Healthy Life Ad
Child

အရမ်းငိုတဲ့ ကလေးလေးတွေ . . . .

ဒေါက်တာသီရိ (MBBS,MPH,DCH)

နေ့တိုင်းနေ့တိုင်း လနဲ့ချီပြီး အရမ်းငိုတဲ့က လေးလေးတွေကြောင့် ဖေဖေမေမေတို့ ဘာလုပ်ရမှန်းမသိ၊ စိတ်တွေပူ၊ ချော့မရနဲ့ ကိုယ်ပါရောငိုချင် လောက်အောင်ဖြစ်ရတဲ့ အချိန်မျိုးတွေရှိတတ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အဲ့လိုကလေးလေးတွေကို Colic Crying Baby/Unsettling Baby လို့ခေါ်ကြပါတယ်။ နှစ်ပတ်ကနေ လေးလအတွင်း ကလေးလေးတွေမှာ ပိုပြီးဖြစ်လေ့ရှိပြီး အများအားဖြင့် ညနေခင်းအချိန်တွေမှာ ပိုဖြစ်လေ့ရှိပါတယ်။

ဘာလို့ဖြစ်တာလဲ …

– ရောဂါရှိလို့
တစ်ခါတလေ ကလေးမှာ ရောဂါအခံတစ်ခုခုရှိ နေလို့ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ကြည့်ပါ။ ဒါပေမဲ့ ကလေးအများစုမှာတော့ ဘာရောဂါမှရှာတွေ့မှာ မဟုတ်ပါဘူး။ ဒီအရွယ်ကလေးလေးတွေအတွက်ငိုတယ်ဆိုတာ တကယ်တော့ သူတို့နေရတာသက်သောင့်သက်သာမရှိတာတွေ၊ စိတ်မပျော်တာတွေကို ဖေဖေ၊ မေမေတို့ကို ဆက်သွယ်ပြောပြဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်နေလို့ပါ။ ပြီးတော့ ငိုတယ်ဆိုတာ ကလေးတို့ ကြီးထွားမှုဖြစ်စဉ်ရဲ့ ပုံမှန်အစိတ်အပိုင်းဖြစ်ပါတယ်။

– အတွေ့အကြုံအသစ်တွေကြောင့်
မွေးကင်းစကလေးလေးတွေက သူတို့အတွက် အတွေ့အကြုံအသစ်တွေနဲ့ သဟဇာတဖြစ်ဖို့ ကြိုး စားနေရချိန်ဖြစ်ပါတယ်။ ပြင်ပပတ်ဝန်းကျင်လောက ကြီးရယ်၊ သူတို့ကိုယ်ခန္ဓာသေးသေးလေးရဲ့ အမျိုးစုံ ဖြစ်ပျက်ပြောင်းလဲနေတာကိုဘယ်လိုခံစားလဲ၊ ဘယ်လိုပြန်ပြီး တုံ့ပြန်လဲဆိုတာ လူကြီးတွေတစ်ယောက် နဲ့တစ်ယောက် စိတ်ဆတ်တာ၊ သည်းခံနိုင်တာ၊ ပျော်ပျော်နေတတ်တာ၊ စိတ်ရှုပ်လွယ်တာ စသဖြင့်မတူသလိုပဲ ကလေးလေးလေးတွေမှာလည်း မတူကြပါဘူး။

အဝတ်မှာရှူရှူးတွေစိုနေတာ၊ ရာသီဥတုပူတာ၊ အေးတာ၊ ဗိုက်ဆာတာ၊ ဗိုက်ထဲလေထိုးတာ၊ ပင်ပန်းတာ၊ စိတ်လှုပ်ရှားတာ၊ စိတ်မပျော်တာ၊ အဖော်လိုချင်တာ ဒီအချက်တွေကလည်း ကလေးလေးတွေကို တစ်ခါတလေ မအီမသာဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဘယ်လိုသက်သောင့် သက်သာနေရမလဲဆိုတာကို အချိန်ကြာလာတာနဲ့အမျှ သူတို့ဘာသာသူတို့ သိလာပါတယ်။ ဥပမာ ချိုချိုကောင်းကောင်းစို့ရင် ဗိုက်သိပ်မဆာဘူး၊ အိပ်လိုက်ရင်ပင်ပန်းတာပျောက်မယ်၊ ဖေဖေမေမေတို့နဲ့ တူတူကစားမယ်၊ ဝူးဝူးဝါးဝါးပြောမယ် ဒါဆိုရင် စိတ်ပျော်တယ်။ ဒါပေမဲ့ တချို့ကလေးတွေက အတွေ့အကြုံအသစ်တွေနဲ့ မြန်မြန်လိုက်လျောညီထွေဖြစ်အောင်နေတတ်ပေမယ့် တချို့ကလေးလေးတွေက အချိန်ပိုယူနိုင်ပါတယ်။

– မတူညီမှုများ
တချို့ကလေးလေးတွေက အလွယ်တကူ ထိတ်လန့်ကြောက်ရွံ့လွယ်တတ်ကြပါတယ်။ တစ်ခါတလေ တခြားကလေးတွေအတွက် ဘာပြဿနာမှ မဟုတ်တဲ့ကိစ္စလေးတွေကိုတောင် တချို့ကလေး လေးတွေကတော့ သဟဇာတဖြစ်အောင် ခက်ခက်ခဲခဲနဲ့ ကြိုးစားရပါတယ်။ နောက်အရေးကြီးတဲ့အ ချက်ကတော့ မိသားစုဝင်တွေရဲ့ပျော်ရွှင်မှု၊ ဝမ်းနည်းမှုစတဲ့ စိတ်ခံစားမှုတွေကပါ ကလေးလေးအပေါ်အများကြီးလွှမ်းမိုးနိုင်ပါတယ်။

– ဖေဖေ၊ မေမေတို့အပေါ် သက်ရောက်မှု
ကလေးလေးတွေ အရမ်းငိုနေပြီဆိုရင်မိဘတွေ အနေနဲ့လည်း ငါများဘာအမှားလုပ်မိလဲဆိုပြီး စိုးရိမ် စိတ်တွေဝင်တတ်ပါတယ်။ အရမ်းဆိုးလာရင်တော့ ကလေးကိုဆက်ပြီး ပြုစုစောင့်ရှောက်ဖို့တောင် ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုမဲ့လာတတ်ပါတယ်။ စိတ်ဓာတ်ကျလာတာတွေ၊ မိသားစုပြသနာတွေ၊ ကလေး ကိုစိတ်ပျက်လာတာတွေက မိဘနဲ့ကလေးကြား ရင်းနှီးမှုတွေ၊ ပျော်ရွှင်မှုတွေတဖြည်းဖြည်းနဲ့ လျော့နည်း လာစေပြီး ပြသနာတွေပိုဆိုးလာနိုင်ပါတယ်။

ဘာတွေလုပ်မလဲ
အရင်ဆုံးဆရာဝန်နဲ့ပြပါ။ ကျန်းမာရေးချို့ယွင်းလို့မဟုတ်ဘဲ Colic Crying Baby/Unsettling Baby ပဲဖြစ်တာပါလို့ ဆရာဝန်ကပြောရင် အောက်က အကြံပြုချက်တွေကို လိုက်လုပ်ကြည့်ပါ။

မိဘတွေက တည်တည်ငြိမ်ငြိမ်ရှိပါစေ။ အဲဒါကတကယ်တော့ ပြောရလွယ်ပြီးလုပ်ရခက်ပါတယ်။ ကလေးကငို၊ ယောကျာ်းကတမျိုး အဘွားကတမျိုးနဲ့ အရမ်းခက်ခဲတဲ့အချိန်ပါ။ ကလေးငိုနေတာကိုရပ် အောင်မလုပ်နိုင်ပေမယ့် ကလေးလေးရဲ့ စိတ်ဖိစီးနေတာတွေ၊ အလိုမကျဖြစ်နေတာတွေကို သက်သာ အောင်ကူပေးနိုင်ပါတယ်။ ဒါပေမဲ့ မေမေတို့ကိုယ်တိုင် စိတ်တွေညစ်နေ၊ ရှုပ်နေမယ်ဆိုရင်တော့ ကူ ပေးဖို့ခက်ပါမယ်။ အဲဒါကြောင့် ကိုယ့်ပတ်ဝန်းကျင် ကလူတွေကိုလည်း နားလည်အောင်ရှင်းပြပါ။

– ကလေးကို နို့၊ နို့ဗူး အရင်တိုက်လိုက်ပါ။ ကလေးက ခဏတဖြုတ်ငြိမ်သွားပါလိမ့်မယ်။

– ချိုလိမ်တွေ၊ ကလေးလေးတွေကိုက်ဖို့အတွက် ထုတ်ထားတဲ့ အရုပ်လေးတွေ ကလေးကိုပေးပါ။

– ကလေးဘာများလိုချင်လို့လဲ၊ ဖြစ်ချင်လို့လဲဆိုပြီး ကလေးနေရာကနေစဉ်းစားကြည့်ပါ။ ဒါပေမဲ့ ငိုတိုင်းတချိန်လုံးချီထားတာတို့။ နို့တိုက်တာတို့ မလုပ်ပါနဲ့။ ကလေးလက်ကြိုက်သွားရင် နောက် ပိုင်းမှာ အမေ အရမ်းပင်ပန်းပါတယ်။

– ကလေးလေးကို ကိုယ့်လက်ပေါ်မှာမှောက်ပြီး အ ထက်အောက်ယိမ်းပေးတာတို့၊ ပခုံးကြိုးသိုင်းနဲ့ ကလေးကိုထည့်ပြီး သိပ်ပေးတာတို့ လုပ်နိုင်ပါတယ်။

– နူးနူးညံ့ညံ့ညင်ညင်သာသာစကားတွေပြောပေးတာကိုလည်း ကလေးလေးတွ ကြိုက်ပါတယ်။

– သာယာတဲ့ ဂီတသံလေးတွေဖွင့်ပေးပါ။

– ရေနွေးနွေးလေးချိုးပေးကြည့်ပါ။

– အုန်းဆီ၊ သံလွင်ဆီလိမ်းပြီး ကလေးလေးကို ညင်ညင်သာသာနှိပ်နယ်ပေးပါ။

ကလေးအငိုတိတ်အောင် ဘာတွေလုပ်ပေးမယ် ဆိုတာ သုံးလေးခု သတ်မှတ်ထားပြီး အမြဲလုပ်ပေးပါ။ သူစိတ်ရှုပ်လို့ငိုရင် သူ့မေမေက ဘာလုပ်ပေးမယ် ဆိုတာ တဖြည်းဖြည်းနဲ့ ကလေးလေးသိလာပါလိမ့် မယ်။ ပုံမှန်အချိန်တစ်ခုမှာ ဥပမာ ညနေစောင်းမှာ ငိုလေ့ရှိတယ်ဆိုရင်တော့ ပိုလွယ်ပါတယ်။ ကလေး ကိုစောစောနို့တိုက်ထားပြီး သူပုံမှန်ငိုနေကြအချိန်မှာ ပခုံးကြိုးသိုင်းလေးနဲ့ထည့်ပြီး လမ်းလျှောက်ထွက် တာမျိုးလုပ်ပြီး စိတ်ပြောင်းအောင်လုပ်ပေးပါ။

တချို့ကလေးလေးတွေကတော့ အမေကိုမျက် စေ့အောက်က အပျောက်မခံပါဘူး။ အဲလိုဖြစ်လို့ စိတ်မရှုပ်နေဘဲ တတ်နိုင်သလောက်ကိုယ့်ကိုကလေး မြင်နိုင်တဲ့ နေရာမှာနေပြီး အလုပ်လုပ်ပါ။ ကလေးကို ပခုံးသိုင်းကြိုးနဲ့ ချီပြီးဖြစ်ဖြစ်၊ တွန်းလှည်းလေးထဲမှာ ထည့်ပြီးဖြစ်ဖြစ် ကိုယ့်အနားမှာ ခေါ်ထားလိုက်ပါ။ အချိန်တစ်ခုကြာလာရင် သူ့ဘာသာနေတတ်လာပါ လိမ့်မယ်။

ကလေးတွန်းလှည်းလေးမှာ အရုပ်လေးတွေ ချိတ်ပေးထားရင်လည်း ကလေးလေးနိုးလာရင် သူ့ မှာကြည့်စရာတွေရှိပြီး သူတစ်ယောက်ထဲလို့မခံစားရ တော့ပါဘူး။ ဖြစ်နိုင်ရင် ကလေးလေးမြင်နိုင်တဲ့ အမြင့်လောက်ရှိတဲ့ နံရံမှာ ဖေဖေ၊ မေမေ၊ ကလေး လေးနဲ့မိသားစုဓာတ်ပုံတွေကပ်ထားပါ။

– ကလေးလေးနဲ့ တူတူဆော့ပေးပါ။

– ကလေးကိုဆေးတိုက်ဖို့လိုလား။

ကလေးငယ်လေးတွေကိုမလိုအပ်ဘဲ ဆေးတိုက် တာက ကောင်းကျိုးထက်ဆိုးကျိုးကိုပိုများစေပါတယ်။

ဒါတွေဖြစ်ရင်ဆရာဝန်နဲ့ ပြပါ။

– နေမကောင်းလို့ အရမ်းငိုနေတယ်ထင်ရင်

– နို့မစို့တော့ရင်၊ နို့စို့တာ ပုံမှန်ထက်တစ်ဝက် လောက်နည်းသွားရင်

– အကြာကြီးအဆက်မပြတ်ငိုနေရင်

– အမေကိုယ်တိုင်စိတ်ဓာတ်ကျလာရင်

– ကလေးအရမ်းငိုလွန်းလို့ အိမ်ထောင်ရေး ထိခိုက်လာရင်

မှတ်သားရန်အချက်များ
ချော့မရအောင် ကလေးတွေအရမ်းငိုယိုဂျီတိုက်တာက လေးလလောက်အထိ ကလေးအများစုမှာဖြစ် တတ်ပါတယ်။
ကလေးကိုကြည့်ရတာ စိတ်ရှုပ်နေတယ်လို့ ထင်ရင် စိတ်သက်သာအောင်လုပ်ပေးပါ။
ကလေးတစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ တချို့ကလေးတွေက တခြားကလေးတွေထက်ပိုပြီး ငိုကြောရှည်တတ်ပါတယ်။ ဒါပုံမှန်ပါပဲ။
တစ်ခါတစ်ရံ ကလေးနေမကာင်းလို့ငိုတာဖြစ်ပြီး အများအားဖြင့်တော့ ဘာရောဂါအခံမှမရှိဘဲ ငိုတာဖြစ်ပါတယ်။
အရေးကြီးဆုံး အချက်ကတော့ ကလေးကို ဘယ်တော့မှ ကြမ်းကြမ်းတမ်းတမ်းကိုင်လှုပ်ခါယမ်းတာမျိုးမလုပ်မိပါစေနဲ့။ ဦးနှောက်အတွင်းသွေး ယို။ ဉာဏ်ရည်မမှီ။ သေဆုံးတာအထိဖြစ်နိုင်ပါတယ်။
_ _ _
Sources: Colic crying babies unsettled babies- patent handout. Royal children hospital, Melbourne. Australia.

Most Popular

Healthy Life Ad
To Top