Healthy Life Ad
Men

အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးအကြောင်း လူအများသိလိုသည့် မေးခွန်းများ (၃)

ဒေါက်တာဒေါ်ခင်ပြုံးကြည် (ဥက္ကဌ၊ အသည်းဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း

ယခင်တစ်ပတ်မှအဆက်

မေး ။ ဘီပိုးကော စီပိုးပါတွဲဖြစ်ရင် ဘယ်အရာကို အရင်ကုသမှုခံယူသင့်ပါသလဲ။
ဖြေ ။ ဘီပိုးနဲ့ စီပိုးတွဲဖြစ်ရင် ပိုးကောင်ရေကိုလည်း ကြည့်ရပါတယ်။ ယေဘုယျအားဖြင့် စီပိုးကတော့ သုံးလဆေးသောက်ရုံနဲ့ ပျောက်တဲ့အတွက် စီပိုးကိုတော့ အရင်ကုသင့်ပါတယ်။ ဘီပိုးကိုလည်း တည်ငြိမ်နေအောင် ကုထားသင့်ပါတယ်။ တစ်ခါတလေ စီပိုးနဲ့ဘီပိုးတွဲဖြစ်နေရင် စီပိုးကုနေချိန်မှာ ဘီပိုးကသိပ်ပြီး ဆိုးရွားသွားတတ်တယ်။ ဒါကြောင့် ဘီပိုးကိုလည်း ပစ်ထားလို့တော့ မရပါဘူး။ ဘီပိုးနဲ့ စီပိုးကို တစ်ပြိုင်နက်တည်းလည်း ကုလို့ရပါတယ်။ တချို့တွေဆို ဘီပိုးကုနေရင်း စီပိုးရှိလာတဲ့အတွက် စီပိုးကိုပါ တွဲကုတာမျိုး ရှိပါတယ်။

မေး ။ ဘီပိုးနဲ့ HIV ပိုးတွဲဖြစ်ရင်ကော ဘယ်အရာကို အရင်ကုသမှု ခံယူရပါမလဲ။
ဖြေ ။ ဘီပိုးနဲ့ HIV တွဲဖြစ်နေရင် အဆိုးထဲက အကောင်းတစ်ခုရှိပါတယ်။ အဲဒါကတော့ HIV ကုတဲ့ ဆေး ARTထဲမှာပါတဲ့ ဆေးတစ်မျိုး Tenofovir က ဘီပိုးကုတဲ့ဆေးဖြစ်နေတာပါပဲ။ART က အခု မြန်မာနိုင်ငံမှာ အခမဲ့ပေးနေတဲ့ဆေးဖြစ်တော့ဘီပိုးအတွက်ပါ ကုပြီးသားဖြစ်သွားပါတယ်။

မေး ။ စီပိုးနဲ့ HIV ပိုးတွဲဖြစ်ရင်ကော ဘယ်အရာကို အရင်ကုသမှု ခံယူရပါမလဲ။
ဖြေ ။ စီပိုးနဲ့ HIV ပိုးတွဲဖြစ်ရင် HIV ကို တည်ငြိမ်အောင်အရင်ကုပေးပါတယ်။ CD4 count ကောင်းသွားအောင် ကုပေးပါတယ်။ ပြီးတာနဲ့ စီပိုးကို ကုရပါတယ်။ မကုရင် HIV ကုလို့ တည်ငြိမ်နေပေမယ့် စီပိုးကြောင့် အသည်းကထိခိုက်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် HIV နဲ့ စီပိုး တွဲဖြစ်ရင် HIV တည်ငြိမ်အောင် ကုပြီးတာနဲ့ စီပိုးကို တွဲကုရပါတယ်။

မေး ။ အခုအခါမှာ ဘီပိုး၊ စီပိုးရှိရင် ဆေးမြီးတိုတွေသောက်ဖို့အကြံပေးကြပါတယ်။ တကယ် ပျောက်ကင်းနိုင်ပါသလား။
ဖြေ ။ ဘီပိုး၊ စီပိုးအတွက် ဆေးမြီးတိုတွေသောက်ရင် မပျောက်ပါဘူး။ ဒါကြောင့် ဆေးမြီးတိုတွေကို မသုံးဖို့အမြဲအကြံပြုရပါတယ်။ တစ်ခါတလေဆေးမြီးတိုတွေက အသည်းနဲ့ မတည့်တာတွေ ရှိတတ်တယ်။ အဲဒါဆိုရင် ဆေးမြီးတိုသောက်လိုက်တာနဲ့ အသည်းအတွက် ပိုပြီး ဆိုးရွားတတ်ပါတယ်။ ဒါကြောင့် လုံးဝမသောက်သင့်ပါဘူး။ သုတေသန အခိုင်အမာရှိပြီးသား ကုသမှုတွေကိုသာ ခံယူသင့်ပါတယ်။
ဘီပိုးနဲ့စီပိုးတွဲဖြစ်တာ၊ ဘီပိုးနဲ့ HIV တွဲဖြစ်တာ၊ စီပိုးနဲ့ HIV တွဲဖြစ်တာ။ ဒီလိုအခြေအနေတွေမှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့အရေးကြီးပါတယ်။

(ဘီပိုး၊ စီပိုး မေးခွန်းနှင့် အဖြေများကို ဆက်လက် ဖော်ပြပေးပါမည်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top