Healthy Life Ad
Child

ကလေး ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေဖို့ ဘယ်လိုအစားအသောက်တွေ ရွေးချယ်ကျွေးသင့်သလဲ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

ဒီနေ့ခေတ်ကလေးတွေက ဉာဏ်ရည်ဉာဏ် သွေးမြင့်မားတာမှန်ပေမယ့် တချို့ကလေးတွေက စာသင်ရင် စိတ်မဝင်စားတာ၊ အကြောင်းအရာ တစ်ခုခုကို အာရုံစိုက်နိုင်စွမ်းနည်းတာ၊ စိတ်ဆိုးဒေါသဖြစ် လွယ်တာ၊ အဆော့လွန်တာ၊ အငြိမ်မနေတာစတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေလေးတွေကို တွေ့ရပါတယ်။ ဒီလို ကလေးတွေကို ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးဖို့ ကောင်းကောင်းကျွေးမွေးပြုစုစောင့်ရှောက်သင့်ပါတယ်။

ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးဖို့ ဘယ်အရွယ်ကတည်းက စတင်ဂရုစိုက်ရမလဲ
ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးဖို့ မိခင် ဝမ်းဗိုက်အတွင်း သန္ဓေသားဘဝကတည်းက မိခင်ဝမ်းဗိုက်ထဲမှာပင် တစ်စက္ကန့်တိုင်း၊ တစ်စက္ကန့်တိုင်း နူရွန်အသစ် ခုနစ်ရာခန့် ထုတ်နေပါတယ်။ ဒီအရွယ်ကတည်းက ဦးနှောက်ဖွံ့ဖြိုးဖို့ အာဟာရလိုအပ်နေပါပြီ။

ကလေးမွေးပြီးချိန်မှာ ဦးနှောက်ဖွံ့ဖြိုးဖို့ ဘယ်လိုအစားအသောက်တွေ ကျွေးသင့်သလဲ
ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ မိဘတွေ သတိထားရမယ့် အချက်လေးချက်ရှိပါတယ်။

(၁) သွေးတွင်းအချိုဓာတ် မျှတစွာရရှိအောင် ကျွေး ရပါမယ်။

(၂) အရေးကြီးတဲ့ အဆီဓာတ်တွေ ထည့်ကျွေးရပါမယ်။

(၃) ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အလုံအလောက် ထည့်ကျွေးရပါမယ်။

(၄) အာဟာရဓာတ်မရှိတဲ့ အစာတွေနဲ့ ခန္ဓာကိုယ်နဲ့ မတည့်တဲ့ အစာတွေကိုရှောင်ခိုင်းရပါမယ်။

(၁) သွေးတွင်း အချိုဓာတ်မျှတစွာရရှိအောင် ကျွေးခြင်း
အချိုဓာတ်က ဦးနှောက်အတွက် အလွန်အရေးကြီးတဲ့ စွမ်းအင်တစ်မျိုး ဖြစ်ပါတယ်။ အချိုဓာတ်မရှိဘဲ ဦးနှောက်မဖွံ့ဖြိုးနိုင်ပါဘူး။ အချိုဓာတ်ရောက်မှသာ ဦးနှောက်က ဖန်တီးမှုဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချိုတွေ သိပ်များလွန်းရင်၊ အချိုများတဲ့ အစာတွေ ကျွေးလွန်းရင် ကလေးရဲ့ ခန္ဓာကိုယ်ထဲ အဆီအဖြစ် သိုလှောင်ထားမှာဖြစ်ပါတယ်။ အချိုများလွန်းရင် ကလေးတွေက အဆော့လွန်ပြီး တစ်ခုခုကို အာရုံစိုက်နိုင်စွမ်း အားလျော့ကျနေမှာ ဖြစ်ပါတယ်။ အလားတူ အချို ဓာတ်နည်းလွန်းရင်လည်း ကလေးဟာ စိတ်တိုတာ၊ မောပန်းလွယ်တာ၊ အာရုံစိုက်နိုင်စွမ်းအား လျော့ကျတာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အချိုဓာတ်တွေကို မှန်မှန်ကန်ကန်ရွေးချယ်ကျွေးတတ်ဖို့လိုပါတယ်။

(၂) အရေးကြီးသည့် အဆီဓာတ်များကျွေးခြင်း
ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းကအဆီတွေနဲ့ ပြည့်ဝနေဖို့လိုပါတယ်။ ကောင်းမွန်တဲ့ အဆီတွေနဲ့ ပြည့်နေမှ ကလေးရဲ့ဉာဏ်ရည်နဲ့ အမူအကျင့်တွေ တိုးတက်လာမှာပါ။ ဉာဏ်ရည်ဉာဏ်သွေးကောင်းဖို့က လေးကိုကောင်းမွန်တဲ့ အဆီ တစ်နေ့ သုံးကြိမ် ကျွေးရပါမယ်။ အိုမီဂါ ၃၊ အိုမီဂါ ၆၊ အိုမီဂါ ၉နဲ့ DHA လိုကောင်းတဲ့ အဆီပါတဲ့ အစာတွေကျွေးရပါမယ်။ ဒါမှ ဦးနှောက်ဆဲလ်တွေနဲ့ အာရုံကြောဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်မှာပါ။ အိုမီဂါ ၃ ပါဝင်မှုများတဲ့ အစာတွေက ဆာလမွန်ငါး၊ တူနာငါး၊ အစေ့အဆန်အမျိုးမျိုး ဖြစ်ပါတယ်။

(၃)ဗီတာမင်နှင့် သတ္တုဓာတ်များလုံလောက်စွာကျွေးခြင်း
ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုမြင့်မားတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ အဝါရောင် သစ်သီးဝလံ စတာတွေကို ကျွေးရပါမယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ပြည့်ဝတဲ့ အစာတွေကို စားမှသာ ကလေးရဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေက မှန်ကန်ကောင်းမွန်နေမှာပါ။

(၄) အာဟာရတန်ဖိုးမရှိသော အစာနှင့် ခန္ဓာကိုယ်နှင့် မတည့်သော အစာများကို ရှောင်ရှားခြင်း
အာဟာရတန်ဖိုးနည်းတဲ့ အစာတွေကို ကလေးတွေ မစားသင့်ပါဘူး။ ဒါ့အပြင် တချို့ကလေးတွေက တချို့အစာတွေနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။ ကြက်ဥ၊ မြေပဲ၊ အစေ့အဆန်တချို့နဲ့ ဓာတ်မတည့်မှုတွေ ဖြစ်တတ်တဲ့အတွက် စမ်းသပ်ပြီး တည့်မှ ကျွေးသင့်ပါတယ်။ တချို့ဓာတုပစ္စည်းပါတဲ့ အစာတွေက ကလေးကို ဓာတ်မတည့်မှုတွေ ဖြစ်စေပါတယ်။

ကလေး၏ ဦးနှောက်ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် အစာ ၁၀ မျိုး
(၁) ကြက်ဥနှင့် ဥအမျိုးမျိုး
ကြက်ဥမှာပါတဲ့ အာဟာရဓာတ် ကိုလင်းနဲ့ပရို တင်းဓာတ်တွေက ကလေးငယ်တွေရဲ့ အာရုံစူးစိုက်မှု အတွက် အထောက်အကူ ပြုပါတယ်။ ကြက်ဥကို တစ်ရက်မှာ နှစ်လုံး ကျွေးသင့်ပါတယ်။

ဒီနေ့ခေတ် ကလေးတွေက ဉာဏ်ရည်ဉာဏ်သွေး မြင့်မားတာမှန်ပေမယ့် တချို့ကလေးတွေက စာသင်ရင် စိတ်မဝင်စားတာ၊ အကြောင်းအရာ တစ်ခုခုကို အာရုံ စိုက်နိုင်စွမ်း နည်းတာ၊ စိတ်ဆိုးဒေါသဖြစ်လွယ်တာ၊ အဆော့လွန်တာ၊ အငြိမ်မနေတာစတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေလေးတွေကိုတွေ့ရပါတယ်။ ဒီလို ကလေး တွေကို ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးဖို့ ကောင်းကောင်း ကျွေးမွေးပြုစုစောင့်ရှောက်သင့်ပါတယ်။

(၂) နွားနို့နှင့် ဒိန်ချဉ်
နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ပရိုတင်းဓာတ်နဲ့ဗီတာ မင်ဘီပါတာကြောင့် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးစေပါတယ်၊ အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး အင်ဇိုင်းတွေကို တိုးပွားစေပါတယ်။ ဒါ့အပြင် ဦးနှောက်အတွက် အရေးကြီတဲ့ စွမ်းအင်လည်း ရရှိစေပါတယ်။ နွားနို့မှာ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီပါတာကြောင့် ခန္ဓာကိုယ်ကြီးထွားပြီး အရပ်ရှည်စေပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို တစ်နေ့မှာ အနည်းဆုံး နှစ်ခွက် တိုက်သင့်ပါတယ်။

(၃) ငါးအမျိုးမျိုး
ငါးအမျိုးမျိုးမှာ အိုမီဂါ ၃၊ DHA၊ EPA ဗီတာမင်ဒီ များများပါတာကြောင့် ဦးနှောက်ရဲ့ ဖန်တီးနိုင်စွမ်းကို ကောင်းစေတဲ့အပြင် မှတ်ဉာဏ် လျော့ပါးမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အာရုံစူးစိုက်မှုလည်း ကောင်းစေပါတယ်။ ကလေးတွေက ငါးအရိုးစူးမှာစိုးလို့ မစားချင်ကြပါဘူး။ မိဘတွေက ကလေးငါးစားတတ်အောင်၊ ငါးကြိုက်အောင်ပုံစံ အမျိုးမျိုးလုပ်ကျွေးရမှာ ဖြစ်ပါတယ်။

(၄) အစေ့အဆန်အမျိုးမျိုး
အစေ့အဆန်တွေမှာ အိုမီဂါ ၃၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် စားပေးရင် စိတ် ရွှင်လန်းတက်ကြွစေပြီး အာရုံကြောတွေကို ကောင်းကောင်း အလုပ်လုပ်နိုင်စေပါတယ်။

(၅) အုတ်ဂျုံကွေကာ (Oatmeal)
အုတ်ဂျုံကွေကာမှာ အသားဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့အတွက် ဦးနှောက်နဲ့ နှလုံးမှာရှိတဲ့သွေးကြောတွေကိုကျန်းမာစေပါတယ်။ ကလေးကို မနက်စာအဖြစ်ကျွေးသင့်ပါတယ်။

(၆) ကောက်ပဲသီးနှံများ
ဦးနှောက်ရဲ့ အဓိကလောင်စာဖြစ်တဲ့ ဂလူးကို့စ် ကစီဓာတ်လည်း လိုတာကြောင့် ဆန်၊ ဘာလီ၊ပြောင်း စတာတွေကိုလည်း ကျွေးသင့်ပါတယ်။ ထမင်းမှာ ဗီတာမင်ဘီများများ ပါလို့ ကလေးရဲ့ အာရုံကြောလုပ် ငန်းဆောင်တာအတွက် အလွန်အရေးပါပါတယ်။

(၇) ပဲအမျိုးမျိုး
ပဲအမျိုးမျိုးမှာ အသားဓာတ်၊ ကစီဓာတ်၊ အမျှင် ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်များများ ပါဝင်တာကြောင့် ဦးနှောက်ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် တွေးခေါ်နိုင်စွမ်း တိုးတက်စေပါတယ်။ ပဲကြီးမှာ တခြားပဲတွေနဲ့စာရင် အိုမီဂါ ၃ ဖက်တီးအက်စစ် ပိုမို ပါဝင်နေပါတယ်။

(၈) ဟင်းသီးဟင်းရွက်ရောင်စုံ
ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီနဲ့ ဟင်းနု နယ်ရွက်စတဲ့ ရောင်စုံဟင်းသီးဟင်းရွက်တွေမှာ အင်တီအောက်ဆီးဒင့်လို့ခေါ်တဲ့ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ များစွာပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။

(၉) ဘယ်ရီသီးမျိုးစုံ
စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ဘလက် ဘယ်ရီသီး စတဲ့ ဘယ်ရီသီးတွေမှာ ဗီတာမင်စီ၊ အင်တီအောက်ဆီးဒင့်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တို့ ပါတဲ့အတွက် ဦးနှောက်ဆဲလ်တွေ ကျန်းမာသန်စွမ်းဖို့ အရေးကြီးပါတယ်။

(၁၀) အနီရောင် အသား
အဆီမပါတဲ့ အနီရောင်အသားမှာ သံဓာတ်နဲ့ ဇင့်ဓာတ် များစွာ ပါဝင်တာကြောင့် မှတ်ဉာဏ်ကောင်း မွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top