Healthy Life Ad
International

ကလေးတစ်ယောက်ကြီးပြင်းရန် အကောင်းဆုံး နိုင်ငံစာရင်းတွင် နော်ဝေနှင့် စလိုဗေးနီးယားတို့ ထိပ်ဆုံးတွင် ပူးတွဲရပ်တည် မြန်မာ အဆင့် ၁၁၂တွင်ရှိ

၊ မိုးမင်းထွန်း ၊

Save The Children အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၇ အစီရင်ခံစာအရ ကလေးတစ်ယောက်ကြီးပြင်းဖို့ အကောင်းဆုံးနိုင်ငံစာရင်းမှာ နော်ဝေနဲ့ စလိုဗေးနီးယားတို့က ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နေပါတယ်။ သူ့နောက်မှာ ဖင်လန်၊ နယ်သာလန်၊ ဆွီဒင်၊ ပေါ်တူဂီ၊ အိုင်ယာလန်စတဲ့ ဥရောပနိုင်ငံတွေက အသီးသီးရပ်တည်နေကြပါတယ်။

နိုင်ငံပေါင်း ၁၇၂နိုင်ငံတို့ရဲ့ရမှတ်တွေကို တွက်ချက်ထားပြီး မြန်မာနိုင်ငံက အဆင့် ၁၁၂ မှာရပ်တည်နေပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံက အဆင့် ၈၄၊ အိန္ဒိယအဆင့် ၁၁၆၊ တရုတ်အဆင့် ၄၁၊ လာအိုအဆင့် ၁၃၀တို့နဲ့ အသီးသီးရပ်တည် နေကြပါတယ်။ အဆိုးဆုံးနိုင်ငံတွေအဖြစ် အနောက်နဲ့ ဗဟိုအာဖရိကနိုင်ငံတွေက ရပ်တည်နေပြီး အဆင့်အနိမ့်ဆုံး နိုင်ဂျာနိုင်ငံမှာ ၅၉ လနဲ့အောက်ကလေးငယ် ၄၃ ရာခိုင်နှုန်းဟာ အာဟာရချို့တဲ့နေကြတယ်လို့ သိရပါတယ်။ ရလဒ်တွေကို အသက် ၅နှစ်အောက် ကလေးငယ်သေဆုံးနှုန်း၊ အာဟာရချို့တဲ့မှု၊ ကျောင်းမနေတဲ့ အရေအတွက်၊ ကလေးလုပ်သား၊ အရွယ်မရောက်ခင် အိမ်ထောင်ပြုခြင်း၊ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်နှုန်း၊ ပဋိပက္ခအဖြစ်အပျက်တွေကြောင့် နေရာအတည်တကျ မနေထိုင်နိုင်မှုနဲ့ ကလေးလူသတ်မှုစတဲ့ အချက် ၈ချက်အပေါ် အခြေခံတွက်ချက်ထားတယ်လို့ သိရပါတယ်။

အိမ်ထောင်စုအချက်အလက်တွေကို အခြေခံတွက်ချက်ထားပြီး အိမ်မဲ့ယာမဲ့ကလေးငယ်တွေ၊ မိဘမဲ့ဂေဟာမှ ကလေးငယ်တွေရဲ့အချက်အလက်တွေ မပါဝင်တာကြောင့် အစီရင်ခံစာမှာ လိုအပ်ချက်ရှိနိုင်ကြောင်း Save The Children အဖွဲ့က ဝန်ခံထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top