Healthy Life Ad
Child

သင့်ကလေးငယ်၏ ကြောက်ရွံပူပန်စိတ်ကို ထိန်းချုပ်ပေးပါ

စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကလေးငယ်တွေဟာ စာစောင်တွေ၊ ဇာတ်လမ်းတွေကနေ တစ်ဆင့် အကြမ်းဖက်မှုတွေ၊ သေဆုံးမှုတွေနဲ့ သဘာဝ ဘေးအန္တရာယ်တွေ အကြောင်းကို ကြားသိမြင်တွေ့ကာ ကြောက်ရွံ့ ပူပန်စိတ်တွေ ဖြစ်နေနိုင်ပါတယ်။ ဒီလိုအခါတွေ မှာ ကလေးငယ်အနေနဲ့ ပူပင်သောက ပြေပျောက်ပြီး လုံခြုံမှုရှိနေစေဖို့ မိဘတွေနဲ့ အုပ်ထိန်းသူတွေမှာ တာဝန်ရှိပါတယ်။ ကလေးငယ်တွေရဲ့ ပူပန် ကြောက်ရွံ့စိတ်ကို သိရှိနားလည်အောင် သူတို့ ပြောတဲ့ စကားတွေကိုအရင်ဆုံးနားထောင် ကြည့်သင့်ပါတယ်။ ကလေးသူငယ်ရဲ့ စိတ်ကျန်းမာရေး ကောင်းမွန်ဖို့အတွက် မိဘတွေသိထားသင့်တဲ့ အချက်တွေရှိပါတယ်။

(1)- ကလေးများကို မေးခွန်းမေးခွင့်ပြုပါ

ကလေးတွေ ဘာပဲပြောပြော အချိန်ပေးနား ထောင်ပါ။ ကလေးတွေရဲ့ ကြောက်ရွံ့မှုအကြောင်းကို မေးမြန်းပြီး သက်သာရာရအောင် နှစ်သိမ့်ပေးပါ။ သင့်အနေနဲ့ကလေးတွေ မေးတဲ့ မေးခွန်းတိုင်းကို မဖြေနိုင်လည်း အရေးမကြီးပါဘူး။ ယုတ္တိမတန်တဲ့ အဖြေတွေတော့ မပေးသင့်ပါ။

(2)- သူတို့ကို ခြောက်လှန့်နေသောအရာများကိုရှာပါ

သူတို့မှာရှိနေနိုင်တဲ့ ကြောက်ရွံ့မှုအကြောင်း ကို ကလေးငယ်ကို သေချာမေးမြန်းပါ။ ကျောင်းမှာ သူတို့ကို အန္တရာယ်ပြုတဲ့သူ ရှိနေသလား၊ အိမ်မှာ သူ့စိတ်ကို နာကျင်အောင်လုပ်တဲ့ အရာရှိနေသလားဆိုတာကို သေချာရှာဖွေပါ။

(3)- အပြုသဘောနှင့် ချည်းကပ်ဖြေရှင်းပါ

သင့်ကလေးအနေနဲ့ လူအများစုက ကြင်နာတတ်ပြီး ဂရုစိုက်တယ်ဆိုတဲ့ အမြင်ရပါစေ။ ဒါမှသာ တစ်စုံတစ်ယောက်က အနိုင်ကျင့်လာတာမျိုး ကြုံရရင် ကလေးအနေနဲ့ သူ့အနီးနားကလူတွေကို အော်ဟစ် အကူအညီတောင်းလိုစိတ် ရှိလာမှာပါ။

(4)- ကလေးကို ဂရုစိုက်ပါ

ကလေးတွေ ကစားပုံနည်းလမ်းနဲ့ ဆွဲတဲ့ပုံတွေက သူတို့ရဲ့ စိတ်နေစိတ်ထားကို ဖော်ပြရာ ရောက်ပါတယ်။ ဒါကြောင့် ကလေးတွေ ကစားနေတာနဲ့ ဆွဲတဲ့ပုံတွေကို အလေးထားကြည့်ပေးပါ။ ဒါဟာ ကလေးနဲ့သင်တို့အကြား နားလည်မှု လွဲနေတာတွေကို ပြန်လည်တည့်မတ်ပေးနိုင်သလို ကလေးငယ်ရဲ့ မလုံခြုံမှုတွေကို ဖြေရှင်းနိုင်လာပါ လိမ့်မယ်။

(5)- အစီအစဉ်တစ်ခု ချမှတ်ပါ

အနာဂတ်အတွက် မိသားစုစည်းလုံးညီညွတ်ရေး အစီအစဉ်တစ်ခု ရေးဆွဲထားပါ။ ဆိုလိုတာက မိသားစုထဲမှာ ထင်မှတ်မထားတဲ့ အဖြစ်အပျက် ပေါ်လာရင် ဒါမှမဟုတ် ကလေးတွေနဲ့ ပတ်သက်ပြီး အကြောင်းကိစ္စ တစ်ခုခုပေါ်လာရင် တွေ့ဆုံနိုင်ဖို့ မိသားစုဆုံတွေ့ရာ နေရာတစ်ခုကို အိမ်မှာ ထားရှိပေးပါ။

(6)- ချစ်ခင်ကြောင်း ပြသပါ

ကလေးဟာ သူ့ကိုချစ်ခင်တဲ့သူတွေ ရှိနေတယ်ဆိုတာသိရင် သူ့အနေနဲ့လုံခြုံမှုရှိနေပြီး ကြောက်ရွံ့ထိတ်လန့်စိတ် လျော့ပါးနေတတ်ပါတယ်။ သင့်ကလေးရဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ဒဏ်ရာ ရရှိမှုက သင်ရဲ့ဖေးမနှစ်သိမ့်မှုနဲ့ ပြေလျော့သက်သာ မသွားဘူးဆိုရင် စိတ်ကျန်းမာရေးဆိုင်ရာ အကြံပေးသူ ဒါမှမဟုတ် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်တစ်ဦးနဲ့ တွေ့ဆုံဆွေးနွေးဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top