Healthy Life Ad
Local

ငါးနှစ်အောက်မြန်မာကလေး ၁၉ ရာခိုင်နှုန်းခန့် ကိုယ်အလေးချိန်နည်းနေပြီး ၂၉ ရာခိုင်နှုန်းခန့် လုံလောက်သော အရပ်မရှိကြောင်း သိရ

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

၂၀၁၅-၁၆ (Myanmar Demographic and Health Survey)အရ ငါးနှစ်အောက်မြန်မာကလေး ၁၉ရာခိုင်နှုန်းခန့် ကိုယ်အလေးချိန်နည်းနေ ပြီး ၂၉ ရာခိုင်နှုန်းခန့် လုံလောက်သော အရပ်မရှိသည်ကိုတွေ့ရကြောင်း ၂၉-၈-၂၀၁၈ ရက်နေ့က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်ပန်းချီပြခန်းတွင်ပြုလုပ်သော မိခင်နို့အောင်မြင်စွာ တိုက်ကျွေးရေးအခမ်းအနားတွင် ကလေးအထူးကုဆရာဝန် ကြီး ပါမောက္ခဦးစောဝင်းက ပြောကြားခဲ့သည်။

” မြန်မာမိခင်တွေအနေနဲ့ မိခင်နို့တိုက်ကျွေး ရေးနဲ့ ပတ်သက်လို့ သတင်းအချက်အလက်မှန်တွေ ရရှိဖို့လိုပါတယ်။ မိခင်နို့က မကောင်းဘူး၊ မပြည့်စုံဘူး၊ လုံလောက်အောင်မထွက်ဘူး၊ မိခင်က အစားရှောင်ရမယ် စတဲ့ အတွေးအခေါ် အယူအဆတွေလည်း အခုထိရှိနေတုန်းပါပဲ။ တကယ်တော့ မိခင်နို့ရည်ဟာ ကလေးငယ်အတွက် ပြည့်စုံလုံလောက်တဲ့ အကောင်းဆုံးအာဟာရဆိုတာ အခုအခါမှာ အငြင်းပွားစရာမရှိအောင် သက်သေပြပြီးတဲ့ အချက်ပါ။

ဒါပေမဲ့ မိခင်နို့နဲ့ပတ်သက်တဲ့ အယူအဆမှားတွေကြောင့် မြန်မာနိုင်ငံမှာ မိခင်နို့တိုက် ကျွေးရေးမအောင်မြင်တာကို တွေ့နေရပါသေးတယ်။ မြန်မာနိုင်ငံမှာလုပ်ထားတဲ့ သုတေသနတွေ အရ အစပိုင်းမှာ မိခင်နို့ တိုက်ကျွေးကြပေမယ့် ကလေး ၆လ မတိုင်ခင်မှာ တ ခြားဖြည့်စွက်စာတွေ ကျွေးတာ၊ ၂နှစ်အထိ မိခင်နို့ ဆက်မတိုက်ဖြစ် တာတွေ အများအပြားတွေ့နေရပါတယ်။ နောက် ဆက်တွဲပြဿနာတွေအဖြစ် ဝမ်းပျက် ဝမ်းလျှော မကြာခဏဖြစ်တာ၊ အာဟာရချို့တဲ့တာ၊ ရင်ကျပ် တာတွေကို နေ့စဉ်နဲ့အမျှ တွေ့ကြုံနေရပါတယ်” ဟု ပါမောက္ခဦးစောဝင်းက ပြောသည်။

မွေးကင်းစကလေးငယ်ကိုမွေးပြီး တစ်နာရီအတွင်း မိခင်နို့စို့စေရမည်ဖြစ်ပြီး မိခင်နို့ထွက်ရန် တစ်ခုတည်းသော လိုအပ်ချက်မှာ ကလေးနို့စို့ရန် ဖြစ်ကြောင်း၊ နို့ဦးရည်တွင် ကလေးငယ်အတွက် လုံလောက်သော အာဟာရအပြင် ရောဂါကာကွယ် စေသောဓာတ်များ ပါဝင်သည့်အတွက် သာမန် နို့ရည်ထက် ပိုကောင်းကြောင်း သိရသည်။

“နို့မထွက်သေးလို့ ကလေးမဝမှာစိုးရိမ်ပြီး နို့မှုန့်ဖျော်တိုက်လိုက်ရင် ကလေးက ဗိုက်ဝသွားတော့ မစို့တော့တဲ့အခါ မိခင်နို့က မထွက်တော့ပါ ဘူး။ တစ်ခါတရံ နို့ဘူးစို့ပြီးတဲ့အခါကျမှ မိခင်နို့တိုက်ရင် ကလေးက မစို့တော့တာရှိပါတယ်။ ဒါကြောင့် မိခင်နို့တိုက်ကျွေးမှုမအောင်မြင်တာကို အများအပြားတွေ့နေပါတယ်။ ကလေးနို့စို့တာနဲ့အမျှ နို့ထွက်များလာမှာပါ”ဟု ပါမောက္ခဦးစောဝင်းက ဆိုသည်။

နို့တိုက်မိခင် အစားရှောင်ရန်မလိုဘဲ စုံလင်ပြည့်ဝသော အသား၊ ငါး၊ ဥ၊ နို့၊ အသီးအရွက်၊ ထမင်း၊ အာလူးစသဖြင့် အာဟာရအစုံအလင်စားပြီး ဗီတာမင်နှင့် သတ္တုဓာတ်ပါသော ဆေးလည်း မှန်မှန်သောက်သုံးရန် လိုအပ်ကြောင်း သိရသည်။

_ _ _

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top