Healthy Life Ad
Life Style

ဗီတာမင် D3 နှင့် ဗီတာမင် K2 အကြောင်း သိကောင်းစရာ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)(အတွင်းရေးမှူး-ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ တချို့လူတွေက ဗီတာမင်ဒီသရီး ၂၀ဝ၀ အိုင်ယူ တစ်နေ့တစ်လုံး စသဖြင့် မှီဝဲနေကြပါတယ်။ ကလေးတွေသာမက လူကြီးတွေလည်း သောက်နေကြပါတယ်။ အများကြီးသောက်ရင် ဘယ်လို သက်ရောက်မှုဖြစ်နိုင်ပါသလဲ ဆရာ။
ဖြေ ။ ဗီတာမင်တွေကိုရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေနဲ့အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။ ဗီတာမင်ဘီနဲ့စီက ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေဖြစ်ပြီး ဗီတာမင်အေ၊ ဒီ၊ အီးနဲ့ ကေက အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေ ဖြစ်ပါတယ်။ ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေကတော့ ပိုပြီး မှီဝဲရင်လည်း ပိုသွားရင် ပြင်ပကို ဆီးထဲကနေ စွန့်ထုတ်မှာဖြစ်ပါတယ်။ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေကတော့ များသွားရင် ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့ပြီး ကြာရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။
ဗီတာမင်ဒီကတော့ အဆီမှာပျော်ဝင်တဲ့ အမျိုးအစားထဲမှာ ပါဝင်ပြီး သတိထားသောက်သင့်တဲ့ အထဲမှာ ပါဝင်နေပါတယ်။ ပမာဏများသွားရင် မကောင်းတဲ့အထဲ ပါဝင်နေပါတယ်။ ဗီတာမင်ဒီက ခန္ဓာကိုယ်အတွက် အဓိက လိုအပ်တဲ့ ဗီတာမင်တစ်ခုထဲမှာပါဝင်ပါတယ်။ ဗီတာမင်ဒီက ငါး၊ အထူးသဖြင့် ဆာဒင်း၊ တူနာစတဲ့ ငါးတွေထဲမှာ အဓိကပါဝင်တယ်။ ဗီတာမင်ဒီကို လူက အဓိကအားဖြင့် နေရောင်ခြည်နဲ့ ထိတွေ့ပြီး Active Vitamin D အဖြစ် ခန္ဓာကိုယ်ထဲမှာ ပြောင်းလဲပါတယ်။

ဗီတာမင်ဒီက ကယ်လ်ဆီယမ်နဲ့ ဖော့စ်ဖိတ်လို့ ခေါ်တဲ့ သတ္တုဓာတ်တွေရဲ့လုပ်ငန်းဆောင်တာ ပုံမှန်ဖြစ်အောင် ပါဝင်လုပ်ဆောင်ပါတယ်။ တကယ်လို့များ ဗီတာမင်ဒီဓာတ်နည်းရင် ကယ်လ်ဆီယမ်တွေက အရိုးမှာ စုပုံမှုအားနည်းပြီး အရိုးပျော့ရောဂါ ဖြစ်တတ်ပါတယ်။ ဒီတော့ကလေးတွေမှာ ကယ်လ်ဆီယမ် လိုအပ်ချက်နဲ့အတူ ဗီတာမင်ဒီလည်း လိုအပ်ပါတယ်။ ဒါမှအရိုးသန်စွမ်းမယ်။
လူလတ်ပိုင်းအရွယ်တွေမှာတော့ ဗီတာမင်ဒီလိုအပ်ချက်နည်းသွားပေမယ့် အသက် ၅၀ ကျော်အရွယ်တွေမှာ၊ အထူးသဖြင့် သွေးဆုံးပြီး အမျိုးသမီးတွေမှာ အရိုးပါး၊ အရိုးပွရောဂါဖြစ်နိုင်ခြေရှိတဲ့အတွက် ဒီလိုလူတွေမှာ အဓိကလိုအပ်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်အလုံအလောက် မရတဲ့သူတွေ၊ တစ်နေကုန်အိမ်ထဲမှာပဲ အဲကွန်းခန်းထဲနေတဲ့ သူတွေကလည်း ဗီတာမင်ဒီသရီးကို ဖြည့်စွက်အားဆေးအနေနဲ့ မှီဝဲသင့်ပါတယ်။ အထူးသဖြင့် အအေးပိုင်းဒေသနဲ့ နေရောင်ခြည်မရတဲ့ဒေသတွေ မှာပိုလိုပါတယ်။
ကုသမှုအနေနဲ့ သွေးထဲမှာ ကယ်လ်ဆီယမ်၊ ဖော့စ်ဖိတ်တွေ နည်းနေတဲ့သူတွေ၊ အူသိမ်ပိုင်းကနေ ဗီတာမင်ဒီစုပ်ယူမှုနည်းတဲ့ရောဂါရှိသူတွေမှာ ဗီတာမင်ဒီကို ဖြည့်စွက်အားဆေးအနေနဲ့ ပေးရပါတယ်။

ဗီတာမင်ဒီကို ဖြည့်စွက်အားဆေးအနေနဲ့ ပြင်ပကနေ ပေးမယ်ဆိုရင် အကျိုးရှိကို ရှိတယ်ဆိုတဲ့ အခြေအနေရှိတယ်။ ဘယ်လိုအခြေအနေလဲဆိုရင် သွေးဖောက်ကြည့်လိုက်လို့ သွေးထဲမှာ ဗီတာမင်ဒီ နည်းနေတဲ့သူ၊ အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေတဲ့ သက်ကြီးရွယ်အို၊ အရိုးပျော့ရောဂါ (Osteomalasia) ရှိတဲ့ အသက်ကြီးသူတွေ၊ အရိုးပျော့ရောဂါ(Ricket) ရှိတဲ့ ကလေးတွေ၊ ကျောက်ကပ်ရောဂါကြောင့် ကယ်လ်ဆီယမ်နည်းပါးပြီး ဗီတာမင်ဒီမထုတ်နိုင်တဲ့ သူတွေမှာ မလွဲမသွေ အကျိုးရှိတယ်၊ ဗီတာမင်ဒီ ပေးကို ပေးသင့်ပါတယ်။
ဗီတာမင်ဒီပေးရင် အကျိုးရှိဖို့များတယ်ဆိုတဲ့ အခြေအနေကတော့ အသက်ကြီးသူတွေမှာ အရိုးပါးအရိုးပွရောဂါကာကွယ်နိုင်ဖို့ ဗီတာမင်ဒီသရီးပေးရတဲ့ အခြေအနေမျိုး၊ မကြာခဏ လဲတတ်တဲ့လူ ကြီးတွေမှာ ဗီတာမင်ဒီသရီးပေးထားရင် လဲတာလျော့ကျစေဖို့ ကာကွယ်တဲ့အနေနဲ့ ပေးတာမျိုး၊ နောက်တစ်ခုကတော့ ပရက်နီစလုံးကုသမှုပေးနေတဲ့အခြေအနေမှာ ဗီတာမင်ဒီ နည်းနေတတ်တဲ့အ တွက်ပေးတာမျိုးဖြစ်ပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါလိုမျိုးမှာ ဗီတာမင်ဒီပေးရင် အကျိုးရှိနိုင်ပါတယ်။ သွားပိုးစားတာ၊ သွားယိုင်နဲ့တာ၊ သွေးလေးဖက်နာရောဂါတွေနဲ့ တချို့ကင်ဆာ ရောဂါတွေမှာ ဗီတာမင်ဒီပေးရင် အကျိုးရှိနိုင်ပါတယ်။ လေ့လာမှုတစ်ခုကဆိုရင် ကိုယ်အလေးချိန် လျှော့ချချင်သူတွေကလည်း ဗီတာမင်ဒီက အကျိုးရှိနိုင်တယ်လို့ ဆိုပါတယ်။
ဗီတာမင်ဒီက ရင်သားကင်ဆာကို ကာကွယ်နိုင်တယ်ဆိုတာက မဟုတ်ဘူးလို့ လေ့လာမှုတွေက ဆိုထားပါတယ်။ ဗီတာမင်ဒီသုံးစွဲရင် အားကစားသမားတွေမှာ ကြွက်သားသန်စွမ်းတယ်ဆိုတာလည်း မဟုတ်ပါဘူး။ တီဘီရောဂါရှိသူတွေမှာ မပေးသင့်ပါဘူး။ ကျောက်ကပ်အစားထိုးထားတဲ့ သူတွေမှာ ဗီတာမင် ဒီကို လိုအပ်မှပေးသင့်ပါတယ်။
ပြောရရင် နေရောင်ခြည်ထဲ သွားလာလှုပ်ရှားနေတဲ့ လူငယ်လူလတ်ပိုင်းတွေအနေနဲ့ ဗီတာမင်ဒီသရီးကို ဖြည့်စွက်အားဆေးအနေနဲ့ မှီဝဲဖို့ မလိုအပ်ပါဘူးလို့ အကြမ်းဖျင်းပြောချင်ပါတယ်။ အသက် ၄-၅နှစ်ကနေ ဆယ်ကျော်သက်အရွယ်အထိ အရိုးကြီးထွားနေသူတွေမှာတော့ ဗီတာမင်ဒီသရီးကို ဖြည့်စွက်အားဆေးအနေနဲ့ တစ်နေ့ကို ၄၀ဝ-၁၀ဝ၀ ယူနစ်လောက် လိုအပ်နိုင်ပါတယ်။ အသက် ၅၀နဲ့အထက်မှာလည်း ဗီတာမင်ဒီလျော့ကျသွားနိုင်တဲ့အတွက် သူတို့လည်း တစ်နေ့ ၄၀ဝ-၁၀ဝ၀ ယူနစ်ခန့်သောက်သုံးသင့်ပါတယ်။
ဗီတာမင်ဒီကို တစ်နေ့ ၄၀ဝ၀ ယူနစ်ထက် ကျော်ပြီး လနဲ့ချီသောက်သုံးတဲ့သူတွေမှာဆိုရင် ခန္ဓာကိုယ်ထဲမှာ ဗီတာမင်ဒီလွန်ကဲတဲ့ နောက်ဆက်တွဲ ပြဿနာကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် ကယ်လ်ဆီယမ် များလာတဲ့အတွက် သွေးကြောနံရံတွေမှာ သွားကပ်ပြီး သွေးကြောကျဉ်းတာ၊ သွေးကြောမာတာတွေ ဖြစ်လာနိုင်ပါတယ်၊ ခေါင်းမူးမယ်၊ ပျို့မယ်၊ အန်မယ်။ ကျောက်ကပ်ထိခိုက်မယ်။ ဒါကြောင့်မသောက်သုံးခင်မှာ ဆရာဝန်နဲ့တိုင်ပင်ပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဗီတာမင်ဒီသရီး၊ ကယ်လ်ဆီယမ်၊ ဖော့စ်ဖိတ်ပမာဏတွေကို စစ်ဆေးပြီးမှ သောက်သုံးမယ်ဆိုရင် ပိုပြီး အကျိုးရှိတာ တွေ့ရပါတယ်။

မေး ။ ဗီတာမင်ဒီသရီးကို နေ့စဉ်ပမာဏများများ မှီဝဲရင် တုပ်ကွေးကာကွယ်တယ်လို့လည်း ဆိုပါတယ်။ မှန်ပါသလား ဆရာ။
ဖြေ ။ ဗီတာမင်ဒီသရီးမှီဝဲရင် တုပ်ကွေးကို အနည်းအကျဉ်းကာကွယ်နိုင်တယ်ဆိုတဲ့ တွေ့ရှိချက်လေးတွေရှိပါတယ်။ တစ်နေ့ ၁၀ဝ၀-၁၂၀ဝ ယူနစ်လောက်သောက်ရင် မသောက်တဲ့သူနဲ့ယှဉ်တဲ့အခါ တုပ်ကွေးကို အနည်းငယ်ကာကွယ်နိုင်တယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။ တိကျတဲ့သုတေသန မဟုတ်ပါဘူး။

မေး ။ ဗီတာမင် K2 ကိုလည်း အလွန်အမင်းမှီဝဲနေကြတာတွေ့ရပါတယ်။ ဒါကကော ပမာဏများများ မှီဝဲရင် ဘယ်လိုသက်ရောက်မှု ဖြစ်နိုင်ပါသလဲ ဆရာ။
ဖြေ ။ ဗီတာမင် K မှာ ဗီတာမင် K1 နဲ့ K2 ဆိုပြီး နှစ်မျိုးရှိပါတယ်။ K1 ကတော့ အသည်းက ထုတ်ပြီး သွေး ခဲစေတတ်တဲ့ လုပ်ငန်းစဉ်မှာ ပါဝင်တယ်။ K2 ကျတော့ ကယ်လ်ဆီယမ်ရဲ့ လုပ်ငန်းဆောင်တာမှာ ပါဝင်ပြီး ကယ်လ်ဆီယမ်ကို လိုအပ်တဲ့နေရာမှာ ရှိနေအောင်လုပ်ပေးပါတယ်။ ဒါကြောင့် ဗီတာမင်ဒီနဲ့တွဲပြီး သောက်သင့်တာပါ။ ဗီတာမင်ဒီမသောက်ဘဲ K2 ကိုပဲသောက်တာက ဘာမှအဓိပ္ပာယ်မရှိပါဘူး။ ဗီတာမင်ဒီသောက်လို့ ကယ်လ်ဆီယမ်များလာတဲ့ အခြေအနေမှာ K2 က အရိုးထဲထည့်ပေးတာ၊ သွေးကြောပေါ် ပုံမနေအောင် လုပ်ပေးတာတို့ ဆောင်ရွက်ပေးပါတယ်။ ဗီတာမင်ကေများများသောက်ရင် သူကလည်း အဆီပျော်ဗီတာမင်ဖြစ်တဲ့အတွက် များလွန်းရင် နောက်ဆက်တွဲအနေနဲ့ သွေးခဲတဲ့ လုပ်ငန်းစဉ်မှာ ထိခိုက်မှုရှိတတ်ပါတယ်။
ဗီတာမင် K2 အနေနဲ့ ချို့တဲ့မှုဖြစ်တာ မရှိသလောက်ပါပဲ။ ဘာလို့လဲဆိုတော့ အစားအသောက် အတော်များများမှာ ပါဝင်လို့ပါ။ အသည်း၊ အသား၊ အသီးအရွက်၊ အသီးအနှံတွေထဲမှာ ပါဝင်တဲ့အတွက် သာမန်လူတစ်ယောက်က ဗီတာမင် K ချို့တဲ့တယ်ဆိုတာ ဖြစ်ဖို့အလွန်ရှားပါတယ်။

မေး ။ ဒါနဲ့ ပတ်သက်ပြီး ဘာဖြည့်စွက်ပြောလိုပါသလဲ ဆရာ။
ဖြေ ။ ဗီတာမင်တွေနဲ့ပတ်သက်ပြီးပြောရရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်၊ မျှတတဲ့အစား အသောက်ကိုစားသောက်ပြီး နေရောင်ခြည်အောက်မှာ သွားလာလှုပ်ရှားနေတဲ့သူတွေအတွက် ဘာဗီတာမင်မှ မလိုအပ်ပါဘူး။ ဗီတာမင်ဆိုတာ ချို့တဲ့တော့မှ ဖြည့်စွက်အားဆေးအနေနဲ့ မှီဝဲရတာ ဖြစ်ပါတယ်။ ချို့တဲ့တယ်ဆိုရင် အပြင်ကနေ အားဆေးအနေနဲ့ ဖြည့်စွက်မှီဝဲရမှာ ဖြစ်ပေမယ့် ပုံမှန်အတိုင်း ရှိနေတဲ့ သူတွေအနေနဲ့ အပြင်ကနေ ဖြည့်စွက်ရင် အကျိုးမရှိပါဘူး။ ပိုသွားတာပဲ ရှိမယ်။ နည်းနည်းပိုရင် ဘာမှမဖြစ်ပေမယ့် ခန္ဓာကိုယ်ထဲမှာ များများပိုသွားရင်တော့ ဆီပျော်ဗီတာမင်တွေ ဖြစ်တဲ့အတွက် အန္တရာယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆီပျော်ဗီတာမင်တွေထဲမှာမှ ဗီတာမင်အေ နဲ့ အီး က ပိုရင် အန္တရာယ်ပေးနိုင်တာများပြီး ဗီတာမင်ဒီနဲ့ ကေကအန္တရာယ်ပေးနိုင်တာပိုနည်းပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့အစားအသောက်စားတယ်၊ နေရောင်ခြည်အောက်မှာ သွားလာလှုပ်ရှားနေတယ်ဆိုရင် ဒီလိုကျန်းမာတဲ့ လူတစ်ယောက်က အသက် ၅၀အရွယ်လောက်အထိ အကြမ်းအားဖြင့် ဘာဗီတာမင်မှ မှီဝဲစရာမလိုအပ်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top