ရပါတယ်။ အဓိကကတော့ ကိုယ်ရဲ့ သားသမီးလေးတွေကို မိခင်နို့ချိုသာတိုက်ကျွေးချင်တယ်ဆိုတဲ့ မေတ္တာစိတ်ပြည့်ဝနေဖို့ လိုပါတယ်။ ပတ်ဝန်းကျင်ရဲ့ နွေးထွေးမှု၊ ကိုယ်ရဲ့အပင်ပန်းခံမှုတွေပဲ လိုပါတယ်။ အဲဒီကရတဲ့ ပီတိက ဘာနဲ့မှ မတူပါဘူး။

မွေးစကနေ ၆လအထိ မိခင်နို့တစ်မျိုးတိုက်တာက ဘယ်လောက်အထိ ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်သလဲဆိုတာ ခေတ်လေးနဲ့ သစ်လေးက သက်သေပါပဲ။ ခေတ်လေးနဲ့ သစ်လေးက တစ်နှစ်ကျော်တဲ့အထိ မဖျားဘူး၊ နှာစေးချောင်းဆိုး လုံးဝ မရှိဘူး၊ ဝမ်းပျက်ဝမ်းလျှောလည်း တစ်ခါမှ မဖြစ်ခဲ့ပါဘူး။ နောက်တစ်ခု အယူအဆမှားက ကလေးတွေ နို့တိုက်နေတုန်း ကြို့ထိုးရင် ရေဆာတယ်လို့ ထင်တတ်ကြတယ်။ တကယ်တော့ လုံးဝ မလိုပါဘူး။ မိခင်နို့မှာ ရေဓာတ်ကော ဗီတာမင်၊ သတ္တုဓာတ်အာဟာရတွေ အပြည့်စုံဆုံး၊ အပြည့်ဝဆုံး ဖြစ်တဲ့အတွက် မွေးစကနေ ၆လအထိ မိခင်နို့ချိုတစ်မျိုးတည်းတိုက် ဖို့လိုပါတယ်”ချစ်သုဝေက ဆိုသည်။

“ကျွန်မကလေး နှစ်ယောက်လုံးကို ၂ နှစ်ပြည့် တဲ့အထိ မိခင်နို့ကို တိုက်ကျွေးခဲ့တာပါ။ ကျွန်မရဲ့ ကိုယ်တွေ့အရ မိခင်နို့က အကုန်အကျ သက်သာတယ်။ နို့မှုန့်ဝယ်စရာ မလိုတဲ့အတွက် အဲ့ဒီကုန်ကျ မယ့်စားရိတ်ကို ကလေးအတွက် တခြားနေရာမှာ သုံးလို့ရတယ်။ နို့တိုက်ကာနီးဖျော်စရာမလို၊ နွှေးစရာ မလို၊ ပိုးသတ်စရာမလိုတော့ ထပ်ပြီးအလုပ်မရှုပ်ဘူး။

မိခင်အတွက် ဘာမှလုပ်စရာ မလိုဘဲ နို့တိုက်ရုံနဲ့ အဆီတွေပျော်ကျတယ်။ နို့တိုက်ရင် ထွက်တဲ့ Oxyto­xin ဆိုတဲ့ဟော်မုန်းက သားအိမ်ကိုပုံမှန် အရွယ်ပြန် ရောက်အောင် ကျုံ့စေတဲ့အပြင် အရိုးပျော့ရောဂါ၊ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာတွေကို ကာ ကွယ်ပေးပါတယ်။ နို့တိုက်ရင်ရတဲ့ မျက်လုံးချင်းဆုံ တွေ့တာက ကလေးနဲ့ အမေ သံယောဇဉ်တွယ်ဖို့ အကောင်းဆုံးအခွင့်အရေးပါ။ အမေနို့ထဲမှာပဲ ပါတဲ့ Lauric Acid ဘယ်နို့ဘူးမှာမှ တုပြီး ထည့်လို့ မရပါဘူး။ အုန်းရည်ထဲမှာပဲပါပါတယ်။ အမေနို့မှာ antibodies တွေပါတာကြာင့် တခြားကလေးတွေလို ဖျားနာတာ တော်ရုံမဖြစ်တော့ပါဘူး။ အမေနို့က က လေးရဲ့အိုင်ကျူကို မြင့်စေပါတယ်’ဟု သန္တာလှိုင်က သတင်းစကားမျှဝေထားသည်။

မွေးစမှ ခြောက်လအထိ သားသား၊ မီးမီးအ တွက်အရေးပါဆုံး ကာလဖြစ်ပြီး မိခင်နို့ချိုမှအပ ရေနှင့် အခြားအစားအစာများ လုံးဝ မတိုက်ကျွေးသင့်ကြောင်း အဆိုပါ အခမ်းအနားမှ သိရသည်။
_ _ _

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top