Healthy Life Ad
Life Style

ကိုယ်ယုံကြည်ရာကိုလုပ်တဲ့အခါ ဘယ်လိုအခက်အခဲပဲရှိရှိ စိတ်ဓာတ်မကျဖို့အရေးကြီးတယ်ဆိုတဲ့ အဆိုတော် အောင်ထက်

– ဘဝမှာ အောင်မြင်မှုတွေရရှိလာအောင် စိတ်ဓာတ်ခွန်အားတွေကို ဘယ်လိုမျိုး ပြင်ဆင်ခဲ့ရလဲ။

အဓိကကတော့ ကိုယ်ဝါသနာပါတဲ့အပေါ်မှာ ယုံကြည်စွာနဲ့ အလုပ်လုပ်ဖို့က အရေးကြီးဆုံးပေါ့။ ဘယ်လောက်အခက်အခဲရှိရှိ စိတ်ဓာတ်မကျဘဲနဲ့၊ ရည်မှန်းချက်တွေ ယိုင်လဲမသွားဘဲနဲ့ ကြိုးစားခဲ့တဲ့အတွက် ရပ်တည်လို့ရတယ် ထင်ပါတယ်။

– စိတ်ဖိစီးမှုရှိလာတဲ့အခါမှာ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေဖျောက်ဖြစ်ပါသလဲ။

လူတစ်ယောက်နဲ့တစ်ယောက် စိတ်ဖိစီးမှုတွေရှိလာတဲ့အခါမှာ ဖြေရှင်းပုံခြင်းတူချင်မှတူမှာပါ။ ကျွန်တော်ကတော့ စိတ်ဖိစီးမှု အရမ်းများရင် တစ်ယောက်တည်းနေတယ်။ မွန်းကြပ်မှုတွေပြေပျောက်ဖို့ အော်ဟစ်ပြီးတော့ သီချင်းဆိုတာဖြစ်ဖြစ် လုပ်လေ့ရှိတယ်။

– ကျန်းမာစေဖို့ ဘယ်လိုအစားအသောက်တွေကို အဓိကရွေးချယ်စားသုံးဖြစ်လဲ။

အစားအသောက်ကို ရွေးစားတာထက် ကိုယ်နေ့စဉ်စားတဲ့အစားအစာ ထမင်းကိုပုံမှန်စားဖို့ အရေးကြီးပါတယ်။ အချိန်မှန်မှန်စား၊ အချိန်မှန်မှန်အိပ်တာက အရေးကြီးဆုံးအချက်ပါပဲ။

– အိပ်ချိန်တွေကို ဘယ်လိုအရာတွေက အဓိက ခိုးယူထားလဲ။

အိပ်ချိန်တွေကိုဘယ်လိုအရာတွေက ခိုးယူထားလဲဆိုရင် ကျွန်တော့်ရဲ့အတွေးတွေက ခိုးယူထားပါတယ်။ သီချင်းရေးဖို့အတွက် အကြောင်းအရာတွေးရင်းနဲ့ ကိုယ့်အိပ်ချိန်လျော့သွားတာလည်းရှိနိုင်တယ်။ မိသားစုကိစ္စတွေလည်း တွေးမိတယ်။ အဓိကကတော့ အတွေးပေါ့။ အတွေးတွေကပဲ အိပ်ချိန်တွေကို ခိုးယူထားပါတယ်။

– အခုလိုအောင်မြင်လာအောင် တွန်းအားပေးခဲ့တဲ့ အကြောင်းတွေရှိရင်လည်း ပြောပြပေးပါ။

အောင်မြင်တယ်ဆိုတာထက် လုပ်ချင်တဲ့အလုပ်မှာ လုပ်ခွင့်ရတာပေါ့။ ကျွန်တော်ရူးသွပ်တဲ့အရာတွေက ဘေးမှာအမြဲတမ်းရှိတယ်။ သီချင်းဆိုလည်း သီချင်းပေါ့။ လုပ်ချင်စိတ်ကလည်း ဘယ်တော့မှမပျောက်သွားပါဘူး။ ကျွန်တော်ခံစားခဲ့ရတဲ့ လောကဓံရဲ့ထိုးနှက်မှုတွေက အခုလိုအောင်မြင်ဖို့အတွက် တွန်းအားပေးခဲ့တာပေါ့။

– ပရိသတ်တွေကို ကျန်းမာအောင်နေဖို့နဲ့ ဘဝမှာအခက်အခဲတွေရှိလာရင်ကော ဘယ်လိုမျိုး ကျော်ဖြတ်သင့်လဲဆိုတာ အားပေးစကားလေးပြောပေးပါ။

လူအားလုံး ကျန်းမာအောင်နေသင့်ပါတယ်။ ပုံမှန်စား၊ ပုံမှန်အိပ်သင့်ပါတယ်။ ဒါကိုတော့ အတတ်နိုင်ဆုံးဖြစ်အောင်လုပ်စေချင်ပါတယ်။ ကိုယ်ယုံကြည်ရာကို လုပ်တဲ့အချိန်မှာ ဘယ်လိုအခက်အခဲပဲရှိရှိ စိတ်ဓာတ်မကျဖို့ အရေးကြီးပါတယ်။ အလုပ်တစ်ခု အောင်မြင်အောင်လုပ်ဖို့ ပေးဆပ်မှုက ရှိစမြဲပဲပေါ့။ ဖြစ်အောင်လည်း လုပ်စေချင်ပါတယ်။ ရည်ရွယ်ချက်တစ်ခုကို ဦးတည်ပြီးသွားရင် အခက်အခဲရှိစမြဲပဲလေ . . ဒါကြောင့် ရောက်အောင်သွားပါ။ ဖြစ်အောင်လုပ်စေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top