Healthy Life Ad
Child

ကလေးများတွင်ဖြစ်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဒေါက်တာသီရိ (MBBS,MPH,DCH)

ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုတာ ဆီးလမ်းကြောင်းမှာပါဝင်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးအိမ်နဲ့ ဆီးစွန့်လမ်းကြောင်းတစ်ခုခုမှာ ပိုးဝင်တာကို ခေါ်ပါတယ်။

အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် သုံးနှစ်အောက်ကလေးတွေ၊ အထူးသဖြင့် တစ်ခါသုံးကလေး သေးခံ(diaper) သုံးတဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။

ဘယ်လိုဖြစ်တာလဲ
ဘက်တီးရီးယားလို့ခေါ်တဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးကောင်လေးတွေ ဆီးလမ်းကြောင်းထဲ ဝင်သွားလို့ပါ။ အများအားဖြင့် စအိုမစင်မှာပါတဲ့ ပိုးကောင်လေးတွေက ဆီးလမ်းကြောင်းထဲကို ရောက်သွားလို့ ဖြစ်တာများပါတယ်။

ရောဂါလက္ခဏာများ
ဆီးသွားရင် ပူ ၊ နာမယ်။
မကြာခဏ ဆီးသွားမယ်။
ဆီးမထိန်းနိုင်ဖြစ်မယ်။
ချက်အောက်ပိုင်း ဆီးခုံနေရာမှာ နာမယ်။
ဆီးအနံ့ဆိုးမယ်။ ဖျားမယ်။

သတိထားရန်
အရမ်းငယ်တဲ့ကလေးတွေမှာ ဖျားမယ်၊ ဒါမှမဟုတ် နုံးခွေပျော့ဖတ်နေမယ်ဆိုရင် အပေါ်မှာ ပြောထားတဲ့ တခြားအချက်တွေမရှိလည်း ဆီးလမ်းကြောင်း ပိုးဝင်တာ ဖြစ်နေနိုင်ပါတယ်။

ရောဂါရှာဖွေခြင်း
ဆီးလမ်းကြောင်းပိုးဝင်တာကို သေချာပေါက်သိနိုင်ဖို့ ဆရာဝန်က ဆီးစစ်တဲ့အတံလေး (Urine clipstick)နဲ့ ဆီးထည့်ထားတဲ့ ခွက်ကလေးထဲကို နှစ်ကြည့်ပြီးစစ်ပါမယ်။
အကယ်၍ ပိုးဝင်တာသေချာနေပြီဆိုရင် ဆီးကိုဓာတ်ခွဲခန်းပို့ပြီး ဘယ်ပိုးအမျိုးအစားလဲဆိုတာ ရှာရပါမယ်။ အဲတော့မှ ပေးထားတဲ့ ပဋိဇီဝပိုးသတ်ဆေးနဲ့ရောဂါဖြစ်စေတဲ့ ပိုးမှန်၊မမှန်တိုက်စစ်လို့ရမှာပါ။ တချို့ကလေးတွေမှာ Ultrasound ရိုက်ဖို့ လိုပါမယ်။

ဆီးစစ်ဖို့ဆီးကို ဘယ်လိုခံမလဲ
မေမေ၊ ဖေဖေတို့အတွက် ကရိကထများတာကတော့ သားသားမီးမီးတို ့ဆီးကို ခွက်နဲ ့ခံရတာပါပဲ။ ပထမဆုံး ဆရာဝန်ဓာတ်ခွဲခန်းက ပိုးသတ်ထားတဲ့ ပလတ်စတစ်ဗူးလေးပေးပါမယ်။

ကလေးငယ်ရဲ ့တင်ပါးဘေးအသားတွေနဲ့ ထိကပ်ထားပြီးမှ ခွက်နဲ့ခံထားတဲ့ဆီးကနေ အဖြေမှန်မရနိုင်ပါဘူး။ အဲဒါကြောင့် ကလေးငယ်ရဲ့ ဆီးစွန့်ပြွန်ကနေ ခွက်ထဲ တိုက်ရိုက်ဝင်အောင်ခံရပါမယ်။

ကလေးငယ်ရဲ့ငယ်ပါဆီးစွန့်လမ်းကြောင်းနားမှာ အိတ်ကလေးနဲ့ကပ်ထားပြီး ဆီးပေါက်စေပြီးမှ စစ်ရင်လည်း အဖြေမမှန်နိုင်ပါဘူး။
အထူးသဖြင့် ကလေးငယ်တွေမှာ ဆီးလမ်းကြောင်းပိုးဝင်တာက အသက်အန္တရာယ်အထိ ရှိနိုင်လို့ ဆီးစစ်တဲ့အဆင့်၊ အကောင်ရှာဖွေတဲ့အဆင့်တွေက အရမ်းအရေးကြီးပါတယ်။

ကုသခြင်း
ဆရာဝန်ကပိုးသတ်ဆေးပေးပါလိမ့်မယ်။ အခြေအနေသိပ်မဆိုးတဲ့ ကလေးကြီးတွေဆိုရင် သောက်ဆေး ၅ရက်ကနေ ၇ရက်သောက်ရင် ပျောက်ပါတယ်။
အကယ်၍ ကလေးငယ်လေးတွေအရမ်းမှိန်းပြီး နေမကောင်းဖြစ်ရင်တော့ ဆေးရုံတက်ပြီး ပဋိဇီဝပိုး သတ်ဆေးကို အကြောဆေးအနေနဲ့ ပေးပါလိမ့်မယ်။ ဆီးစစ်ထားတဲ့အဖြေရရင် ဆရာဝန်ကအရင်ပေးထားတဲ့ ပဋိဇီဝပိုးသတ်ဆေးကို ပိုးအဖြေပေါ်ပေါ်မူတည်ပြီး နောက်တစ်မျိုးပြောင်းပေးရင် ပေးပါလိမ့်မယ်။

ကာကွယ်ခြင်း
မိန်းကလေးတွေက ယောကျာ်းလေးတွေထက် ဆီးလမ်းကြောင်းပိုးဝင်ခြင်း ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် မီးမီးလေးတွေကို အကယ်၍ အိမ်သာသွားလို့တစ်ရှူးစက္ကူသုံးရင် အရှေ့ကနေ အနောက်ကို သုတ်ဖို့သင်ပေးပါ။ ရေများများသောက်ခိုင်းပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top