Healthy Life Ad
Local

ကျောင်းနေကလေးများ၏ထက်ဝက်နီးပါးက နေ့လယ်စာထမင်းဘူးကို ကုန်အောင်မစားကြကြောင်း သိရ

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)၊

ကျောင်းနေကလေးများ၏ ထက်ဝက်နီးပါး (၄၆ ရာခိုင်နှုန်း)က နေ့လယ်စာ ထမင်းဘူးကို ကုန်အောင်မစားကြဘဲ စားကြွင်းစားကျန်များကို လွှင့်ပစ်ကြကြောင်း ၂၀၁၈ ခုနှစ်၊ မေလတွင် ပြုလုပ်ခဲ့သော၊ အသက် ၇ နှစ်မှ ၁၂ နှစ်အတွင်း မြန်မာကလေးငယ် ၁၀ဝ ဦးပါဝင်သည့် Nestlé MILO ၏ လူမှုရေးဆိုင်ရာ စမ်းသပ်လေ့လာမှုတစ်ခုအရ သိရသည်။

ကျောင်းနေကလေးများအား သူတို့၏စားသောက်မှုအမူအကျင့်နှင့် ကျောင်းတွင် အကြိုက်ဆုံးအစားအစာများ အကြောင်းကို မေးခွန်းတွဲများ မေးမြန်းခဲ့ပြီး သူတို့၏မိခင်များအားလည်း သီးသန့်အခန်းတစ်ခုမှနေ၍ ကလေးများ၏ တုံ့ပြန်ဖြေကြားချက်များကို လေ့လာစေခဲ့ရာ အဆိုပါ လေ့လာစမ်းသပ်ချက်တွင်ပါဝင်သူ ကျောင်းနေကလေးများ၏ ထက်ဝက်နီးပါး (၄၆ ရာခိုင်နှုန်း)က နေ့လယ်စာထမင်းဘူးကို ကုန်အောင်မစားကြဘဲ စားကြွင်းစားကျန်များကိုလွှင့်ပစ်ကြသဖြင့် ကလေး ၅ ဦးတွင် သုံးဦးက ကျောင်းဆင်းလျှင်ပင်ပန်းနွမ်းနယ်မှုခံစားကြရကြောင်း၊ ကလေးအများစု (၈၆ ရာခိုင်နှုန်း) က အိမ်တွင် နံနက်စာစားခဲ့ကြသော်လည်း ၎င်းတို့အနက် ထက်ဝက်ကျော် (၅၅ ရာခိုင်နှုန်း)က စာသင်နေစဉ် ဗိုက်ဆာတတ်ကြောင်း သိရသည်။

ထို့ပြင် ကလေးအများစု (၇၂ ရာခိုင်နှုန်း)က အပြင်ဆိုင်များမှ အစားအသောက်များသည် ကျန်းမာရေးနှင့် မညီညွတ်ကြောင်း သိရှိထားကြသော်လည်း ကလေး ၅ ဦးတွင် ၃ ဦး(၅၈ ရာခိုင်နှုန်း)က ပြင်ပစာများ၊ အချိုရည်များကို ပုံမှန်ဝယ်ယူစားသောက်လေ့ရှိသည်ဟု လေ့လာစမ်းသပ်ချက်အရသိရကြောင်း ဆိုသည်။

Nestlé Myanmar ၏ အာဟာရပညာရှင်နှင့် Corporate Nutrition မန်နေဂျာဖြစ်သူ ဒေါက်တာဆုနွယ်ဇော်က ”ကျောင်းနေကလေးတွေအနေ နဲ့ ဘယ်အစားအသောက်ကတော့ ကျန်းမာရေးအတွက်ကောင်းတယ်၊ ဘယ်ဟာကတော့ မကောင်းဘူးဆိုတာကို ယေဘုယျအားဖြင့် သိရှိထားကြပေမယ့် သူတို့ကြိုက်နှစ်သက်တဲ့ အစားအစာနဲ့ အချိုရည်အရသာတွေနောက်ကို စိတ်အလိုလိုက်ပြီး ပါသွားတတ်ကြတယ် ဆိုတာ အခုလက်တွေ့စမ်းသပ်ချက်က ဖော်ပြနေပါတယ်။

မိဘတွေအနေနဲ့ ကျောင်းချိန်အတွင်းမှာ သားသမီးတွေရဲ့ အစားအစာစိတ်ကြိုက်ရွေးချယ် စားသုံးမှုကို အပြည့်အဝ မထိန်းချုပ်နိုင်ပေမယ့် ကလေးတွေရဲ့အာဟာရကို မြှင့်တင်ပေးနိုင်ဖို့အရသာရှိပြီး ကျန်းမာရေးနဲ့ပြည့်စုံမျှတတဲ့ နေ့လယ်စာထမင်းဘူးကိုတော့ ပြင်ဆင်ပေးနိုင်ပါတယ်။
ကလေးတွေရဲ့ အာဟာရ လိုအပ်ချက်ကို ပိုမိုလေ့လာဖို့၊ ကလေးတွေ အာဟာရချို့တဲ့မှုမဖြစ်အောင် ကြိုတင်ကာတွယ်ရာမှာ ဆောင်ရွက်ကြဖို့ လေးလေးနက်နက်အားပေး တိုက်တွန်းချင်ပါတယ်”ဟု ပြောကြားခဲ့သည်။

”သာမန်ကလေးတစ်ယောက်ရဲ့ ထုံးစံတစ်နေ့တာက ကျောင်းချိန်မတိုင်ခင်ရော ကျောင်းချိန်ပြီးတဲ့ နောက်မှာရော လှုပ်ရှားဆောင်ရွက်ရမှုအများကြီးနဲ့ အလွန်အလုပ်ရှုပ်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေကောင်းကောင်းကြီးထွားဖို့နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ရေရှည်ဆက်လက်ဆောင် ရွက်သွားနိုင်ဖို့အတွက် အာဟာရနဲ့ စွမ်းအင်အလုံအလောက်ရှိဖို့အရေးကြီးပါတယ်”ဟု ဒေါက်တာဒေါ်အေးအေးဝင်းက ပြောကြားခဲ့သည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top