Healthy Life Ad
Life Style

ကလေးဘဝက အုပ်ထိန်းသူ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ငယ်ငယ်တုန်းက ရပ်ဝေးက ဧည့်သည်တွေလာပြီဆိုရင် ပုဂံညောင်ဦး၊ ပုပ္ပားကို ဘုရားဖူးပို့ပေးရတတ်တယ်။ တစ်ခါသား အိမ်မှာ ဘယ်သူမှ မအားတော့ အမေတို့က (အိမ်မှာ ကားမရှိတော့) ကားငှားပေးလိုက်ပြီး ဧည့်သည်ကို လိုက်ပို့ပါလို့ အစ်ကိုနဲ့ကျွန်မကိုတာဝန်ပေးလိုက်ပါလေရော . .

ကားမောင်းတဲ့သူကဦးလေးအရွယ်၊ ဘေးမှာ ပါလာတဲ့သူက ကိုယ်နဲ့ အသက်သိပ်မကွာတဲ့ ကောင်လေးတစ်ယောက် . . ကောင်လေးက ကားမောင်းသင်ခါစဆိုတော့ တစ်လမ်းလုံး သူ့ဦးလေး က ဘေးမှာထိုင်ပြီး သင်ပြပေးနေခဲ့တယ်။ လမ်းတစ်လျှောက်လုံး “ရှေ့ကားကို ကျော်တက်လိုက် ငါ့တူ၊ ငါတို့ကားကမော်ဒယ်ပိုမြင့်တယ်” ၊ “ရှေ့ကားက အံမယ် . . . ပေကပ်ကပ် လုပ်နေသေးတယ်၊ Old Modelကများ” အဲဒီလို ပြောလာတယ်။

သူ့တူကလည်း ရှေ့က ကားကို ကျော်တက်ချင်ရင် “ရှေ့ကကားက သားတို့ထက်သာလား” လို့ချည်းမေးတာ။ သူကလည်း “ကားချင်း တူပေမယ့် ငါတို့ကားက ၉/က ကွ၊ ကျော်တက်လို့ရတယ်”၊”ရှေ့ကားက မင်းကို ဘေးချပေးရမယ့် အမျိုးအစားကွ” စသဖြင့် ဖြေတယ်။
ဘုရားဖူးပြီး ပြန်လာတော့ ကျွန်မစိတ်ထဲမှာ “အော် ကားဆိုတာ ကားချင်းအတူတူဆိုရင်တောင် အမျိုးအစား ပိုကောင်းတဲ့ ကားက ကျော်တက်ချင်တိုင်း ကျော်တက်လို့ရတာကိုး”လို့ ထင်သွားတယ်။
တကယ်ပါ . . တော်တော်ကြီးလို့အိမ်မှာကားတစ်စီးဝယ်နိုင်တဲ့ အခြေအနေရောက်မှ ဒီအတွေး ပျောက်သွားခဲ့တာ။
_ _ _

အခုတလော . . .
ကိုယ့်လမ်းကို မသွားဘဲ သူများသွားနေတဲ့ လမ်းကို အတင်းကျော်တက်ဖို့ ကြိုးစားသူတွေ၊ လမ်းပြောင်းပြန်ကလာပြီး မီးပွိုင့်စိမ်းမှ အလုအယက် ဖြတ်ဝင်သူတွေ၊ကားမောင်းရင်း အသလွတ်ဒေါသကြီးနေသူတွေ၊ ဘာမှမဟုတ်ဘဲ လိုက်ပြိုင်မောင်းနေသူတွေ၊ ထစ်ခနဲရှိ တုတ်ဆွဲ၊ ဓားဆွဲ ဆဲဆိုအော်ဟစ်ကြိမ်းမောင်းသူတွေ . .ကားတစ်စီးနဲ့ သရုပ်ပျက်နေသူတွေကို တွေ့ရဖန်များလာတဲ့အခါ . .
ဟို ဦးလေးလိုမျိုး . .
“သူတို့ ငယ်ငယ်တုန်းက လွဲမှားစွာ သင်ပြပေးခဲ့တဲ့ အုပ်ထိန်းသူများ ရှိခဲ့လေသလား”လို့ တစ်ခါတစ်ခါမှာ စိတ်မကောင်းခြင်းကြီးစွာ တွေးမိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top