Healthy Life Ad
Life Style

အချင်း ရှေ့ရောက်ဖြစ်ခြင်း (Placenta Previa)

ဒေါက်တာတင့်ဆွေ

မေး။ ။ ဆရာရှင့် သမီးက ကိုယ်ဝန်ခုနစ်လထဲမှာပါ။ အချင်းကရှေ့ရောက်နေတယ်တဲ့ဆရာ။ အဲဒါ ဘာဖြစ် နိုင်မလဲ။ အန္တရာယ်ရှိလားဆရာ။ ကျေးဇူးပြုပြီး သမီးကို ပြောပြပေးပါဆရာရှင့်။

ကိုယ်ဝန်ကို အာလ်ထွာဆောင်းရိုက်တဲ့ မှတ်ချက်မှာ အချင်းကျနေတာ၊ အချင်းရှေ့ရောက်ဖြစ်တာနဲ့ အချင်းနေရာမမှန်တာစသဖြင့် ရေးတယ်။ Low Lying Placenta အချင်းအောက်ဖက်မှာ ကပ်တယ်ဆိုရင် မူမမှန်ဖြစ်နေတာပါ။ မမွေးခင် သွေးဆင်းတာကို APH ခေါ်တယ်။ အရေးကြီးတယ်။ မွေးလမ်းကြောင်းကနေ ဖွားလို့မရနိုင်ပါ။ ဗိုက်ခွဲမွေးရတယ်။ ကိုယ်ဝန်ဆောင် ၂၅၀မှာ ၁ ယောက်ဖြစ်တယ်။ တချို့စာရင်းဇယားတွေအရ ဝ ဒသမ ၅ ရာခိုင်နှုန်း လို့ ဆိုတယ်။

မွေးလမ်းကို လက်နဲ့စမ်းတာမှာ အထူးသတိထား ရတယ်။ စမ်းတဲ့လက်က သားအိမ်အဝမှာ ဘာရှိသလဲ သေချာအောင်စမ်းရင်း ကပ်နေတဲ့အချင်းကို ထိုးခွာပေးသလို ဖြစ်တတ်တယ်။ သတိကြီးတဲ့ ဆရာဝန်တွေက သံသယရှိနေရင် ခွဲမွေးနိုင်အောင် ပြင်ဆင်မှုတွေ အရင်လုပ်တယ်။

ကိုယ်ဝန် ၁၆ပတ်မှာ သားအိမ်အတွင်းမျက်နှာပြင်ရဲ့ ၂၅-၅၀ ရာခိုင်နှုန်းကို အချင်းက နေရာယူထားတယ်။

တတိယ ၃လပတ်ရောက်ရင် သားအိမ်အောက် ပိုင်းလို့ခေါ်တာဖြစ်လာတယ်။ ဒါကြောင့် အတွင်း မျက်နှာနေရာပိုကျယ်လာတယ်။ ဒါကြောင့် သားအိမ် အဝနဲ့ ဝေးတာဖြစ်လာနိုင်ခြေရှိတယ်။ ကိန်းဂဏန်းနဲ့ ရှိတာ ပြောရရင် ဒုတိယ ၃လထဲမှာ အဆင့် (၃) လုံး လုံးပိတ်နေသူတွေထဲက ၉၀ ရာခိုင်နှုန်း၊ နည်းနည်း သာပိတ်နေသူတွေထဲက ၉၅ ရာခိုင်နှုန်းတွေဟာ သူ့ အလိုလို အခြေအနေကောင်းလာနိုင်တယ်။ အရင် ဖြေတဲ့စာမှာ အချင်းနေရာပြောင်းသွားတာ မရှိဘူးလို့ ဖြေခဲ့တယ်။ အခုလိုရှင်းမှ အချင်းနေရာပြောင်းတာ မဟုတ်ပါ။

သာအိမ်အတွင်းမျက်နှာပြင် ကျယ်လာတာလို့ နားလည်စေချင်တယ်။ Ultrasound ထပ်ရိုက်ရ လိမ့်မယ်။ နေ့စေ့လစေ့အထိ အချင်းက သားအိမ် အဝမှာကပ်နေရင် အရေးကြီးပြီ။ ကလေးအတွက် ဆိုရင် –

၁။ သွေးလုံလောက်အောင်မရလို့ မကောင်းတာ (ဆုံးသွားတာ) ဖြစ်နိုင်တယ်။

၂။ (IUGR) အထဲမှာ ကလေးကြီးထွားမှု အားနည်းစေမယ်။

၃။ မွေးရာပါချို့ယွင်းချက် တခြားကလေးတွေထက် ပိုများနိုင်ခြေရှိတယ်။

မိခင်လောင်းအတွက်ဆိုရင် –

၁။ အသက်ကို ခြိမ်းခြောက်နိုင်လောက်အောင် သွေးဆင်းခြင်း၊

၂။ ဗိုက်ခွဲမွေးရခြင်း၊

၃။ မွေးဖွားပြီး သူများထက် သွေးပိုဆင်းခြင်း၊

၄။ Placenta accrete အချင်းက ရှားရှားပါးပါး သားအိမ်-ကြွက်သားအထိ တွယ်ကပ်ခြင်း၊

ကိုယ်ဝန်လရင့်နေသူဆိုရင် သိတာနဲ့ ကိုယ်ဝန်ဆောင်ကိုလုံးဝနားစေရမယ်။ လိုမယ်ထင်ရင် ဆေးရုံတင်ပါ။ လိုမယ်ဆိုတာ ကိုယ်ဝန်အနု-အရင့်၊ ကလေးအခြေအနေတွေ ကြည့်ရမယ်။ ကလေးအဆုတ် ရင့်သန်အောင် Steroid Shots ဆေးထိုးရတတ်တယ်။ သွေးဆင်းနေတာ မရပ်ရင်တော့ ခွဲပေတော့။

အချင်းရှေ့ရောက်ဖြစ်ရသူတွေထဲမှာ အသက်ကြီးသူ၊ ငယ်လွန်းသူတွေ၊ ကလေးအမွေးများသူ၊ အမြွှာဖြစ်လို့၊ ဒါမှမဟုတ် Erythroblastosis ဖြစ်လို့ အချင်းအရွယ်သိပ်ကြီးနေသူ၊ ခွဲမွေးထားသူ၊ သားအိမ်ခြစ်ဖူးသူတွေ ပါနေတယ်။
မမွေးခင် သွေးဆင်းတာ၂ မျိုးရှိတယ်။ တချို့ မှာ Placental abruption သားအိမ်တွင်းမှာအချင်း ကွာတာဖြစ်တယ်။ နောက်တစ်ခုက Placental Previa အချင်းရှေ့ရောက်ဖြစ်တာပါ။ ဒီဂရီ ၃ မျိုး ခွဲခြားတယ်။
အချင်းက သားအိမ်အဝကို ဘယ်လောက်အထိ ဖုံးနေသလဲအပေါ်မှာ မူတည်တယ်။ အစွန်းလေးမှာ ဖုံးတာ ၄၅ ရာခိုင်နှုန်း၊ တဝက်တပျက်ဖုံးတာ ၅၀ ရာခိုင်နှုန်းနဲ့ လုံးလုံးဖုံးတာ ၅ရာခိုင်နှုန်းဖြစ်နိုင်တယ်။ တချို့က အတန်းအစား ၄ မျိုးခွဲတယ်။ စာသင်ကြားရာမှာသာ အရေးပါတာပါ။

အမျာဆုံးဖြစ်တာ PP အချင်းရှေ့ရောက် ဖြစ်တာ ဖြစ်ပါတယ်။ မြန်မာဘာသာပြန်က အင်္ဂလိပ်ဆေးစာ ရှေ့ကသွားတယ် ဆိုတဲ့အတိုင်းမှန်တယ်။ ဘာရဲ့ ရှေ့ကလဲ။ ကလေးရှေ့က။ ကလေးဖွားတယ် ဆိုတာ ဒုတိယအဆင့် ကလေးက အရင်မွေးပြီး တတိယအဆင့်ရောက်မှ အချင်းက ဆင်းရမှာ။

မွေးကာနီးလာရင် သွေးနဲ့ အကျိအချွဲနဲ့ ရော ဆင်းတာကို Show ခေါ်တယ်။ ပုံမှန် ကလေးဖွားကာ နီးသူတိုင်းဖြစ်တယ်။ APH ဖြစ်လို့ သွေးဆင်းတာက သွေးနီနီရဲရဲ၊ ဗိုက်လည်းမနာဘဲဆင်းတာမျိုး ဖြစ်တယ်။

နေ့လယ်ခင်းမှာ စဆင်းတာ များတယ်။ ကိုယ် ဝန် ၂၄ ပတ် ကျော်သူတွေမှာ အဲလိုဖြစ်ရင် အချင်းရှေ့ရောက်ကို သံသယရှိရတော့မယ်။ နုသေးရင် ကိုယ်ဝန်ပျက်စာရင်းထဲ ဝင်မယ်။

မွေးလမ်းကို လက်နဲ့စမ်းတာမှာ အထူးသတိ ထားရတယ်။ စမ်းတဲ့လက်က သားအိမ်အဝမှာ ဘာရှိသလဲ သေချာအောင်စမ်းရင်းကပ်နေတဲ့ အချင်းကိုထိုးခွာပေးသလို ဖြစ်တတ်တယ်။ သတိကြီးတဲ့ ဆရာဝန်တွေက သံသယရှိနေရင် ခွဲမွေးနိုင်အောင် ပြင်ဆင်မှုတွေ အရင်လုပ်တယ်။ တောမှာ ဒါမှမဟုတ် ခွဲစိတ်ကိရိယာမရှိတာမျိုးကြုံရင် မွေးလမ်းကနေ မွေးပေးနည်းလည်း ကြံဖန်နိုင်ပါသေးတယ်။ ၂ နည်း ရှိတယ်။ မအေကို ကယ်ဖို့သာ ဖြစ်ပါတယ်။

အချင်းက နေရာမှန် ပြန်မရောက်နိုင်ပါ။ ကလေးအနေအထားကသာ ပြင်သွားတတ်တယ်။ အခု တစ်ခါ အဲလိုဖြစ်ပေမယ့် နောက်ကိုယ်ဝန်တွေမှာ ပုံမှန်ဖြစ်နိုင်တယ်။ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ ပြောရရင် ကံတရားပါပဲ။ မိဘတွေ ချို့ယွင်းကြလို့ မဟုတ်ပါ။ သန္ဓေတည်တည်ချင်း အချင်းကပ်တာက သားအိမ်အထက်ပိုင်းမှာ ပုံမှန်ကပ်ရမှာကို အောက်မှာသွားကပ်လို့ ဒီလိုဖြစ်လာတာ။ ကံတရားပါပဲ။

မိခင်လောင်းတွေ ကံကောင်းကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top