Healthy Life Ad
Child

Impetigo ခေါ်ကလေးအရေပြားပေါ်က အဝါရောင်အနာဖေးနှင့် အနာများ

ဒေါက်တာသီရိ (MBBS,MPH,DCH)

Impetigo ကို နိုင်ငံခြားတိုင်းပြည်တွေမှာတော့ ကျောင်းကကူးတဲ့အနာ (school sores)တွေလို့ ခေါ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ အများအားဖြင့် မူကြိုကျောင်းနဲ့ ကျောင်းကြီးနေစအရွယ် သုံးနှစ်ကနေ ငါးနှစ်အရွယ်ကလေးတွေမှာအဖြစ်များပြီး ကလေးတစ်ယောက်ကနေတစ်ယောက်ကို အရမ်းကူးလွယ်ပါတယ်။

Impetigo ဆိုတာဘာလဲ

Impetigo ဆိုတာ streptococcus and staphylococcus လို့ခေါ်တဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယား အကောင်လေးတွေကြောင့်ဖြစ်တာပါ။ အဲ့ဒီအကောင်လေးတွေက အများအားဖြင့် ဘာပြဿနာမှမပေးဘဲ လူရဲ့အရေပြား၊ နှာခေါင်း၊ လည်ချောင်းနဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေမှာ နေလေ့ရှိပြီး တစ်ခါတလေမှာတော့ Impetigo လို ပြဿနာတွေပေးတတ်ပါတယ်။

ထိခိုက်ဒဏ်ရာရထားတဲ့အရေပြား (ဥပမာ ပွန်းပဲ့ထားတာ၊ ရေကျောက်ပေါက်ထားတဲ့နေရာ)ကတစ်ဆင့် ဘက်တီးရီးယားလေးတွေဝင်ပြီး ရောဂါဖြစ်တတ်သလို တချို့ကလးတွေမှာကျတော့လည်း အနာ၊ ထိခိုက်ဒဏ်ရာအခံမရှိဘဲလည်း ဖြစ်တတ်ပါတယ်။ ရာသီဥတုပူတဲ့လတွေမှာ ပိုပြီးအဖြစ်များပါတယ်။

ရောဂါလက္ခဏာများ

ခန္ဓာကိုယ် ဘယ်နေရာမှာမဆို အနာတွေဖြစ်နိုင်ပေမယ့် မျက်နှာရဲ့ပါးစပ်နဲ့ နှာခေါင်းတဝိုက်၊ နားနဲ့လက်တွေ၊ ခြေတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ အရေကြည်ဖုတစ်ဖု၊ အရေကြည်ဖုအစုလိုက်တွေအနေနဲ့ စပြီးပေါ်လာတတ်ပါတယ်။ အရေကြည်ဖုတွေပေါက်သွားရင်တော့ အသားနီလန်သလိုဖြစ်ပြီး အရည်ကြည်တွေနဲ့ စိုစိစိဖြစ်နေတတ်ပြီး တဖြည်းဖြည်းနဲ့ ပျားရည်လို အဝါရောင်အဖတ်တွေ ကပ်နေသလိုဖြစ်လာပါတယ်။ အနာရဲ့ဘေးနှုတ်ခမ်းက အရေပြားတွေကွာနေတာကို တွေ့ရတတ်ပါတယ်။ အစပိုင်း အဝါရောင်အဖတ်အသေးလေးကနေ ဆေးမကုဘဲထားရင် ဘေးဘက်ကို အကြီးကြီးပြန့်လာတတ်ပါတယ်။

ကူးစက်နည်း

အနာကအရည်တွေ၊ အဝါဖတ်တွေမှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေက တခြားလူတယောက်ရဲ့ အရေပြားနဲ့ တိုက်ရိုက်ထိလို့ပဲဖြစ်ဖြစ်၊ ပဝါတွေ၊ အဝတ်အစားတွေကတစ်ဆင့်ဖြစ်ဖြစ် ကူးပါတယ်။ ရောဂါဖြစ်နေတဲ့အနာက အရည်တွေ၊ အဝါဖတ်တွေနဲ့ အရေပြားချင်းထိပြီး တစ်ရက်ကနေသုံးရက်အတွင်း အနာတွေစပြီး ပေါ်လာတတ်ပါတယ်။ အများအားဖြင့် အနာတွေကယားတတ်ပြီး ကုတ်လေပိုပြန့်လေဖြစ်မှာကိုသတိထားပါ။ အနာက စိုစိစိဖြစ်နေသရွေ့ ရောဂါပိုးတွေကူးနိုင်ပါတယ်။ ပဋိဇီဝ ပိုးသတ်ဆေးသောက်ပြီး ၂၄နာရီကြာရင် မကူးစက်နိုင်တော့ပါဘူး။ အနာဖြစ်နေတာမမြင်ရဘဲလည်း တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကလည်း ကူးနိုင်တာရှိပါတယ်။ ဥပမာ-နှာစေး၊ ချောင်းဆိုးတဲ့အခါ ထွက်တဲ့အရည်တွေကတစ်ဆင့် ကူးတာမျိုးပါ။

ကုသနည်း

– ပဋိဇီဝပိုးသတ်ဆေးကို အနာတွေအားလုံး ခြောက်သွားတဲ့အထိသောက်ရပါမယ်။ သောက်ရမယ့် ပဋိဇီဝပိုးသတ်ဆေးအမျိုးအစားကို ဆရာဝန်ကညွှန်ပေးပါလိမ့်မယ်။

– ကပ်နေတဲ့ အဝါရောင်ဖတ်တွေကို ဖယ်ပစ်ရပါမယ်။ အကောင်းဆုံးနည်းကတော့ ကလေးကို မိနစ် ၂၀လောက် ရေနွေးနွေးလေးနဲ့စိမ်ပြီးချိုးပေးရင်း တစ်ချိန်တည်းမှာ ရေစိုတဘက်နဲ့ အနာဖတ်တွေကို ဖွဖွလေးဖယ်ပေးပါ။

– အနာတွေကို ရေစိုခံပလာစတာနဲ့အုပ်ထားပါ။

– ရက်အနည်းငယ်ကြာရင် အနာတွေပျောက်သွားတတ်ပေမယ့် တချို့ကလေးတွေမှာ ပြန်ဖြစ်တတ်ပြီး ဆေးနောက်တစ်ကြိမ်ထပ်သောက်ဖို့ လိုနိုင်ပါတယ်။

ကျောင်းဘယ်တော့ပြန်တက်ရမလဲ . . .

ပဋိဇီဝပိုးသတ်ဆေးသောက်ပြီး ၂၄နာရီကြာ+ အနာတွေကို ရေစိုခံပလာစတာနဲ့အုပ်ပြီးရင် ကျောင်းပြန်တက်နိုင်ပါတယ်။

ကူးစက်မှုနည်းအောင် ဘာတွေလုပ်မလဲ

Impetigo က အရမ်းဆိုးဝါးတဲ့ရောဂါ မဟုတ်ပါဘူး။ ဒါပေမဲ့ လွယ်လွယ်ကူးနိုင်ပါတယ်။ အရေပြားပေါ်မှာ လွယ်လွယ်နဲ့မြင်နိုင်နေတော့ လူတွေကအရမ်းစိတ်ပူတတ်ပါတယ်။ တကယ်ကတော့ အပေါ်မှာပြောထားသလိုပဲ အရေပြားမှာ ဘာအနာမှရှိမနေဘဲလည်း ရောဂါဖြစ်နေတတ်ပါတယ်။ “ညစ်ပတ်တာကို ဖြစ်မှာပေါ့၊ ကလေးကို ဂရုမှမစိုက်တာကို ဖြစ်မှာပေါ့” ဆိုတဲ့ စကားတွေကို လျစ်လျူရှုလိုက်ပါ၊ မဆိုင်ပါဘူး။ ကလေးတိုင်းဖြစ်နိုင်ပါတယ်။

အကယ်၍ကိုယ့်ကလေးမှာ Impetigo ဖြစ်နေပြီဆိုရင် ထပ်မပြန့်အောင် ဒါလေးတွေလုပ်ပေးပါ။

– နေ့တိုင်း ဆပ်ပြာနဲ့ရေချိုးပေးပါ။

– အနာကိုကိုင်မိရင်၊ နှာချေ၊ ချောင်းဆိုးပြီးရင် လက်ကိုအမြဲဆေးပါ။

– လက်သည်းညှပ်ပေးပါ။

– ရောဂါရှိတဲ့ကလေးနဲ့ ထိတွေ့နေရသူအားလုံး လက်ကိုပုံမှန်ဆေးပါ။

– ရောဂါရှိတဲ့ကလေးရဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ ခေါင်းအုံးစွပ် အိပ်ရာခင်းတွေကို သီးခြားခွဲလျှော်ပြီး နေပူပူမှာလှမ်းပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ထပ်ပြရမလဲ

– ဆေးသောက်နေပေမယ့်လည်း အနာတွေပိုဆိုးလာရင်၊

– ကလေးနုန်းရင် ဖျားရင်

– ကလေးပုံမှန်မဟုတ်ရင်

(Ref: Impetigo. Royal Children Hospital Kids Health Info.Melbourne.Australia.)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top