Healthy Life Ad
Life Style

ချစ်ခြင်းမေတ္တာနှင့် လက်ထပ်ခြင်း

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

“တချို့လူတွေက ချစ်တဲ့သူနဲ့ လက်ထပ်တဲ့ သူဘာကြောင့် မတူရတာလဲ”

ကျောင်းသားတစ်ယောက်က ဆရာကို မေးတယ်။

“မင်း အဖြေကို မဖြေခင် ဟိုးစပါးနှံခင်းထဲကိုသွားပြီး အကောင်းဆုံး စပါးနှံတစ်ခက်ကို ရွေးယူပြီး ပြန်လာပါ။ တစ်ခက်ကိုပဲ ယူလာရမှာနော်၊ ပြန်လဲ ယူလို့မရဘူး”

ကျောင်းသားက စပါးနှံခင်းထဲသွားပြီး ပထမဆုံးအခင်းထဲက သူသဘောကျတဲ့ ခပ်ကြီးကြီး စပါးနှံကိုယူလိုက်တယ်။ ထပ်သွားလိုက်တော့ ဒါ့ထက်ပို ကြီးတာတွေ့ပြန်ရော၊ သူကပိုကြီးတာ ရွေးရင်းရွေးရင်းနဲ့ နောက်ဆုံးမှာ စပါးခင်းတစ်ဝက်ကျော်ကို သူရောက်သွားခဲ့တယ်။ အကောင်းဆုံးတွေ့ဖို့ ထပ်သွားရင်း နောက်ဆုံးမှာ သူဘာကို ရွေးရမှန်း မသိတော့ဘူး။

လယ်ကွင်းတစ်ခုလုံးဖြတ်ပြီး အကောင်းဆုံးဆိုတာ သူမဆုံးဖြတ်နိုင်တာနဲ့ လက်ဗလာနဲ့ဆရာဆီ သူပြန်လာခဲ့တယ်။

“မင်းဟာ အကာင်းဆုံးရဖို့ လက်ထဲမှာရှိတဲ့ အရာထက် ပိုကောင်းတဲ့ အရာကို ရွေးခယ်ခဲ့တယ်။ နောက်ဆုံးတော့ ဘာတစ်ခုမှမရတော့ဘူး။ ပြန်သွားလို့လည်း မရတော့ဘူး။ ဒါက ချစ်ခြင်းမေတ္တာနဲ့ တူတယ်။ လူတွေက ကိုယ်ချစ်တဲ့သူတွေကို တန်ဖိုးထားရမှန်းမသိလို့ ရွေးချယ်ရင်း ရွေးချယ်ရင်း ဘဝမှာ အကောင်းဆုံးလူတွေကို ဆုံးရှုံးသွားရတတ်တယ်”

“ဒါဆိုရင် ဘယ်သူ့ကိုမှ မချစ်သင့်ဘူးလို့ ဆိုလိုတာလား ဆရာ”
“မဟုတ်ပါဘူးကွယ်။ သင့်တော်တဲ့ သူကိုတွေ့ရင် လူတိုင်းချစ်နိုင်ပါတယ်။ ကိုယ်တကယ် ချစ်တဲ့သူကိုတွေ့တဲ့အခါ တခြားသူတွေနဲ့ နှိုင်းယှဉ် ပြီးတော့ပဲဖြစ်ဖြစ်၊ ဒေါသနဲ့ မာနကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်ဆီကနေ ထွက်မသွားခိုင်းကြပါဘူး”

“အဲဒါက လက်ထပ်ခြင်းလား ဆရာ”
“ဒီအဖြေကို ပေးနိုင်ဖို့ ပြောင်းဖူးခင်းထဲ သွားပြီး အကြီးဆုံး ပြောင်းဖူးကိုရွေးယူခဲ့ပါ။ တစ်ဖူးပဲ ယူရမှာ၊ ပြန်သွားလို့ မရဘူး”
ဒီတစ်ခါမှာတော့ ကျောင်းသားက ပြောင်းဖူးခင်းထဲကိုသွားပြီး ပထမတစ်ခါလို အမှားမျိုး မဖြစ် အောင်သတိထားပြီး သူအကြိုက်ဆုံးနဲ့ စိတ်အကျေ နပ်ဆုံးပြောင်းဖူးတစ်ဖူးကို ယူလာခဲ့ပါတော့တယ်။

“ပထမတစ်ခါတုန်းက လက်ထဲဘာမှ မပါဘဲ ပြန်လာခဲ့တယ်။ အခုတစ်ခါမှာတော့ အကြိုက်ဆုံး အရာတစ်ခုပါလာတယ်။ ဒါက ချစ်ခြင်းမေတ္တာနဲ့ လက်ထပ်ခြင်းရဲ့ကွာခြားချက်ပဲ”
စိတ်ရှုပ်ထွေးသွားတဲ့ကျောင်းသားကို ဆရာက ဖြည့်စွက်ပြောပြလိုက်တယ်။

“ချစ်ခြင်းမေတ္တာမှာ ကိုယ့်အတွက် ပိုကောင်းတဲ့ အရာကို ရွေးချယ်ရင်း တကယ်ချစ်တဲ့အရာကို လက်လွှတ်ရလေ့ရှိပေမယ့် လက်ထပ်တဲ့အခါ လူတွေက ကိုယ့်အတွက် သင့်တော်တဲ့အရာကို ရွေးချယ်လေ့ရှိကြတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top