Healthy Life Ad
Child

ရန်ဖြစ်တဲ့ မိဘ၊ စိတ်မရွှင်ပျတဲ့ ရင်သွေး (၃)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

မိသားစုအတွင်း အကြမ်းဖက်မှုကြောင့် စိတ်ဖိစီးမှုခံစားနေရတဲ့ကလေးတွေကို ဘယ်လို ကူညီပံ့ပိုး ပေးနိုင်သလဲ။ ကလေးကိုကူညီပံ့ပိုးပေးနိုင်တဲ့ သူတွေကတော့-

(က) ကလေးနဲ့အတူနေထိုင်တဲ့ အိမ်ထောင်စုဝင် တစ်ဦးဦး၊

(ခ) ခင်မင်စိတ်ချရတဲ့ဆွေမျိုးသားချင်း တစ်ဦးဦး၊

(ဂ) မိသားစုနဲ့ခင်မင်ရင်းနှီးတဲ့ အိမ်နီးနားချင်း အပေါင်းအသင်းမိတ်ဆွေတစ်ဦးဦး၊

(ဃ) အတန်းပိုင် ကျောင်းဆရာ၊ ဆရာမနဲ့ ကျောင်းကျန်းမာရေး၊ လူမှုရေးဝန်ထမ်းတစ်ဦးဦး၊

(င) ပရဟိတလူမှုရေးအဖွဲ့အစည်းမှ လုပ်အားပေးဝန်ထမ်းတစ်ဦးဦး၊

(စ) မိသားစုအတွင်း အကြမ်းဖက်မှု ကာကွယ်ရေး ဌာန ဒါမှမဟုတ် ကလေးတွေကို ကာကွယ် စောင့်ရှောက်ရေးဌာနမှ အမှုထမ်းတစ်ဦးဦး စတာတွေ ဖြစ်ပါတယ်။

_ _ _

အဲဒီလူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက ဘယ်လို ကူညီနိုင်သလဲ။

(၁) ကလေး စိတ်ဖိစီးမှုဒဏ်ခံစားနေရတာကို အသိအမှတ်ပြုရမယ်
မိသားစုထဲမှာ အကြမ်းဖက်မှုရှိရင် ဒီကိစ္စကို မိသားစုထဲမှာပဲ လျှို့ဝှက်ထားတတ်ကြတယ်။ ကလေးရဲ့ စိတ်ထဲမှာ ဘယ်လို ခံစားနေရသလဲဆိုတာကို လည်း အလေးမထားဘူး။ ဖိစီးမှုလက္ခဏာတွေကိုလည်း သတိမပြုမိကြဘူး။ ဒါကြောင့် မိသားစုထဲမှာ အကြမ်းဖက်မှု ဖြစ်ပွားနေရင် ကလေးမှာ စိတ်ဖိစီးမှု လက္ခဏာတွေ ရှိ၊ မရှိလေ့လာ ကြည့်ရှုဖို့ လိုပါတယ်။

(၂) ကလေးကို အချိန်ပေးပါ
တစ်နေ့အနည်းဆုံး တစ်နာရီလောက် ကလေး နဲ့တစ်ဦးချင်းတွေ့ဆုံဆက်ဆံပါ၊ စကားပြောပါ၊ စိတ် ဓာတ်ပံ့ပိုးပေးပါ။ အဲဒီအချိန်ဟာ ကလေးအတွက် “တန်ဖိုးရှိတဲ့အချိန်”ဖြစ်ပါစေ။ ကလေးရဲ့ စိတ်ထဲမှာ သူ့ကိုနားလည်တဲ့ လူ၊ ကူညီပံ့ပိုးပေးတဲ့ လူ၊ ချစ်ခင်တဲ့လူ ရှိနေသေးတယ်လို့ ခံယူမှုရှိအောင်ဆောင်ရွက်ပေးပါ။ ကလေးနဲ့အတူ ပုံပြင်စာအုပ်ဖတ်တာ၊ ကလေးစိတ်ဝင်စားတဲ့ အရာကို အတူတကွ ပူးပေါင်းလုပ်ကိုင်တာ၊ ကလေးနဲ့အတူ ကစားတာစတဲ့ အပြုအမူတွေက ကလေးခံစားနေရတဲ့ ဖိစီးမှုဒဏ်ကို သက်သာစေပါတယ်။

(၃) ကလေးပြောချင်တာကို နားထောင်ပါ
မိသားစုထဲမှာ အကြမ်းဖက်မှုကြောင့် ကလေးရဲ့ စိတ်ထဲမှာ မဖော်ပြနိုင်တဲ့ ပူလောင်တင်းကြပ်နေတဲ့ အစိုင်အခဲတွေရှိပါတယ်။ ကလေးပြောချင်တဲ့ အကြောင်းအရာတွေကို သူပြောတတ်သလို ဖွင့်ဟ ပြောဆိုနိုင်အောင်အားပေးပါ။ သင့်တော်သလို လမ်းကြောင်းပေးပါ။ စိတ်ဖိစီးမှုဒဏ်ကို သက်သာစေတဲ့ အကောင်းဆုံးကုသနည်းတစ်မျိုးက “ရင်ဖွင့်ပြောဆိုတာ”ပဲ ဖြစ်ပါတယ်။

(၄) ကလေးနဲ့ ဆက်ဆံတဲ့အခါ ပွင့်လင်းမြင် သာရိုးသားပါ
အကြမ်းဖက်တဲ့ မိသားစုထဲမှာ နေထိုင်ရတဲ့ ကလေးဟာ လူတွေကို ယုံကြည်မှု နည်းပါးလာတတ်ပါတယ်။ ဒါကြောင့် ကလေးနဲ့ ဆက်ဆံပြောဆိုတဲ့အခါ ပွင့်ပွင့်လင်းလင်းပြောပါ၊ လွယ်လွယ်နဲ့ ရှင်းရှင်းပြောပါ၊ ကူညီသင့်တာကို ကူညီပါ၊ ပေးသင့်တာကိုပေးပါ။ ဒါပေမဲ့ ကလေးအကြိုက်လိုက်ပြီး မဖြစ်သင့်၊ မဖြစ်ထိုက်တာကို အားမပေးမိဖို့၊ မဖြစ်နိုင်တာကို ကတိမပေးမိဖို့ သတိထားရမယ်။

(၅) ကလေးရဲ့ လုံခြုံရေးကို အရေးထားပါ
အကြမ်းဖက်တဲ့ မိသားစုထဲမှာ နေထိုင်ရတဲ့ ကလေးဟာ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်တွေအပြင် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တွေနဲ့လည်း ရင်ဆိုင်နေရ ပါတယ်။ ဥပမာ-မတော်တဆ ဒဏ်ရာရရှိတာ၊ အကြမ်းဖက် ခံရတာ၊ အစားအသောက် အာဟာရချို့တဲ့တာ စတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအတွက် လုံခြုံမှုကိုလည်း ဂရုစိုက်ရတယ်။ သြစတြေးလျနိုင်ငံမှာ ကလေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေရှိပါတယ်။ ဒီဥပဒေအရ သက်ဆိုင်ရာ အစိုးရ ဌာနက ကလေးရဲ့ လုံခြုံရေးအတွက် သင့်တော်သလို အရေးယူဆောင်ရွက်ပေးနိုင်တယ်။ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေက ကလေးရဲ့လုံခြုံရေးကိုတာ ဝန်မယူနိုင်ရင် အစိုးရက တာဝန်ယူပံ့ပိုးပေးတာ ဖြစ်ပါတယ်။

(၆) အပြင်လောကနဲ့ ဆက်သွယ်ပေးပါ
မိသားစုထဲမှာ အကြမ်းဖက်မှုရှိရင် ကလေးရဲ့ စိတ်ထဲမှာအားငယ်နေမယ်၊ ရှက်စိတ်ဝင်နေမယ်၊ ဒါကြောင့် အပေါင်းအသင်းတွေကို ရှောင်ကြဉ်လာမယ်။ အဲဒီအပြုအမူက ကလေးရဲ့ ဖိစီးမှု လက္ခဏာတွေကို ပိုမို ဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေ သူငယ်ချင်း ကစားဖော်ကစားဖက်တွေနဲ့ ပုံမှန်အတိုင်း ပေါင်းသင်းဆက်ဆံဖို့ တိုက်တွန်းရမယ်။ ရပ်ကွက်အတွင်း၊ ကျောင်းအတွင်းရှိ အားကစားအသင်း၊ အနု ပညာအသင်း၊ လူမှုရေးအသင်း စတဲ့ အဖွဲ့အစည်း တွေထဲမှာ ပါဝင်လှုပ်ရှားဖို့ အားပေးရမယ်။ ပရဟိတ စေတနာလုပ်အားပေးလုပ်ငန်းတွေမှာ ပါဝင်လာအောင် အစပျိုးပေးရမယ်။ အပြစ်ကင်းတဲ့ လုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားတာက ကလေးရဲ့ စိတ်ဖိစီးမှုဒဏ်ကို သက်သာပျောက်ကင်းစေပါတယ်။

(၇) စိန်ခေါ်တဲ့ အပြုအမူတွေကို ထိန်းသိမ်းပါ
စိတ်ဖိစီးမှုဒဏ်ခံရတဲ့ကလေးဟာ “အပြစ် ကင်းတဲ့အပြုအမူ”တွေအစား အပြစ်ဖြစ်စေတဲ့ “စိန်ခေါ်တဲ့အပြုအမူ” (Challenging Behaviour) တွေနဲ့ တုန့်ပြန်တတ်ပါတယ်။ ပြောစကားနား မထောင်တာ၊ အကြမ်းဖက်တတ်လာတာ၊ အိမ်ပြေးတာ၊ ကျောင်းပြေးတာ၊ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေး သုံးစွဲတာစတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ အဲဒီလို အပြုအမူတွေ အစပျိုးလာရင် အမြစ်တွယ် မသွားအောင် ထိန်းကျောင်းပေးရမယ်။ အပြစ်မဖို့နဲ့၊ အလိုမလိုက်နဲ့။ ဒါပေမဲ့ ကလေး နားဝင်သာအောင် အကျိုးအကြောင်း ရှင်းပြရမယ်။ စည်းကမ်းဘောင် သတ်မှတ်ပေးရမယ်။ ကိုယ့်အသိကို သူ့အသိဖြစ်လာ အောင်ဖျောင်းဖျရမယ်။ နားချရမယ်။ အပြစ်ကင်းတဲ့ အပြုအမူတွေနဲ့ အစားထိုး လမ်းလွှဲပေးရမယ်။ ကလေးက ပြုပြင်လာရင် ကောင်းတဲ့ အပြုအမူအတွက် ဆုပေးရမယ်။ ချက်ချင်းချီးကျူးစကားပြောရမယ်။ အပြုအမူတစ်ခု ကြီးထွားတိုးပွားလာစေချင်ရင် အဲဒီအပြုအမူကို ဖော်ပြတိုင်း ဆုချရမယ်၊ ချီးကျူးရမယ်လို့ စိတ်ပညာရှင်တွေက အဆိုပြုထားပါတယ်။

(ဂ) အကူအညီရရှိအောင် ဆက်သွယ်ပေးပါ
အကြမ်းဖက်မှုရှိတဲ့ မိသားစုနဲ့ ဒဏ်ခံနေရတဲ့ ကလေးကိုကူညီနိုင်တဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲဒီလို အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပေးနိုင်ရင် အကျိုးရှိပါတယ်။

(င) မိသားစုအတွင်း အကြမ်းဖက်မှုကို ကာကွယ်နိုင်တဲ့ နည်းတစ်ခုကတော့ လူထုပညာပေးလုပ် ငန်းဖြစ်ပါတယ်။
ဥပမာ-သြစတြေးလျနိုင်ငံ၊ ဘုရင်မကုန်းမြေ ပြည်နယ်အစိုးရက “ဘယ်နေရာမှာမဆို၊ ဘယ်တော့မှမဖြစ်စေရ” (No more,no where)ဆိုတဲ့ ဆောင်ပုဒ်နဲ့မိသားစုအတွင်း အကြမ်းဖက်မှုကို တိုက်ဖျက်နေတာမျိုး ဖြစ်ပါတယ်။ မိသားစုအတွင်း အကြမ်းဖက်မှုကို “လုံးဝလက်မခံတဲ့ အယူအဆမူ ဝါဒ”( Zero Tolerance) ပြည်သူလူထုထဲမှာ ပျံ့နှံ့ နေဖို့ပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top