Healthy Life Ad
Child

တီဗီကြည့်ခြင်း၊ ဂိမ်းဆော့ခြင်းနှင့် ကလေးမျက်စိကျန်းမာရေး

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း

မေး. တစ်နှစ်သားအရွယ်ကလေးတွေ တီဗီအကြည့်များတာကြောင့် မျက်စိမှာဘယ်လိုထိခိုက်မှုဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. တစ်နှစ်သားအရွယ်ကလေးတွေ တီဗီအကြည့်များတာကြောင့် မျက်စိမှာ ဘယ်လိုထိခိုက်မှုမှ မရှိဘူးလို့ပဲပြောရမယ်။ မျက်စိရဲ့လုပ်ငန်းဆောင်တာက ကြည့်ဖို့ပဲဖြစ်တာကြောင့် တီဗီကြည့်တာက အမြင်အာရုံလှုံ့ဆော်မှုတစ်ရပ် (Visual Stimulus) ဖြစ်လို့ပါ။ တစ်နှစ်သားအရွယ်ဆိုတော့ ဖွံ့ဖြိုးတဲ့အဆင့်မှာပဲ ရှိသေးတဲ့အတွက် တီဗီကိုများများကြည့်လေလေ၊ အမြင်အာရုံ လှုံ့ဆော်မှုကို ကောင်းကောင်းရလေလေဖြစ်တော့ ပိုကောင်းတယ်လို့ ပြောနိုင်ပါတယ်။

မေး. သုံးလေးနှစ်အရွယ်ကလေးတွေ ဂိမ်းအဆော့များရင်ကော မျက်စိမှာ ဘယ်လိုသက်ရောက်မှု ဖြစ်နိုင်ပါသလဲ ဆရာ။

ဖြေ. ကလေးတွေမှာ ဂိမ်းအဆော့များတာကတော့ တီဗီကြည့်တာနဲ့ မတူပါဘူး။ ဂိမ်းက အနီးကပ်ကြည့်တာဖြစ်လို့ ဂိမ်းအဆော့များတဲ့ကလေးတွေက အဝေးမှုန် အနုတ်ပါဝါ (Myopia) တပ်ရတာ များလာပါတယ်။ တစ်ခါတလေမှာ ဆရာတို့တွေ့ရတာက ဂိမ်းအဆော့များတဲ့ သုံးနှစ်အရွယ်ကလေးတွေရောက်လာလို့ မျက်စိကို စမ်းသပ်လိုက်ရင် အနုတ်ပါဝါ ၂ ရှိတယ်။ နောက်ခြောက်လလောက်ကြာတော့ ထပ်စမ်းကြည့်လိုက်ရင် အနုတ်ပါဝါ ၅အထိဖြစ်နေတာကို တွေ့ရပါတယ်။

ဂိမ်းဆော့များရင် အဝေးမှုန်တာ (Myopia)နဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတာ လေ့လာမှုတွေကလည်း အသေအချာဖော်ပြထားပါတယ်။ ဟိုးအရင်က စင်ကာပူနိုင်ငံက တစ်နိုင်ငံလုံးလိုလို အဝေးမှုန်ဖြစ်တာများတယ်။ ဒါကြောင့် သူတို့က အကြီးအကျယ် လေ့လာမှုလုပ်တဲ့အခါ ကွန်ပျူတာ ဂိမ်းကစားတာနဲ့ အဝေးမှုန်တာ ဆက်စပ်မှုရှိတာကို လေ့လာတွေ့ရှိရပါတယ်။ ပြီးတော့ ဂိမ်းကစားတာ များလေလေ အဝေးမှုန်တဲ့ပါဝါ မြင့်တက်မှုရှိလေလေကိုလည်း တွေ့ရပါတယ်။

မေး. ကလေးငယ်လေးတွေ တီဗီအကြည့်များလွန်းလို့ မျက်စိမှုန်တာ များလာတယ်လို့ လူကြီးတွေက ပြောတတ်ကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သိပါရစေ ဆရာ။

ဖြေ. ဖွံ့ဖြိုးနေတဲ့အဆင့်မှာ အမြင်အာရုံကောင်းအောင် လှုံ့ဆော်မှုများများပေးလေလေ ပိုကောင်းလေလေပါပဲ။ လက်မောင်းကြွက်သားတွေ သန်စွမ်းဖို့ အတွက် အလေးမပေးလေလေ၊ ပိုကောင်းလေလေ ဖြစ်သလိုပါပဲ။ တီဗီကြည့်တာက မလှမ်းမကမ်းကနေ ကြည့်တာဖြစ်လို့ ကောင်းတယ်လို့ ပြောတာပါ။ ဂိမ်းဆော့တာကျတော့ ကွန်ပျူတာဂိမ်း၊ ဖုန်းဂိမ်းတွေက မျက်စိနဲ့ အနီးကပ်ကြည့်တာဖြစ်တဲ့အတွက် အဝေးမှုန် ဝင်တတ်ပါတယ်။

မေး. မိဘမျိုးရိုးမှာမျက်စိမမှုန်ဘဲနဲ့ ကလေးတချို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိမှုန်လာကြတာကို တွေ့နေရပါတယ်။ အဲဒါ ဘာကြောင့်ပါလဲဆရာ။

ဖြေ. မျိုးရိုးဆိုတဲ့ နေရာမှာလည်း အမျိုးမျိုးရှိပါတယ်။ အများအားဖြင့် အနုတ်ပါဝါတပ်ရတာရော၊ အပေါင်းပါဝါတပ်ရတာပါ မျိုးရိုးဗီဇ (Genetic)နဲ့ ဆက်စပ်မှုတော့ရှိနေပါတယ်။ ဒါကြောင့် ဒီမေးခွန်းကို တစ်ဝက်မှန်တယ်၊ တစ်ဝက်မှားတယ်လို့ ပြောရမလိုဖြစ်နေပါတယ်။ မျက်မှန်ကို အဖေမတပ်ရဘူး၊ အမေမတပ်ရဘူး၊ ဒါပေမဲ့ အဘိုးအဘွားတွေ မျက်မှန်တပ်ရသလား၊ မတပ်ရဘူးလား ဆိုတာကိုတော့ မိဘတွေက မမှတ်မိကြဘူး။ ရှေးခတ်ကဆိုရင် မျက်မှန်တပ်တဲ့ အလေ့အထက ရှိချင်မှရှိမယ်။ ပြီးတော့ အဘိုးအဘွားမှာ တပ်ရတယ်.. မိဘမှာ မတပ်ရဘူး.. သားသမီးမှာ မျက်မှန်တပ်ရတယ်.. ဒါက Autosomal Recessive ငုပ်ဗီဇ ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။

မျက်မှန်ပါဝါ ဘာကြောင့်တပ်ရသလဲဆိုတာကို ကြည့်လိုက်ရင် မျက်ဆန်ရဲ့အလျား (Axial length of eye ball)က ပုံမှန်မဟုတ်လို့ တပ်ရတာပါ။ တိုရင်တိုမယ်၊ ရှည်ရင်ရှည်နေမယ်။ လူရဲ့ အရပ်အမောင်းလိုပဲ မိဘအရပ်ရှည်ရင် သားသမီးက အရပ်ရှည်နိုင်တယ်။ ဒါပေမဲ့ အဘိုးက ပုနေရင်ပုတဲ့ မြေးတစ်ယောက်လည်း မွေးချင်မွေးနိုင်တာပဲ။ ဒီလိုပဲ မျက်ဆန်အလျားကလည်း မျိုးရိုးလိုက်နိုင်ခြေတော့ ရှိပါတယ်။ ဒါပေမဲ့ အဖေ၊ အမေ မျက်မှန်တပ်ရလို့ သားသမီး မျက်မှန်တပ်ရမယ်ဆိုတာမျိုးက ဟုတ်ချင်မှဟုတ်မယ်၊ မျိုးရိုးလိုက်ပြီး မျက်မှန်တပ်ရနိုင်ခြေလည်း ရှိတော့ရှိပါတယ်။ မျိုးရိုးဗီဇက ရာနှုန်းပြည့်လွှမ်းမိုးမှု ရှိချင်မှရှိပါလိမ့်မယ်။

မေး. ကွန်ပျူတာ၊ ဂိမ်းတွေ အဆော့များတာကြောင့်ရော မျက်မှန်တပ်ရတာများလာနိုင်ပါသလား ဆရာ။

ဖြေ. မျိုးရိုးမှာမရှိဘဲနဲ့ ကွန်ပျူတာ၊ ဂိမ်းတွေအသုံးများတဲ့သူတွေကလည်း အနုတ်ပါဝါတပ်ရတာများလာပါတယ်။ ဒါကလည်း ခိုင်မာတဲ့တွေ့ရှိချက် တစ်ရပ်ပဲဖြစ်ပါတယ်။ အခုခေတ် ကလေးတွေက စာသင်ခန်းထဲမှာပဲ အချိန်ကုန်တာများလာတော့ နေ့ရောညပါ ကျောင်းစာကြည့်နေရတဲ့အခါ ကလေးတွေ မျက်မှန်တပ်ရတာ များလာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါက တိကျတဲ့ လေ့လာတွေ့ရှိချက်တော့ မဟုတ်ပါဘူး။

မေး. ကလေးတွေ မျက်စိမမှုန်အောင် ကာကွယ်လို့ရပါသလား ဆရာ။

ဖြေ. ကာကွယ်လို့ မရပါဘူး။ အဝေးမှုန်တာနဲ့ အနီးမှုန်တာတွေက မျက်ဆန်အလျားနဲ့ပဲ ဆိုင်ပါတယ်။ မျက်ဆန်အလျားက သတ်မှတ်ထားပြီးသားဖြစ်တာကြောင့် အဝေးမှုန်တာကိုကာကွယ်လို့မရသလို အနီးမှုန်တာကိုလည်း ကာကွယ်လို့မရပါဘူး။ မျက်စိမမှုန်ဘဲနဲ့လည်း မျက်မှန်တပ်ချင်လို့ မရပါဘူး။ တချို့မိန်းကလေးတွေကျတော့ မျက်စိမမှုန်ဘဲနဲ့ မျက်မှန်တပ်ချင်တတ်ကြပါတယ်။ အဲဒီအခါ ဆရာတို့ အကြံပေးတာကတော့ ပါဝါမပါတဲ့ မျက်မှန်နဲ့ ပါဝါမပါတဲ့ မျက်ကပ်မှန်ကို အလှတပ်ဖို့ပဲ အကြံပြုရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top