Healthy Life Ad
International

ပန်းနာရင်ကျပ်ရောဂါအတွက် ငါးအရှင်မျိုချသည့်နည်းဖြင့် ကုသမှုခံယူရန် လူထောင်ပေါင်းများစွာတန်းစီ

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှာ ဇွန်လရောက်တိုင်း နိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့သို့ ပန်းနာရင်ကျပ်ဝေဒနာရှင်တွေ စုဝေးလေ့ ရှိကြပါတယ်။ သူတို့ဟာ ရိုးရာဖော်စပ်ထားတဲ့ အဝါရောင်ဆေးအနှစ်နဲ့ မံထားတဲ့ မုရယ် (murrel)ငါးအရှင်ကို မျိုချဖို့ ရောက်လာကြတာပါ။

ဒီဆေးနည်းကို ဘက်တီနီဂေါက် မိသားစုက ၁၈၄၅ ခုနှစ်မှာ ဟိန္ဒူသူတော်စင်တစ်ပါးထံမှ ရရှိခဲ့တယ်လို့ဆိုပါတယ်။ မုတ်သုံရာသီဝင်ချိန် ဇွန်လရောက်တိုင်း ဆေးကုသမယ့်ရက်နှစ်ရက်ကို သတ်မှတ်ပြီး ကုသပေးပါတယ်။ ငါးအရှင်မျိုချတာက လည်ချောင်းရှင်းစေပြီး ပန်းနာရင်ကျပ်ရောဂါပျောက်ကင်းစေနိုင်ရုံမက တခြားအသက်ရှူလမ်းကြောင်းရောဂါတွေကိုလည်း သက်သာစေတယ်လို့ ယုံကြည်ထားကြပါတယ်။ မိဘတွေက ကြောက်ရွံ့ငိုကြွေးနေတဲ့ ကလေးတွေရဲ့ပါးစပ်ကို အတင်းဖြဲပြီး ငါးအရှင်မျိုချစေသလို တချို့ကလည်း မျက်လုံးပိတ်၊ နှားခေါင်းပိတ်ကာ တွန့်လိမ်နေတဲ့ ငါးအရှင်ကို အတင်းမျိုချကြပါတယ်။

ငါးအရှင်မျိုချပြီးတဲ့ လူနာတွေက နောက်ထပ် ၄၅ ရက်ကြာ သတ်မှတ်ထားတဲ့ အစာကိုသာမှီဝဲရပါတယ်။ အခမဲ့ဆေးကုသမှုခံယူဖို့ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှ လူထောင်ပေါင်းများစွာ လာရောက်ကြလေ့ရှိပြီး ဒီအချိန်ရောက်တိုင်း အစိုးရက အထူးရထားတွေ စီစဉ်ပေးသလို ရဲတွေကလည်း လူအုပ်ရှင်းလင်းရေးလုပ်ငန်းတွေ လာရောက်လုပ်ကိုင်ပေးလေ့ရှိကြောင်း သိရပါတယ်။ တိရစ္ဆာန်အခွင့်အရေးသမားတွေ၊ ဆရာဝန်တွေက သိပ္ပံနည်းမကျတဲ့ ဆေးကုသနည်းကို ပြင်းပြင်းထန်ထန်ဝေဖန်ထားကြပေမယ့် ဒီဆေးကုပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တယ်လို့လည်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top