Healthy Life Ad
Health Tips

နံနက်တိုင်း ပြုလုပ်သင့်သော ယောဂလေ့ကျင့်ခန်း ၅မျိုး

၊ ကိုထက် ၊

နေခြည်နုနုဖြာကျနေတဲ့ နံနက်ခင်းအချိန်မှာ ဒီယောဂကျင့်စဉ်ငါးရပ်ကို ကျင့်ပေးမယ်ဆိုရင် တစ်နေ့တာလုံး စိတ်ခွန်အားပြည့်ဝစေပါတယ်။


(၁) နေရောင်ခြည်ကို နှုတ်ဆက်သည့်ကျင့်စဉ်

မနက်အိပ်ရာနိုးနိုးချင်း အပြင်ထွက်လိုက်ပါ။ နံနက်ခင်းနေ ခြည်နုနုအောက်မှာ မတ်တပ်ရပ်ပြီး ကောင်းကင်ကို လက်နှစ်ဖက်ဆန့်တန်းကာ နှုတ်ဆက်လိုက်ပါ။ ပြီးရင် တစ်ကိုယ်လုံးကို ဘေးဘက်သို့ ကွေးညွတ်ပေးပါ။ လက်တစ်ဖက်ကို အထက်မြှင့်ထားပြီး ကျန်လက်တစ်ဖက်ကို ပေါင်ဘေးမှာထားရမှာဖြစ်ပါတယ်။ ဒီအချိန်မှာ လည်ပင်းနဲ့ဦးခေါင်းကို အနားပေးထားပါ။ ပြီးရင် တခြားဘက်ကိုလှည့်ပေးပါ။ ငါးကြိမ်ပြုလုပ်ပါ။


(၂) ခြေထောက် အကြောဆန့်ကျင့်စဉ်

ခန္ဓာကိုယ်ကို ဘေးတစ်စောင်းရပ်ပြီး ခေါင်းငုံ့ကာ လက်နှစ်ဖက်က ခြေချောင်းတွေနဲ့ ထိတွေ့ပေးရမှာဖြစ်ပါတယ်။ ကားထဲအချိန်ကြာကြာထိုင်ရသူ၊ အလုပ်မှာ အထိုင်များသူတွေအတွက် ခြေသလုံးကြွက်သားတွေကို ပြေလျော့စေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ အသက်ဝ၀ရှူပေးပါ။


(၃) စွမ်းအင်တိုး စေသည့်ကျင့်စဉ်

တစ်နေ့လုံး အလုပ်လုပ်တဲ့အခါ ခန္ဓာကိုယ်ဟန်ချက်မျှပြီး စွမ်းအင်တိုးစေဖို့ လုပ်သင့်တဲ့ လေ့ကျင့်ခန်းပါ။ မတ်မတ်ရပ်ပြီး ခြေထောက်တစ်ဖက်ကို ကျန်ပေါင်ရင်းနဲ့ ခပ်ဖြောင့်ဖြောင့်ထိကပ်ထားရမှာ ဖြစ်ပါတယ်။ လက်နှစ်ဖက်ကို ဆန့်တန်းထားပေးပါ။


(၄) ယုံကြည်မှု ရှိစေသည့် ကျင့်စဉ်

ဒီကျင့်စဉ်က တစ်နေ့လုံး ခန္ဓာကိုယ်သန်စွမ်းပြီး စွမ်းအင်နဲ့ ယုံကြည်မှုတို့ တိုးစေတဲ့ကျင့်စဉ်ဖြစ်ပါတယ်။ လေးဖက်ထောက်ပြီး ဦးခေါင်းကို မတ်မတ်ထားကာမော့လိုက်ပါ။ ပြီးရင် ခေါင်းကိုပြန်ငုံ့ပေးရမှာ ဖြစ်ပါတယ်။ ခေါင်းငုံ့ချိန်မှာ အသက်ရှူသွင်းပြီး ခေါင်းပြန်မော့ချိန်မှာ အသက်ရှူထုတ်ပေးရမှာ ဖြစ်ပါတယ်။


(၅) အသက်ဝ၀ ရှူသွင်းသည့်ကျင့်စဉ်

နံနက်ခင်းမှာ အသက်ဝ၀ ရှူသွင်း/ရှူထုတ် လုပ်ထားရင် တစ်နေ့လုံး အဆုတ်အားကောင်းနေပါလိမ့်မယ်။ အသက် ပြင်းပြင်းရှူတာကြောင့် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top