Healthy Life Ad
Life Style

သင့်အသားအရေကို အမြဲနုပျိုကြည့်ကောင်းနေစေမည့် သဘာဝပစ္စည်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

သဘာဝအပင်ထွက်ပစ္စည်းတွေကို မှန်မှန်ကန်ကန်အသုံးပြုတတ်ရင် အသားအရေကို နုပျိုကြည့်ကောင်းစေပါတယ်။


– ခရမ်းချဉ်သီး

ခရမ်းချဉ်သီးစိတ်ပါးပါးကိုသုံးပြီး ပေါင်းတင်ပေးရင် နွမ်းနယ်ထိခိုက်နေတဲ့ အသားအရေကို ကြည့်ကောင်းစေပါတယ်။ ခရမ်းချဉ်သီးကို ခပ်ပါးပါးလှီးပြီး တစ်ပတ်တစ်ကြိမ် မျက်နှာပေါ်မှာ မိနစ် ၂၀ ခန့် ကပ်ပေးရင် အသားအရေကို စိုပြည်နူးညံ့ကာ နုပျိုစေပါတယ်။ သင့်အသားအရေက ရောင်ရမ်းနေရင်မျက်နှာပေါ် ခရမ်းချဉ်သီးအနှစ်ရည် ပွတ်လိမ်းပေးပါ။ အသားအရေတင်းရင်း ကြည့်ကောင်းစေဖို့ ခရမ်းချဉ်သီးအနှစ်နဲ့ သံလွင်ဆီရောပြီး မျက်နှာမှာလိမ်းပေးပါ။ အချိန် ၁၅ မိနစ်ခန့်ကြာမှ ကြက်သီးနွေးရေနဲ့ ဆေးကြောပေးပါ။


– အာလူး

အာလူးက အသားအရေကို နုပျိုကြည့်ကောင်းစေပါတယ်။ အသားအရေဖြူစင်ညီညာစေပြီး အိုမင်းမှုအရေးကြောင်းတွေကို ဟန့်တားပေးနိုင်စွမ်းရှိပါတယ်။ နေ့စဉ် အာလူးအစိမ်းကို ခပ်ပါးပါးလှီးပြီး မျက်နှာပေါ်မှာ အချိန် ၁၅ မိနစ်ခန့် ကပ်ပေးပါ။ ဒါမှမဟုတ် အာလူးအစိမ်းရည်ကို သုတ်လိမ်းပေးပါ။ အသားအရေ တင်းရင်းကြည်လင်စေဖို့ အာလူးရည်ထဲ သံပရာရည်အနည်းငယ် ထည့်ပေးပါ။


– သံပရိုသီး

သံပရိုသီးက အသားဖြူစေပြီး အိုမင်းမှုအစက်အပြောက်တွေနဲ့ ဝက်ခြံတွေကို ဟန့်တားပေးတဲ့ အစွမ်းရှိပါတယ်။ သံပရိုရည်က အသားအရေတင်းရင်း ချောမွေ့စေပြီး တောက်ပြောင်စေပါတယ်။ မျက်နှာပေါ်မှာ သံပရိုရည်ကို နေ့စဉ် သုတ်လိမ်းပေးတဲ့နည်းနဲ့ တင်းရင်းအောင် လုပ်ဆောင်နိုင်ပါတယ်။


– သခွားသီး

သခွားသီးနဲ့ ပေါင်းတင်တာက ဝက်ခြံကုသပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။ သခွားသီးက အသားအရေကို နုပျိုတင်းရင်းစေပါတယ်။ ပြုလုပ်ရမယ့်နည်းက သခွားသီးကို ခပ်ပါးပါးလှီးပြီး မျက်နှာပေါ်မှာ အချိန် ၁၅ မိနစ်ခန့် ကပ်ပေးပါ။ တစ်ပတ်မှာ အကြိမ်အတော်များများ ပြုလုပ်နိုင်ပါတယ်။


– ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်သားကိုယူပြီး မျက်နှာမှာသုတ်လိမ်းပေးပါ။ ရှားစောင်းလက်ပပ်အရည် သုတ်လိမ်းတာက အသားအရေ တောက်ပြောင်လင်းလက်စေပါတယ်။ ရှားစောင်းလက်ပပ်ကအမည်းစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို မှိန်ဖျော့သွားစေပြီး မီးပူလောင်တာကို သက်သာစေပါတယ်။ ရှားစောင်းလက်ပပ်အရည်ကို ချွေးပေါက်ကျဉ်းစေတဲ့ လိုးရှင်းအဖြစ်သုံးပြီး နေ့တိုင်း မျက်နှာအရေပြားမှာ သုတ်လိမ်းပေးနိုင်ပါတယ်။


– ဆော်ဒါမှုန့်

ဆော်ဒါမှုန့်က အသားအရေကို လန်းဆန်းအားပြည့်ပြီး သန့်စင်စေပါတယ်။ ဒါ့အပြင် အရေပြားဆဲလ် အသစ်တွေကို ပြန်လည်အားကောင်းစေပါတယ်။ ဆော်ဒါမှုန့်နဲ့ သံလွင်ဆီကို ဆတူရောပြီး တစ်ပတ်မှာတစ်ကြိမ် မျက်နှာသန့်စင်တဲ့ ကြေးချွတ်ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဆော်ဒါမှုန့်လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ဒိန်ချဉ် လက်ဖက်စားဇွန်း တစ်ဇွန်းတို့ကို ဆတူရောပြီးအချိန် ၁၀ မိနစ်ခန့် မျက်နှာပေါ် သုတ်လိမ်းပေးပါ။ ဒါဆိုရင် အသားအရေကို တင်းရင်းချောမွေ့စေပါတယ်။


– ပျားရည်

ပျားရည်က အကောင်းဆုံး အသားအရေ အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးပါ။သတ္တုဓာတ်နဲ့ သြဂဲနစ်ဒြပ်စင်တွေ ပါဝင်တာကြောင့် ဆဲလ်ပွားများမှုဖြစ်စဉ်ကို အားကောင်းစေပါတယ်။ ပုံမှန်အသုံးပြုရင် ပျားရည်ကအရေးကြောင်း နက်နက်တွေကိုတောင် ကင်းစင်စေနိုင်ပါတယ်။ ဒါပေမဲ့ ပျားရည်နဲ့ ဓာတ်မတည့်မှုရှိရင် လုံးဝမသုံးသင့်ကြောင်း သတိရသင့်ပါတယ်။ ပျားရည်ကို မျက်နှာနဲ့လည်ပင်းတစ်ဝိုက် သုတ်လိမ်းပေးပြီး မိနစ် ၂၀ အကြာမှာ ကြက်သီးနွေးရေနဲ့ ဆေးကြောသန့်စင်လိုက်ပါ။ အိုမင်းမှုကို ဟန့်တားနိုင်ဖို့ ပျားရည်နဲ့ သစ်ကြံပိုးခေါက်အမှုန့်ကို ဆတူရောပြီး လိမ်းနိုင်ပါတယ်။


– အုန်းဆီ

အုန်းဆီက အသားအရေကို အားဖြည့်ပေးပြီး စိုပြည်တင်းရင်းစေပါတယ်။ အရေပြားဆဲလ်သေတွေကို ကင်းစင်စေပြီး အသားအရေချောမွေ့နူးညံ့စေပါတယ်။ အုန်းဆီခပ်ပါးပါး တစ်လွှာလိမ်းပေးပြီး အချိန်ငါးမိနစ်ကြာတာနဲ့ တစ်ရှူးနဲ့သုတ်လိုက်ပါ။


– သံလွင်ဆီ

သံလွင်ဆီက အသားအရေနုပျိုကျန်းမာစေတဲ့အရာပါ။ သင်သုံးနေကြ သဘာဝအလှကုန်ထဲ သံလွင်ဆီ တစ်စက်ထည့်သုံးရုံနဲ့ အိုမင်းမှုကို ဟန့်တားပေးပြီး အသားအရေကို စိုပြည်နူးညံ့စေပါတယ်။ သံလွင်ဆီက ဓာတ်မတည့်မှုကို မဖြစ်စေပါဘူး။ မနက်နဲ့ညမှာ သံလွင်ဆီအနည်းငယ်လိမ်းပြီး အသားအရေ တင်းရင်းအောင် လုပ်ဆောင်နိုင်ပါတယ်။ အိုင်းခရင်မ်အစား မျက်ဝန်းအောက်မှာ သံလွင်ဆီလိမ်းပေးပါ။


– ဗီတာမင်အီး

ဗီတာမင်အီးက အသားအရေ ပြန်လည်အားဖြည့်ပေးပြီး အသားအရေ တင်းရင်းစေသလို အရေးကြောင်းတွေကို ကင်းစင်စေပါတယ်။ ဗီတာမင်အီးဆေးတောင့်ကိုဖောက်ပြီး ရလာတဲ့အရည်ကို မျက်နှာမှာလိမ်းနိုင်သလို နှုတ်ခမ်းသားမှာလည်း လိမ်းနိုင်ပါတယ်။


– သကြား

သကြားက သဘာဝကြေးချွတ်ပစ္စည်းဖြစ်ပြီး မျက်နှာကိုအားဖြည့်စေသလို သန့်စင်စေပါတယ်။ သကြားက အရေပြားဆဲလ်သေတွေကို ကင်းစင်စေပြီး အသားအရေ နူးညံ့ချောမွေ့ကာ တောက်ပြောင်စေပါတယ်။ မျက်နှာကို ရေဆေးကာ သကြားအနည်းငယ်သုံးပြီး တစ်ပတ်တစ်ကြိမ် ကြေးချွတ်ပေးပါ။ ကလေးအသားအရေလို နူးညံ့သွားစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top