Healthy Life Ad
Life Style

အမျိုးသမီးများ ပုံမှန်မဟုတ်ဘဲ မောပန်းနုံးချည့်နေပါက လျစ်လျူရှုမထားသင့်သည့် အကြောင်းရင်းများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အမျိုးသမီးတွေ ခံစားရတဲ့ ထိပ်တန်း ကျန်းမာရေးဝေဒနာငါးခုမှာ မောပန်းနုံးချည့်တာက တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ အမျိုးသမီးတွေ မကြာခဏ မောပန်းနုံးချည့်နေရင် အောက်ပါကျန်းမာရေး ပြဿနာတွေနဲ့ဆက်စပ်တတ်တာကြောင့် လျစ်လျူရှုမထားသင့်ပါဘူး။

(၁) သိုင်းရွိုက်ပြဿနာများ
လည်ပင်းမှာ သိုင်းရွိုက်လို့ခေါ်တဲ့ လိပ်ပြာပုံ သဏ္ဌာန်ဂလင်းငယ်ကနေ ဟော်မုန်းတွေထုတ်ပြီး ခန္ဓာကိုယ်က စွမ်းအင်ရဖို့လောင်စာတွေကို ဘယ် လိုအသုံးချရရမယ်ဆိုတာကို ထိန်းညှိပေးပါတယ်။ သိုင်းရွိုက်က အလုပ်လုပ်လွန်တာ ဒါမှမဟုတ် ချို့ယွင်းနေတာကြောင့် သင့်အနေနဲ့ အိပ်ငိုက်တဲ့ ခံစားချက်ကို တစ်ချိန်လုံးဖြစ်နေနိုင်ပါတယ်။ သိုင်းရွိုက်ပြဿနာက အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

– ဘာလုပ်သင့်သလဲ
သိုင်းရွိုက်ဟော်မုန်းပမာဏနဲ့ သိုင်းရွိုက်အကျိတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို သိနိုင်ဖို့ စစ်ဆေးပြီး လိုအပ်သလို ကုသမှုခံယူသင့်ပါတယ်။

(၂) နှလုံးရောဂါ
နှလုံးရောဂါကို အမျိုးသားတစ်ဦးရဲ့ ရောဂါလို့ထင်နေကြပါတယ်။ တကယ်တော့ နှလုံးရောဂါက အမျိုးသမီးတွေအတွက် ပြင်းထန်တဲ့ ရောဂါဖြစ်ပါတယ်။ အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့ အစည်းအရ အမေရိကန်အမျိုးသမီးတွေရဲ့ နှလုံးရောဂါ၊ လေဖြတ်တာနဲ့ တခြားနှလုံးသွေးကြော ဆိုင်ရာရောဂါတွေနဲ့ သေဆုံးနိုင်ခြေက ကင်ဆာရောဂါနဲ့ သေဆုံးနိုင်ခြေထက် နှစ်ဆနီးပါး ပိုမြင့်မားကြောင်းသိရပါတယ်။ နှလုံးရောဂါရှိတဲ့အခါ နှလုံးကနေ သွေးကိုအလုံအလောက် မညှစ်ထုတ်နိုင်တော့တာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ သွေးရောက်ရှိမှုနည်းကာ မောပန်းနုံးချည့်မှုအဖြစ် များရပါတယ်။

– ဘာလုပ်သင့်သလဲ
အဝလွန်တာ၊ သွေးတိုးတာနဲ့ နှလုံးရောဂါမျိုး ရိုးရှိတာစတဲ့ နှလုံးရောဂါဖြစ်နိုင်တဲ့ အချက်တွေသာ သင့်မှာရှိခဲ့ရင် နှလုံးကျန်းမာရေးစစ်ဆေးမှုကို ခံယူသင့်ပါတယ်။

(၃) သံဓာတ်ချို့တဲ့သော သွေးအား နည်းရောဂါ
သွေးတွေက သင့်ခန္ဓာကိုယ်ထဲကို အောက် ဆီဂျင်အလုံအလောက်မသယ်ဆောင်နိုင်ရင် မောပန်းနုံးချည့်နေနိုင်ပါတယ်။ သွေးအားနည်းတာက ရာသီလာစဉ်အတွင်း သွေးထဲကနေ သံဓာတ်များများ ဆုံးရှုံးတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

– ဘာလုပ်သင့်သလဲ
သွေးထဲမှာ သံဓာတ်ချို့တဲ့မှုရှိ၊မရှိ သိနိုင်အောင်သွေးစစ်ဆေးမှုကို ပြုလုပ်ပါ။ ချို့တဲ့နေရင် သံဓာတ်အားဖြည့်ဆေးကို မှီဝဲပေးပါ။

(၄) ဗီတာမင် ဒီချို့တဲ့ခြင်း
လူတွေ ဗီတာမင်ဒီချို့တဲ့ရတဲ့ အဓိက အကြောင်းရင်းက နေရောင်ခြည်နဲ့ထိတွေ့မှု နည်းပါးလွန်းတာကြောင့်ပါ။ နွားနို့ကို မသောက်တာနဲ့ အိမ် တွင်းအောင်းလွန်းတာတွေကလည်း ဗီတာမင်ဒီကို နည်းပါးစေပါတယ်။ တချို့လူတွေအနေနဲ့ သူတို့ရဲ့ အစာခြေလမ်းကြောင်းက ဗီတာမင်ဒီကို ကောင်း ကောင်းမစုပ်ယူနိုင်တာကြေင့်လည်း ဗီတာမင်ဒီ ချို့တဲ့တတ်ပါတယ်။ ဗီတာမင်ဒီချို့တဲ့တာက နာတာရှည် မောပန်းနုံးချည့်တာကို ဖြစ်စေနိုင်သလို အရိုးသန်စွမ်းမှုကိုလည်း လျော့ကျစေပါတယ်။

– ဘာလုပ်သင့်သလဲ
သင့်အနေနဲ့တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် ဒီပမာဏကို ရရှိမှုရှိ၊မရှိ သိအောင် စစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ မလုံလောက်ရင် ဖြည့်စွက်ဆေးကို မှီဝဲပါ။ ၂၀၁၁ လမ်းညွှန်ချက်အရ လူကြီးတစ်ဦးဟာ တစ်နေ့မှာ ဗီတာမင်ဒီ ၆၀ဝ အိုင်ယူလိုအပ်တယ်လို့သိရပါတယ်။ အသက် ၇၁ နှစ်ကျော်သူတွေအနေနဲ့ တစ်နေ့မှာ ဗီတာမင်ဒီ ၈၀ဝ အိုင်ယူလောက်လိုအပ်ပါတယ်။

(၅) အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူ ရပ်သွားခြင်း
သင်အိပ်တဲ့အခါ ထွက်လာတဲ့ ဟောက်သံက လွှဖြတ်သလိုပဲလို့ သင့်ခင်ပွန်းက စနောက်လေ့ရှိပါ သလား။ ဟောက်တာက ရယ်စရာကိစ္စတော့ မဟုတ်ပါဘူး။ အိပ်ပျော်နေစဉ်မှာ ခေတ္တအသက် ရှူရပ်သွားတဲ့ လက္ခဏာဖြစ်ပြီး ပုံမှန်အတိုင်း အသက်ရှူနိုင်ဖို့ ထပ်ခါထပ်ခါ ကြိုးစားလေ့ရှိတဲ့ အခြေအနေပါ။

– ဘာလုပ်သင့်သလဲ
ကိုယ်အလေးချိန်များတာက အိပ်စက်ချိန်မှာ အသက်ရှူလမ်းကြောင်းအပေါ် ဖိအားသက်ရောက် မှုဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ရင်း ခဏတာ အသက်ရှူရပ်ရတာဖြစ်ပြီး သက်သာဖို့အတွက်ဆိုရင် ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးဖို့လိုပါတယ်။

(၆) အိပ်ရေးပျက်ခြင်း
အလုပ်၊ မိသားစုနဲ့တခြားလူမူရေး ကိစ္စတွေ ကိုဆောင်ရွက်နေရချိန်မှာ ညတိုင်း ရှစ်နာရီ လောက်အချိန်ပေးပြီး အိပ်စက်နိုင်ဖို့ ခက်ခဲနိုင်ပါ တယ်။ အမျိုးသမီးအများစုက အလုပ်ရှုပ်လွန်းတဲ့ နေထိုင်မှုပုံစံတွေရှိတာကြောင့် အိပ်ချိန်အလုံ အလောက်ရဖို့ သိပ်မလွယ်ပါဘူး။ အဲဒီလို အိပ်ရေးမဝတာကြောင့် မောပန်းနုံးချည့်နေတတ်ပါတယ်။

– ဘာလုပ်သင့်သလဲ
အိပ်ရေးဝ၀အိပ်ပျော်အောင် နူးညံ့တဲ့ တေးသီချင်းဖွင့်ပြီး နားဆင်ပါ။ ခေါင်းအုံးပေါ်ကို လာဗန်ဒါရနံ့ဆီဆွတ်ပေးပြီး နာ့ဗ်ကြောစနစ်ငြိမ်သက် ပြီး အပန်းပြေအောင်လုပ်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည်ဒါမှမဟုတ် ချာမိုမိုင်းလက်ဖက်ရည် သောက်ပြီး ပူပင်သောကကို လျှော့ချပါ။ အိပ်ရာ ထဲမှာ တလူးလူးတလိမ့်လိမ့်နဲ့ အိပ်မပျော်နိုင်ဖြစ် နေရင်ထပြီး လမ်းလျှောက်ကာ တခြားအပန်းပြေမယ့်အလုပ်မျိုးလုပ်လိုက်ပါ။ ၁၅မိနစ်လောက်ကြာ မှ အိပ်ရာထဲပြန်ဝင်ပါ။

(၇) စိတ်ကျရောဂါ
စိတ်ဓာတ်ကျတာနဲ့ မောပန်းနုံးချည့်တာက အပြန်အလှန်ဆက်စပ်မှုရှိပြီး အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဝေဒနာတွေပါ။ စိတ်ဓာတ်ကျတဲ့ လူတွေက သူများတွေထက် လေးဆလောက် ပိုပြီး မောပန်းနုံးချည့်မှုဖြစ်စေနိုင်သလို မောပန်းနုံးချည့် တဲ့သူတွေကလည်း စိတ်ဓာတ်ကျနိုင်ခြေသုံးဆပို များပါတယ်။

– ဘာလုပ်သင့်သလဲ
စိတ်ဓာတ်ကျရောဂါကို ကုသမှုခံယူတာက သင့်ကိုစွမ်းအင်တွေပိုရှိစေကာ လန်းဆန်းနေပါ လိမ့်မယ်။ သင်ဘယ်လိုခံစားရတယ်ဆိုတာကို ဆရာဝန်ကိုပြောပြပါ။ စိတ်ကျကုသဆေးနဲ့ နှစ် သိမ့်ဆွေးနွေးမှုတို့ကို ခံယူလိုက်ရင် စိတ်ကျရောဂါက သက်သာသွားမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top