Healthy Life Ad
International

ကင်ဆာအကျိတ်ကြောင့် မျက်နှာတစ်ခြမ်းဆုံးရှုံးသွားသည့် အမျိုးသား မျက်နှာအစားထိုးမှုခံယူ

၊ ကိုမိုး ၊

အမေရိကန်ပြည်ထောင်စုမှ အသက် ၃၈ နှစ်အရွယ် တင်မ်မက်ဂရက်ဆိုတဲ့အမျိုးသားဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက Sinovial Sarcoma အမည်ရ ရှားပါးတဲ့ တစ်သျှူးကင်ဆာအမျိုးအစားခံစားနေရကြောင်း သိရှိခဲ့ပါတယ်။ စစ်ဆေးချက်အရ ကြက်ဥအရွယ် အကျိတ်တစ်ခုတွေ့ခဲ့ရပေမယ့် တင်မ်က ခွဲစိတ်ဖယ်ရှားမှုကိုငြင်းပယ်ကာ ၁၈လကြာ မခွဲစိတ်ရတဲ့နည်းလမ်းတွေနဲ့ကုသနေခဲ့ပါတယ်။ ကင်ဆာဆေးသွင်းကုသမှုအပါအဝင် တခြားနည်းလမ်းတွေနဲ့ မပျောက်ကင်းခဲ့ဘဲ ကင်ဆာအကျိတ်ဟာ ကြီးမြဲကြီးလာနေခဲ့ပါတယ်။ ၂၀၁၅ မေလကုန်မှာ အကျိတ်က နှစ်ဆအရွယ်ဖြစ်လာကာ မျက်နှာအစိတ် အပိုင်းတွေဆီရောက်ရှိလာတာကြောင့် အသက်ရှူ ဖို့လေပြွန်ဖောက်ခဲ့ရကာ အစာပိုက်သွင်းအစာစားခဲ့ရပါတယ်။

ဓာတ်ကင်ကုသမှုတွေပြုလုပ်ပြီးတဲ့နောက် ကင်ဆာအကျိတ်ဟာ ခြောက်သွေ့ပြီး ကျုံ့သွားခဲ့ပါ တယ်။ နောက်ဆုံးမှာ တင်မ်ဟာ ဆေးရုံ ၇ပတ်နီးပါး ကြာတက်ရောက်ခဲ့ကာ ကင်ဆာအကျိတ်အကြွင်းအကျန်ဖယ်ရှားဖို့နဲ့ မျက်နှာပြန်လည်တည်ဆောက်ဖို့ နာရီ ၃၀ ကြာ ခွဲစိတ်မှုကိုခံယူခဲ့ရပါတယ်။ ကင်ဆာအကျိတ်ကိုဖယ်ရှားနိုင်ခဲ့ပေမယ့် တင်မ်ရဲ့မျက်နှာတစ်ခြမ်းကို ပြန်လည်မပြင်ဆင်နိုင်တာကြောင့် တစ်နှစ်ကျော်ကြာ မျက်နှာတစ်ခြမ်းမရှိဘဲနေထိုင်နေခဲ့ရပါတယ်။ သူငယ်ချင်းတစ်ယောက်ကတစ်ဆင့် ထိပ်တန်းဆရာဝန်ဒေါက်တာ ကွန်ကရစ်ချိုင်ယာဆာတေနဲ့ ဆက်သွယ်မိပြီး ခြေထောက်နဲ့လက်ဖျံအရေပြားတွေအသုံးပြုကာ မျက်နှာပြန်လည်တည်ဆောက်ခဲ့ပါတယ်။ မျက်နှာပြန်လည်တည်ဆောက်တဲ့ခွဲစိတ်မှုကို ၂၀၁၈ ခုနှစ်အထိ ဆက်လက်လုပ်ဆောင်ရမယ်လို့ သိရပါတယ်။ ရှည်လျားတဲ့ ကင်ဆာရောဂါရင်ဆိုင်တဲ့ ခရီးကြမ်းဟာ အတော်ထိတ်လန့်စရာကောင်းရုံသာမက အရှုံးမပေးဖို့ အတော်ကြံ့ကြံ့ခံခဲ့ရကြောင်း တင်မ်ကပြောပြခဲ့ပါတယ်။ သူ့အဖြစ်ကို ဥပမာပြုကာ လူတွေအနေနဲ့ သူတို့ရဲ့ကျန်းမာတဲ့ဘဝတွေကို တန်ဖိုးရှိရှိ အသုံးချပြီးနေထိုင်သင့်ကြောင်း တင်မ်က တိုက်တွန်းသွားခဲ့ပါတယ်။

(Ref;MR)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top