Healthy Life Ad
Life Style

သင် စိတ်ဓာတ်ကျနေချိန် ရှောင်သင့်သည့် အရာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လူအများစုဟာ ဘဝမှာတစ်ချိန်မဟုတ် တစ် ချိန်ဆိုသလို စိတ်ဓာတ်ကျတတ်ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ အတွေ့ရများဆုံး လက္ခဏာတွေက အကူအညီမဲ့တာ၊ မျှော်လင့်ချက်မဲ့တာနဲ့ အားအင်မရှိ နုံးခွေတာတို့ ဖြစ်ကြပါတယ်။ အဲဒီလို စိတ်ဓာတ်ကျနေချိန်မှာ စိတ်ဓာတ်ပိုကျသထက် ပိုကျအောင် လုပ်ဆောင်ပေးနိုင်တဲ့ အချက်တွေကို ရှောင်ရှားသင့်ပါတယ်။

(၁) အိပ်ရေးပျက်ခြင်း
အိပ်ရေးပျက်တာနဲ့ စိတ်ဓာတ်ကျတာက ဆက်စပ်နေပါတယ်။ အိပ်ချိန်များလွန်းတာရော အိပ်ချိန်နည်းလွန်းတာပါ စိတ်ဓာတ်ကျဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ အိပ်မပျော်တဲ့သူတွေက အိပ်ရေးဝသူတွေနဲ့ ယှဉ်ရင် စိတ်ဓာတ်ကျနိုင်ခြေ ပိုများပါတယ်။

(၂) စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုရှိတာက သဘာဝအားဖြင့်ဆိုရင် လူကို နိုးကြားတက်ကြွမှုဖြစ်စေပြီး အန္တရာယ်ကို တုံ့ပြန်နိုင်စွမ်းရှိစေပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျ နေချိန် စိတ်ဖိစီးမှုဖြစ်ရင် ကော်တီစောဟော်မုန်း အထွက်တိုးပြီး ဆီရိုတိုနင်ဟော်မုန်းလျော့ကျစေပါတယ်။ အဲဒီအခါ အစာစားချင် စိတ်၊ စွမ်းအင်နဲ့ အိပ်စက်မှုစတဲ့ ဖြစ်စဉ်တွေမှာ ပြဿနာဖြစ်လာ တတ်ပါတယ်။

(၃) အစားအသောက်
တချို့အစားအသောက်တွေက စိတ်ကျဝေဒနာကိုပိုဆိုးစေပါတယ်။ ကဖင်းဓာတ်၊ အယ်လ်ကိုဟောနဲ့ သကြားများများပါတဲ့ အစားအသောက်တွေကို စားတာကြောင့် စိတ်ဓာတ်ကျဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

(၄) အတိတ်က ဒဏ်ရာများ
စိတ်ဓာတ်ကျနေချိန်မှာ လူတွေဟာ အတိတ်က နာကြည်းစရာဖြစ်ရပ်တွေနဲ့ ခံစားချက်တွေကို မှတ်မိလွယ်တတ်သလို ပိုမိုနာကျင်မှု ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေချိန်မှာ စိတ်နာဖို့ကောင်းတဲ့ အမှတ်တရဖြစ်ရပ် တွေကို ပြန်မတွေးတောဖို့လိုပါတယ်။

(၅) အဆိုးမြင်သူများ
စိတ်ဓာတ်ကျနေချိန်မှာ အဆိုးမြင်တတ်တဲ့ သူတွေကို ဝေးဝေးကရှောင်သင့်ပါတယ်။ သင် စိတ်ဓာတ်ကျနေချိန် အကောင်းမြင်စိတ်နဲ့ အား ပေးတတ်တဲ့ သူတွေ ရှိနေတာ အကောင်းဆုံးပါ။

(၆) ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်
လူမှုကွန်ယက်ထဲကသင့်မိတ်ဆွေတွေ ပျော်ရွှင်နေတဲ့ပုံ၊ လျှောက်လည်နေတဲ့ အကြောင်းတွေကို တွေ့ရလေလေ၊ စိတ်ဓာတ်ကျနေချိန်မှာ ပို အားငယ်ဝမ်းနည်းလေလေ ဖြစ်ရတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top