Healthy Life Ad
Health Tips

ကျန်းမာရေးအတွက် သဘာဝဆေးတစ်လက် တုပ်ကွေးဖြစ်နေလျှင် …

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

တုပ်ကွေးက တစ်နှစ်ပတ်လုံး ဘယ်အချိန်မှာမဆိုဖြစ်နိုင်ပြီး ပြင်းထန်မှု အနည်းအများပေါ်မူတည်ကာ နှာချေတာ၊ ချမ်းတုန်တာ၊ ဖျားတာ၊ ကိုယ်လက် ကိုက်ခဲတာ၊ တစ်ကိုယ်လုံးညောင်းညာတာ စတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ တုပ်ကွေးဝေဒနာသက်သာစေဖို့ လူအများစုက ဆေးဝါးတွေ မှီဝဲကြရပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ တုပ်ကွေးအမြန်သက်သာစေဖို့ သဘာဝဆေးနည်းလေးတွေက ပံ့ပိုးကူညီနေပါတယ်။

သဘာဝဆေးနည်း(၁) ရေများများသောက်ပါ

ရေကို တစ်နေ့ရှစ်ဖန်ခွက်လောက် သောက်ဖို့လိုပါတယ်။ ရေသောက်တာကြောင့် ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝကာ အလိုလိုအနာကျက်နိုင်တဲ့ အစွမ်းရရှိစေမှာဖြစ်သလို တုပ်ကွေးရောဂါကို မြန်မြန်သက်သာစေပါတယ်။

သဘာဝဆေးနည်း(၂) ကြက်သွန်ဖြူစားပါ

ကြက်သွန်ဖြူမှာ ပိုးသတ်အစွမ်းပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် တခြားဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်ပေးနိုင်တာကြောင့် အသက်ရှူလမ်းကြောင်းဝေဒနာကို သက်သာစေပါတယ်။ နေ့စဉ်စားတဲ့ အစားအသောက်ထဲ ကြက်သွန်ဖြူထည့်စားတာကြောင့် တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးသလို တုပ်ကွေးဖြစ်နေရင် ဝေဒနာကို မြန်မြန်သက်သာစေပါတယ်။

သဘာဝဆေးနည်း(၃) ကြက်စွပ်ပြုတ်သောက်ပါ

ရာသီဥတုမသာယာတာကြောင့် နာမကျန်းဖြစ်နေချိန်မှာ ကြက်စွပ်ပြုတ်တစ်ခွက်က တကယ်အရေးပါပါတယ်။ ကြက်စွပ်ပြုတ်မှာ ပရိုတင်းဓာတ်နဲ့ တခြား မရှိမဖြစ် သတ္တုဓာတ်တွေပါဝင်တဲ့အတွက် ကြက်စွပ်ပြုတ်သောက်တာကြောင့် အနာကျက်မြန်စေနိုင်ပါတယ်။

သဘာဝဆေးနည်း(၄) ချင်း(ဂျင်း) စားပါ

ချင်း(ဂျင်း)မှာ ဘက်တီးရီးယားပိုးသတ်အာနိသင်ရှိတဲ့အတွက် ချင်း(ဂျင်း)ပါတဲ့ စွပ်ပြုတ်ကို စားသင့်ပါတယ်။ ချင်း (ဂျင်း)စိမ်ထားတဲ့ လက်ဖက်ရည်ကြမ်းလည်း သောက်နိုင်ပါတယ်။ အရသာချိုမြိန်စေဖို့ ပျားရည်နည်းနည်းထည့်သောက်ပေးပါ။ ချင်း(ဂျင်း)ပါတဲ့ ရေနွေးကြမ်းသောက်ရင် ချောင်းဆိုးတာကိုသက်သာစေပြီး အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သိသိသာသာသက်သာစေပါတယ်။

သဘာဝဆေးနည်း(၅) ရှလကာရည် မှီဝဲပါ

ရှလကာရည်သောက်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ မနက်ခင်းမှာ ရေနဲ့ပျားရည်ကိုရောပြီး ရှလကာရည် ထမင်းစားဇွန်းတစ်ဇွန်း ထည့်သောက်ပါ၊ ဒါမှမဟုတ် ရေထဲမှာ ရှလကာရည် ထမင်းစားဇွန်းတစ်ဇွန်း ထည့်သောက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top