Healthy Life Ad
International

၀မ်းဗိုက်ကြွက်သားခြောက်မြောင်း(Six-pack) ရှိတဲ့အသက် ၇ နှစ်အရွယ် တရုတ်ကလေးငယ်

၊ ကိုမိုး ၊

တရုတ်နိုင်ငံအရှေ့ပိုင်းမှ ဝမ်းဗိုက်ကြွက်သား ခြောက်မြောင်း(Six-pack)ရှိတဲ့ အသက် ၇ နှစ် အရွယ် တရုတ်ကလေးငယ်ချန်းရီရဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာနာမည်ကြီးသွားခဲ့ပြီးတဲ့နောက် တရုတ်အင်တာနက် အသုံးပြုသူများအကြား ဆွေးနွေးငြင်းခုန်စရာဖြစ်သွားခဲ့ရပါတယ်။ တချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ လေ့ကျင့်ခန်းကောင်းကောင်းလုပ်တဲ့ ကလေးငယ်အပေါ် ချီးကျူးခဲ့ကြပေမယ့် တချို့ကတော့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ဖို့ ငယ်ရွယ်လွန်းသေးတယ်လို့ ဝေဖန်နေကြပါတယ်။ချန်းဟာ နှစ်နှစ်ကြာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ခဲ့ပြီးနောက် ပထမအကြိမ်အဖြစ် မြို့နယ်အဆင့် ကျွမ်းဘားအားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၆ခုနဲ့ ငွေတံဆိပ်၁ဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ချန်းရဲ့အမေက သူ့သားရဲ့ ပထမဆုံးအောင်မြင်မှုအတွက် ဂုဏ်ယူနေပြီး အနာဂတ်မှာ ရွှေတံဆိပ်ဆုတွေ အများကြီးဆွှတ်ခူးကာ အဖေနဲ့ အမေအတွက် ကားတွေ၊ တိုက်တွေဝယ်ပေးချင်တယ်လို့ အမြဲပြောကြောင်း ရှင်းပြခဲ့ပါတယ်။မွေးကင်းစကတည်းက အားကစားပါရမီပါလာတဲ့ချန်းဟာ အသက် ၁၁ လသားမှာ လမ်းစလျှောက်ပြီး အသက်နှစ်နှစ်သားမှာ လက်တစ်ဖက်တည်းနဲ့ ဘားတန်းဆွဲနိုင်ကြောင်း သိရပါတယ်။ အသက် ၅ နှစ်အရွယ်မှာ ကျွမ်းဘားသင်တန်းတက်ရောက်ခဲ့ပြီး နည်းပြရဲ့ လက်ရွေးစင်အဖြစ် ရွေးချယ်ခံရကာ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်ပြုလုပ်ရတယ်လို့ ဆိုပါတယ်။

အသက်ငယ်ရွယ်စဉ်မှာ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာကြောင့် အာဟာရချို့တဲ့ကာ အရပ်ပုသွားတတ်တာကြောင့် တချို့ကလည်း စိုးရိမ်နေကြပါတယ်။ ချန်းရဲ့မိခင်ကတော့ ကလေးအတွက် အစားအသောက် ထူးထူးခြားခြားပြင်ဆင်မပေးကြောင်းနဲ့ အစာအများကြီးမစားဘဲ ပုံမှန်အားဖြင့် ဖက်ထုပ် ၁၃ ခုပမာဏလောက်သာစားတတ်ကြောင်း ချန်းရဲ့ စားသောက်ပုံကို ပြောပြခဲ့ပါတယ်။

(Ref;SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top