Healthy Life Ad
Life Style

ပိုပို၏ ကျန်းမာလှပလူမှုဘဝ

– ပိုပိုရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေးကို ပြောပြပေးပါဦး။

လတ်တလောမှာတော့ ပိုပိုရဲ့ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို” MTV က အောက်တိုဘာ ၅ ရက်နေ့က ထွက်ထားပါတယ်။ အခွေထွက်တဲ့နေ့မှာ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ညနေ ၅ နာရီကနေ ၉ နာရီအထိ အခွေရောင်းပြီးတော့ သီချင်း ၁၅ပုဒ်ကို Free Show အနေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ မန္တလေးမြို့မှာလည်း အခွေတွေရောင်းပြီး Free Show ဆိုခဲ့ပါတယ်။

– တစ်နေ့တာအတွက် အသားအရေထိန်းသိမ်းဖြစ်ပုံလေးကို ပြောပြပေးပါဦး။

ပိုပိုက ခရမ်းချဉ်သီးစားတယ်၊ ရေများများသောက်တယ်၊ အသီးအရွက်များများစားတယ်။ ပြီးတော့ ပိုပိုက ဝတဲ့သူဆိုတော့ အရမ်းစားလို့မရဘူး။ ကွေကာအုတ်တွေလည်းသောက်ပါတယ်။ ညဘက် အရမ်းဗိုက်ဆာလာရင် ခရမ်းချဉ်သီးစားတယ်၊ အဲဒီတော့ အသားအရေလည်းလှတယ်။ ဝလည်း မဝတော့ဘူးပေါ့။

– အစားအသောက်နဲ့ ခန္ဓာကိုယ်ကို ဘယ်လိုထိန်းသိမ်းဖြစ်လဲ။

အားတဲ့အချိန်ဆိုရင် Gym ဆော့ပြီး ခန္ဓာကိုယ်ကို ထိန်းဖြစ်တယ်။ ပိုပိုက ဝတဲ့သူဆိုတော့ အများကြီးတော့ မစားဖြစ်ဘူး။ မနက်ပိုင်းဆိုရင် ကွေကာအုတ်သောက်ပြီး နေ့ခင်းပိုင်းဆိုရင် အသီးအရွက်များများစားတယ်၊ ထမင်းလျှော့စားတယ်။ ညပိုင်းဆိုရင် ထမင်းမစားဘဲ အသီးအနှံတွေပဲ စားတယ်။ ရေနွေးပူပူထဲကို သံပရာရည်ညှစ်ပြီး သောက်တယ်။ ပိုပိုက အသားငါးဆိုရင် ဝက်သား၊ အမဲသားမစားပါဘူး။ အဆီအအိမ့်ပါတဲ့ အစာတွေကိုလည်း ရှောင်ပါတယ်။

– အိမ်မှာချက်တဲ့အစားအစာနဲ့ အပြင်စာနဲ့ဆိုရင် ဘာကိုပိုကြိုက်လဲ၊ ဘာကိုပိုစားဖြစ်လဲ။

အိမ်မှာချက်တာကို ပိုကြိုက်ပါတယ်။ ပြီးတော့ ပိုပိုက ကိုယ်တိုင်ချက်တဲ့ အစားအစာကို ပိုစားပါတယ်။

– စိတ်ဖိစီးမှုရှိလာရင် ဘယ်လိုနည်းနဲ့ ဖြေဖျောက်လေ့ရှိလဲ။

အရင်က ပိုပို ပရိတ်ရွတ်တယ်။ ပဌာန်းရွတ်တယ်။ အခုတော့ နည်းလမ်းအသစ် ထပ်တွေ့သွားတယ်။ တရားထိုင်တာက စိတ်အပန်းပြေဖို့ အကောင်းဆုံးပဲ။ ပရိသတ်တွေလည်း အားရင်တရားထိုင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။

– ကျန်းမာရေးစစ်ဆေးမှုတွေရော လုပ်ဖြစ်ပါသလား။

ကျန်းမာရေးစစ်ဆေးမှုကို ပိုပို ဘန်ကောက်မှာသွားလုပ်ပါတယ်။ ပိုပိုက နေမကောင်းဖြစ်လေ့တော့ သိပ်မရှိပါဘူး။ နေမကောင်းဖြစ်ရင်လည်း ချက်ချင်းဆေးခန်းပြေးပါတယ်။ ကျန်းမာရေး စစ်ဆေးဖြစ်တာကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေအောင်လို့စစ်ဖြစ်တာပါ။

– ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေကိုရော ကျန်းမာရေးအကြံပြုစကား ပြောဖြစ်လား။

ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် . . ကျန်းမာရေးက ကောင်းဖို့လိုပါတယ်။ ဖြစ်ပြီးသွားမှ ဘာမှလုပ်လို့ မရဘူးလေ။ တချို့သူငယ်ချင်းတွေဆိုရင် အရမ်းအစပ်စားတယ်။ ဒါတွေဆို ကျန်းမာရေးအတွက် မကောင်းဘူးလို့ ပြောဖြစ်တယ်။ တချို့သူငယ်ချင်းတွေကျတော့ ဆီးအရမ်းအောင့်တတ်ကြတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့ . . ဒါမျိုးက ဂရုစိုက်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top