Healthy Life Ad
Life Style

အမှန်လေလား၊ အမှားလား ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများ (၁၁)

၊ ဒေါက်တာမြတ်ထွဋ်ညွန့် ၊

မြန်မာမှာသာမက ကမ္ဘာနှင့်အဝန်း ကျန်းမာရေးဆိုင်ရာ တလွဲယုံကြည်မှုတွေရှိကြသည်။ အမှန်တွေကို မှတ်သားထားသည်က ကိစ္စမရှိ။ မဟုတ်ကဟုတ်ကတွေကို လွဲမှားစွာယုံကြည်လက်ခံထားပါက ဘဝနှင့်ရင်းကာ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများနှင့်ပတ်သက်ပြီး အမှန်လေလား အမှားလားဟူသည်ကို စာဖတ်သူတို့ တွေးဆဆင်ခြင်နိုင်ရန် ဖော်ပြပေးပါမည်။

ယခုတစ်ပတ်တွင် ဝက်ခြံရောဂါဆိုင်ရာ ယုံကြည်မှုများကို ဖော်ပြဆွေးနွေးပေးပါမည်။

ယုံကြည်ချက် (၁) ‘လူကြီးဖြစ်ပြီးပါက ဝက်ခြံမဖြစ်နိုင်တော့ပါ’

ဝက်ခြံသည် ဆယ်ကျော်သက် မြီးကောင်ပေါက်အရွယ်များတွင် အဖြစ်များသော်လည်း သက်လတ်ပိုင်းဖြစ်သည့် သုံးဆယ်ကျော်၊ လေးဆယ်ကျော်နှင့် အသက်ငါးဆယ်ကျော်များတွင်လည်း ဖြစ်ပွားနိုင်ပါသည်။ သို့သော် ဆယ်ကျော်သက်တွင် အဖြူရောင်ထိပ်ဖုပုံစံများကို မျက်နှာ၊ နှာခေါင်း၊ ပါးပြင် စသည့်နေရာများတွင် ဝက်ခြံအဖြစ်မြင်တွေ့ရပြီး သက်ကြီးပိုင်းဝက်ခြံကိုမူ ပါးစပ်၊ မေးရိုးနေရာတစ်ဝိုက်တွင် အနီရောင်အဖုငယ်အသွင်ဖြင့် မြင်ရတတ်သည်။ သို့သော် အခြေခံအားဖြင့် ဝက်ခြံသာဖြစ်သည်။ ထို့ကြောင့် ဝက်ခြံသည် သက်ရွယ်မရွေး ဖြစ်နိုင်ခြေရှိသည်ဟုဆိုနိုင်ပါသည်။

ယုံကြည်ချက် (၂) ‘ဝက်ခြံပေါက်ခြင်းသည် အပရိကအရေးမကြီးသည့် ကိစ္စသာဖြစ်သည်’

အရေးကြီး/မကြီးဆိုသည့်အရေးမှာ မိမိကိုယ်မိမိ မည်မျှအလေးထားတတ်သည်နှင့်သာ ဆိုင်ပါသည်။ ဝက်ခြံသည် အများအားဖြင့် သေရေးရှင်ရေးသဖွယ် အရေးကြီးသည့်ကျန်းမာရေး ပြဿနာတစ်ရပ်မဟုတ်သော်လည်း ဂရုမစိုက်ပါက မျက်နှာတစ်ဝိုက် ပိုးဝင်ရောင်ရမ်းခြင်း၊ နောက်ပိုင်းတွင် အမာရွတ်ဖြစ်ကျန်ခဲ့ခြင်းစသည့် ဆိုးပြစ်များရှိပါသည်။ ထိုအချက်များကို အရေးမကြီးလှပါဟု လက်ခံနိုင်သူများရှိသကဲ့သို့ အလှအပကို မြတ်နိုးတန်ဖိုးထားတတ်သူတို့အတွက် အင်မတန်ဆိုးရွားကြီးမားသော ကိစ္စဖြစ်ပါသည်။

ယုံကြည်ချက်(၃) ‘ချောကလက်နှင့် ဆိုဒါရည်သောက်ခြင်းသည် ဝက်ခြံကိုဖြစ်ပေါ်စေသည်’

သုတေသနများအရ ချောကလက်၊ ဆိုဒါ၊ လက်ဖက်ရည်၊ ကော်ဖီစသည့် အစားအသောက်များနှင့် ဝက်ခြံဖြစ်ပေါ်မှုပတ်သက်မှုမရှိကြောင်းသိရသည်။ သို့သော်နို့နှင့် နို့ထွက်ပစ္စည်းများတွင်ပါသော ဟော်မုန်းဓာတ်နှင့် ဘက်တီးရီးယားပေါက်ဖွားနိုင်မှုကြောင့် ဝက်ခြံကို ပိုဖြစ်စေနိုင်ဖွယ်ရှိသည်။ သို့သော် နို့သည် ကယ်လ်စီယမ်ကြွယ်ဝသော အစားအစာဖြစ်သည့်အတွက် ဝက်ခြံမပေါက်ရန် နို့မသောက်ရဟုမဆိုသင့်ပါ။ သက်ငယ်ပိုင်းတွင် ကယ်လ်စီယမ်ဓာတ်မလုံလောက်ပါက အသက်ကြီးလာသည့်အခါ အရိုးပွ အရိုးပါးမှုများဖြစ်လာနိုင်ပါသည်။

ယုံကြည်ချက် (၄) ‘စိတ်ဖိစီးမှုများကြောင့် ဝက်ခြံကိုပိုဆိုးစေသည်’

မှန်သည်။ စိတ်ဖိစီးမှုများသော စာမေးပွဲနီးသည့် ကာလများတွင် ဝက်ခြံပိုပေါက်လာတတ်သည်။ သို့သော် သည်အကြောင်းတစ်ချက်တည်းကြောင့် ဝက်ခြံပေါက်သည် မဟုတ်သည့်အတွက် စိတ်ဖိစီးမှုကြောင့်မည်မျှအထိ ဝက်ခြံကို ဖြစ်ပေါ်ဆိုးရွားစေနိုင်သည်ကိုမူ သုတေသနအခိုင်အမာမရှိသေးသည့်အတွက် အတိအကျမပြောနိုင်ပါ။

ယုံကြည်ချက် (၅) ‘နေပူခံလိမ်းဆေး (Sunscreen) ကြောင့် ဝက်ခြံပိုဆိုးစေနိုင်သည်’

အမျိုးအစားပေါ် မူတည်ပါသည်။ Helioplex ကဲ့သို့သော ဓာတုဆေးဖြစ်ပါက နေရောင်ရသည့် အခါဓာတ်ပြုမှုဖြစ်ပြီး အပူဓာတ်ထုတ်ကာ အသားအရေကို ထိခိုက်စေပါသည်။ ဝက်ခြံကို ပိုဆိုးစေနိုင်ပါသည်။ Zinc Oxide ကဲ့သို့သော Physical Sunscreen မျိုးကိုမူ သုံးနိုင်ပါသည်။

ယုံကြည်ချက် (၆) ‘မျက်နှာခဏခဏသစ်ပေးခြင်းဖြင့် ဝက်ခြံကိုသက်သာစေသည်’

မမှန်ပါ။ မျက်နှာနှစ်ကြိမ်သစ်ခြင်းသည် တစ်ကြိမ်တည်းသစ်ခြင်းထက် ဝက်ခြံဖြစ်ပွားဆိုရွားမှုကို သက်သာစေသော်လည်း နှစ်ကြိမ်ထက်ပိုသစ်ပါက အရေပြားခြောက်သွေ့မှုကို ထိခိုက်စေပြီး အကောင်းထက်အဆိုးကိုပင် ပိုဖြစ်စေနိုင်ပါသေးသည်။

ယုံကြည်ချက် (၇) ‘မိတ်ကပ်ကြောင့် ဝက်ခြံပိုဆိုးစေနိုင်သည်’

မှန်သည်။ အချို့မိတ်ကပ်များသည် ဝက်ခြံကိုပိုဆိုးစေနိုင်သည်။ အထူးသဖြင့်လိမ်းပြီးပါက အလွှာထူထူဖြစ်ကျန်နေစေသောမိတ်ကပ်ရည်မျိုးကို ထူထူထဲထဲ လိမ်းထားပါက အရေပြားပေါ်ရှိ သဘာဝအပေါက်ငယ်များပိတ်ဆို့ကာ ဝက်ခြံကို ပိုဆိုးစေနိုင် သည်။ ထို့ကြောင့် မထူထဲသည့် ဖောင်ဒေးရှင်းအလွှာ ပါးပါးကိုသာဖြစ်စေသော သဘာဝအခြေခံမိတ်ကပ်မျိုး၊ သနပ်ခါးကဲ့သို့သော သဘာဝအလှကုန်မျိုးကို ခပ်ပါးပါးလူးသင့်သည်။

ယုံကြည်ချက် (၈) ‘ဝက်ခြံကို ဖဲ့ဆိတ်ကာ ဖယ်ရှားနိုင်သည်’

အများစုလုပ်လေ့ရှိသည်မှာ ဝက်ခြံဖုကိုညှစ်ခြင်း၊ ဖဲ့ဆိတ်ဖယ်ရှားခြင်းတို့ပင် ဖြစ်သည်။ သို့သော် ထိုသို့လုပ်ပါက နောက်ပိုင်းတွင် သေရာပါ အမာရွတ်ကျန်ခဲ့သည်အထိဖြစ်နိုင်သည်။ ထို့ကြောင့် ဝက်ခြံကို ညှစ်ခြင်း၊ ဖဲ့ခြင်း၊ ဆိတ်ခြင်းတို့ မလုပ်သင့်ပါ။ ဝက်ခြံသည် ကြီးမားလွန်းပြီး နာကျင်နေသည်ဆိုပါက အရေပြားကုဆရာဝန်နှင့် ပြသသင့်သည်။

ယုံကြည်ချက် (၉) ‘ဝက်ခြံကုသရန်အတွက် ဆေးကိုအလှကုန်စတိုးဆိုင်တွင် မေးဝယ်နိုင်သည်’

အများအားဖြင့် ကုန်တိုက်များ၊ စတိုးဆိုင်များရှိ အလှကုန်အရောင်းဆိုင်များတွင် ဝက်ခြံပျောက်ဆေးပေးပါဟု မေးဝယ်ပါက တံဆိပ်အမျိုးမျိုးဖြင့် လိမ်းဆေးအမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် ရနိုင်ပါသည်။ သို့သော် တစ်ဦးတစ်ယောက်ချင်း၏ အခြေအနေအလိုက် အသင့်လျော်ဆုံးသော ဆေးကိုမူ အရေပြားကုဆရာဝန်ကသာ အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး ညွှန်းဆိုကုသပေးနိုင်ပါသည်။ ထို့ကြောင့် မိမိခံစားနေရသော ဝက်ခြံ၏ အနေအထားပေါ်မူတည်ကာ ထိရောက်သောကုသမှုကို ရယူခြင်းဖြင့် ဝက်ခြံ၏ နောက်ဆက်တွဲ ပြဿနာများကို ရှောင်လွဲနိုင်မည်ဖြစ်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top