Healthy Life Ad
International

ကြက်သွန်နီစားပေးခြင်းက ကင်ဆာရောဂါ တိုက်ခိုက်ရာတွင် ကူညီနိုင်ဟု သုတေသနအသစ်ကဆို

၊ မိုးမင်းထွန်း ၊

ကင်ဆာအကျိတ်တွေတိုက်ဖျက်ဖို့ ကြက်သွန်နီမှာပါတဲ့ အားကောင်းတဲ့ ဓာတ်ပေါင်းတွေက အကူအညီပေးတယ်လို့ သုတေသနအသစ်ကဆိုပါတယ်။ ကနေဒါနိုင်ငံ၊ ဂွယ့်လ်ဖ် တက္ကသိုလ်မှ ဒီသုတေသနကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သုတေသီတွေက မတူညီတဲ့ ကြက်သွန်နီအမျိုးအစား ၅မျိုးမှ ထုတ်နှုတ် ထားတဲ့ Quercetin ဓာတ်ကို အူမကြီးကင်ဆာဆဲလ်တွေနဲ့ တိုက်ရိုက်ထိတွေ့စေခဲ့ရာမှာ ကင်ဆာဆဲလ်တွေ သေဆုံးသွားတာတွေ့ရှိခဲ့ပါတယ်။

နောက်ထပ်လေ့လာမှုအရ ရင်သားကင် ဆာဆဲလ်တွေသေစေနိုင်တဲ့ အစွမ်းရှိကြောင်းလည်းတွေ့ရှိခဲ့ပါတယ်။ အနီရောင်ကြက်သွန် နီတွေက စွမ်းအားအကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ကြက်သွန်နီဟာ Quercetin ဓာတ်အများဆုံးပါဝင်တဲ့ ဟင်းသီးဟင်းရွက်အမျိုးအစားတစ်ခုဖြစ်ပြီး ဒီဓာတ်က ကင်ဆာဆဲလ်တွေကြီးထွားရာမှာ အသုံးပြုတဲ့ သံဓာတ်ကို ဝင်ရောက်စားသုံးနိုင်တဲ့ အစွမ်းရှိကြပါတယ်။ အကျိုးဆက်အနေနဲ့ ကင်ဆာဆဲလ်တွေ ခန္ဓာကိုယ် အနှံ့ပြန့်ပွားတာကို ဟန့်တားနိုင်ပါတယ်။ ကြက်သွန်နီမှာ Quercetinရဲ့ ဂုဏ်သတ္တိပိုကောင်းစေတဲ့ Anthocyanin ဓာတ်မြင့်မားစွာ ပါဝင်နေပါတယ်။ Anthocyaninဓာတ်ကိုယ်တိုင် ကလည်း ကင်ဆာဆဲလ်တွေတိုက်ခိုက်နိုင်တဲ့ ဂုဏ်သတ္တိရှိကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။

ကင်ဆာသုတေသန ယူကေရဲ့ သိပ္ပံအချက်အလက်ဆိုင်ရာ အကြီးတန်းအရာရှိဖြစ်သူ ဒေါက်တာဂျက်စတင်အဲလ်ဖို့ဒ်က ဓာတ်ခွဲခန်းမှာ ကင်ဆာဆဲလ်သေဆုံးစေတာနဲ့ ပိုမိုရှုပ်ထွေးတဲ့ လူ့ခန္ဓာကိုယ်ထဲက သဘောသဘာဝနဲ့ မတူညီကြောင်းပြောပြပါတယ်။ သုတေသီတွေအနေနဲ့ ကြက်သွန်ထဲမှ ဘယ်မော်လီကျူးတွေက အကျိုးဖြစ်စေသလဲဆိုတာရှာဖွေပြီး အနာဂတ်မှာ ဆေးဝါးဖော်စပ်နိုင်တဲ့အထိ ဆက်လက် သုတေသန ပြုလုပ်ကြဖို့ လိုအပ်သေးကြောင်းလည်း တိုက်တွန်းခဲ့ပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top