Healthy Life Ad
Life Style

အမှန်လေလား၊ အမှားလား ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများ(၆)

၊ ဒေါက်တာမြတ်ထွဋ်ညွန့် ၊

မြန်မာမှာသာမက ကမ္ဘာနှင့်အဝန်း ကျန်းမာရေးဆိုင်ရာ တလွဲယုံကြည်မှုတွေရှိကြသည်။ အမှန်တွေကို မှတ်သားထားသည်က ကိစ္စမရှိ။ မဟုတ်က ဟုတ်ကတွေကို လွဲမှားစွာယုံကြည်လက်ခံထားပါက ဘဝနှင့်ရင်းကာ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများနှင့် ပတ်သက်ပြီး အမှန်လေလား၊ အမှားလားဟူသည်ကို စာဖတ်သူတို့ တွေးဆဆင်ခြင်နိုင်ရန် ဖော်ပြပေးပါမည်။

ယခုတစ်ပတ်တွင် ကဖင်းဓာတ်နှင့်ပတ်သက်သော ကျန်းမာရေးဆိုင်ရာယုံကြည်ချက်များကို ဖော်ပြဆွေးနွေးပေးပါမည်။

ယုံကြည်ချက် (၁) “ကဖင်းဓာတ်သည် စွဲလမ်းစေသည်”

ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ၊ ချောကလက်စသည်တို့တွင်ပါသော ကဖင်းဓာတ်သည် အထိုက်အလျောက် စွဲလမ်းစေတတ်သော သဘောရှိသည်။ ကဖင်းဓာတ်သည် ဗဟိုအာရုံကြောစနစ်ကို နှိုးဆွပေးသည်။ ပုံမှန်သောက်သုံးပါက အနည်းငယ်စွဲလမ်းတတ်သည်။ သို့သော် အခြားသော မူးယစ်ဆေးဝါးများကဲ့သို့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည်တို့ ထိခိုက်လောက်အောင်မဖြစ်ပါ။ ကော်ဖီ၊ လက်ဖက်ရည် စသည်တို့ကို ပုံမှန်သောက်သုံးနေရာမှ ရုတ်တရက်ဖြတ်လိုက်လျှင် ခေါင်းကိုက်ခြင်း၊ နုံးနေခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်သောကရောက်ခြင်း၊ စိတ်ဓာတ်ကျသလို ခံစားရခြင်းနှင့် စိတ်အာရုံ စူးစိုက်ရခက်ခဲခြင်းများကို ရက်အနည်းငယ်ဖြစ်စေနိုင်သည်။ သို့သော် အရက်ဖြတ်ခြင်း၊ မူးယစ်ဆေးဖြတ်ခြင်းမှာကဲ့သို့ ပြင်းထန်မှုမရှိပါ။

ကော်ဖီ၊ လက်ဖက်ရည်စသည်တို့ကို ပုံမှန်သောက်သုံးနေရာမှ ရုတ်တရက်ဖြတ်လိုက်လျှင် ခေါင်းကိုက်ခြင်း၊ နုံးနေခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်သောကရောက်ခြင်း၊ စိတ်ဓာတ်ကျသလို ခံစားရခြင်းနှင့် စိတ်အာရုံစူးစိုက်ရခက်ခဲခြင်းများကို ရက်အနည်းငယ်ဖြစ်စေနိုင်သည်။ သို့သော် အရက်ဖြတ်ခြင်း၊ မူးယစ်ဆေးဖြတ် ခြင်းမှာကဲ့သို့ ပြင်းထန်မှုမရှိပါ။

ယုံကြည်ချက် (၂) “ကဖင်းဓာတ်သည် အိပ်မပျော်ခြင်းကိုဖြစ်စေသည်”

သောက်သုံးသည့်အချိန်ပေါ် မူတည်သည်။ ကဖင်းပါသော အစားအသောက်တို့ကို စားသောက်ပြီးသည်နှင့် ခန္ဓာကိုယ်က ခပ်မြန်မြန်ပင်စုပ်ယူပြီး ခပ်မြန်မြန်ပင် စွန့်ထုတ်ပစ်နိုင်သည်။ စားသောက်ပြီး ၈ နာရီမှ ၁၀နာရီခန့်အကြာတွင် စုစုပေါင်း စားသုံးလိုက်သော ကဖင်းဓာတ်၏ ၇၅ ရာခိုင်နှုန်းကို ကိုယ်တွင်းမှ ပြန်လည်စွန့်ထုတ်ပြီးဖြစ်သည်။ ထို့ကြောင့် နံနက်ခင်းတွင် ကော်ဖီတစ်ခွက်၊ နှစ်ခွက်လောက် သောက်ထားသူအတွက် ညဘက်တွင် အိပ်မပျော်ဖြစ်စေခြင်းမျိုးမရှိတတ်။ လူအများစုအနေဖြင့် အိပ်ရာမဝင်မီ ၆နာရီအတွင်း ကဖင်းပါသောအစားအသောက်များ စားသောက်ထားမှသာ အိပ်မပျော်ခြင်းဖြစ်နိုင်သည်။

သို့သော်တစ်ယောက်နှင့်တစ်ယောက် ကဖင်းဓာတ်ခံနိုင်ရည်မတူသလို၊ နေ့စဉ်သောက်သုံးနေမှု အတိုင်းအဆပေါ်တွင်လည်း မူတည်နေပါသေးသည်။ တစ်ခါတလေမှ ကော်ဖီသောက်တတ်သူအတွက် ညနေစောင်း ကော်ဖီသောက်ထားပါက ရင်တွေတုန်ကာ တစ်ညလုံး အိပ်မပျော်ဖြစ်နေနိုင်သော်လည်း တစ်နေ့ကော်ဖီ လေးငါးခွက်သောက်နေသူအတွက် အိပ်ခါနီးသောက်စေကာမူ အိပ်ပျော်ကောင်းပျော်နိုင်မည် ဖြစ်ပါသည်။

ယုံကြည်ချက် (၃) “ကဖင်းဓာတ်သည် အရိုးပါးရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်နိုင်ခြေပိုစေသည်”

ကဖင်းဓာတ်အသင့်အတင့်သုံးစွဲခြင်း (၃၀ဝ မီလီဂရမ်ခန့် တစ်နည်းအားဖြင့် ကော်ဖီသုံးခွက်စာခန့်)သည် အများစုအတွက် အန္တရာယ်မရှိတတ်ပါ။ သို့သော် သွေးတိုးရောဂါရှိသူများနှင့် သက်ကြီးပိုင်းများတွင် ကဖင်းဓာတ်၏ဒဏ်ကို ပိုခံစားရလွယ်စေသည်။ ကဖင်းဓာတ်များများ (တစ်နေ့အတွင်း ၇၄၄ မီလီဂရမ်နှင့်အထက်) သုံးစွဲမိပါက ဆီးအတွင်း ကယ်လ်ဆီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်များ ဆုံးရှုံးမှုပိုစေနိုင်သည်။ သို့သော် ကယ်လ်စီယမ်ဓာတ် အလုံအလောက်ရှိပါက အရိုးပါးရောဂါဖြစ်လောက်အောင် မဖြစ်နိုင်ကြောင်း သုတေသနတွေအရ သိရသည်။ သို့သော် သက်ကြီးပိုင်းဖြစ်ပါက ကော်ဖီ၊ လက်ဖက်ရည်ကြိုက်တတ်လျှင် များများမသောက်မိစေဖို့၊ သောက်လျှင်လည်း နို့ထည့်သောက်ကာ ကယ်လ်စီယမ်ဓာတ် ပြန်ဖြည့်စွက်စားသောက်ပေးဖို့လိုပါသည်။

အလားတူ ကဖင်းဓာတ်သောက်သုံးပြီးချိန်တွင် နှလုံးခုန်မြန်လာခြင်း၊ သွေးဖိအားတက်လာခြင်းတို့ကို တချို့တွင် ခဏတဖြုတ်ဖြစ်တတ်သည်။ သို့သော် သုတေသနများအရ ကဖင်းဓာတ်ကြောင့် ကိုလက်စထရောတက်စေခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးသွေးကြောရောဂါခံစားရခြင်းများကို ပိုမိုဖြစ်ပွားစေခြင်း မရှိကြောင်းတွေ့ရသည်။ သို့သော် သွေးတိုးနှင့်နှလုံးရောဂါများရှိသူဖြစ်ပါက ကဖင်းပါသော အစားအသောက်များကို လျှော့သောက်သင့်သည်။ ကင်ဆာနှင့် ကဖင်းဆက်နွယ်မှု ရှိ၊ မရှိကိုလေ့လာသော သုတေသန ၁၃ခု၏ရလဒ်များအရ ကော်ဖီသောက်သုံးမှုကြောင့် ကင်ဆာရောဂါများကို ပိုမိုဖြစ်ပွားစေနိုင်ခြင်းမရှိဘဲ တချို့သောကင်ဆာရောဂါများကိုပင်လျှင် ကာကွယ်ပေးနိုင်ကြောင်းတွေ့ရသည်။

ယုံကြည်ချက် (၄) “ကဖင်းဓာတ်သည် ကိုယ်ဝန်ဆောင်ဖို့ရှိသော အမျိုးသမီးအတွက်မကောင်းပါ”

ကဖင်းဓာတ်ကြောင့် ကလေးရခက်ခဲခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးရာပါချို့ယွင်းချက်ပါလာခြင်း၊ ပေါင်မပြည့်လမစေ့ဘဲ မွေးခြင်းစသည်တို့ ဖြစ်ပွားစေနိုင်ခြင်းမရှိပါ။ သို့သော် ကဖင်းအလွန်အမင်း သောက်သုံးခြင်းသည်လည်း အန္တရာယ်လုံးဝမကင်းနိုင်သည့်အတွက် တစ်နေ့ ကော်ဖီ သို့မဟုတ် လက်ဖက်ရည် တစ်ခွက်၊ နှစ်ခွက်ထက် မပိုသင့်ပေ။

ယုံကြည်ချက်(၅) “ကဖင်းဓာတ်ကြောင့် ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုပိုစေနိုင်သည်”

ကော်ဖီ၊ လက်ဖက်ရည်သောက်သုံးပြီးပါက ကဖင်းဓာတ်ကြောင့် ဆီးပိုသွားစေနိုင်သည်။ သို့သော် အသင့်အတင့်သာသောက်သုံးပြီး ရေကိုလည်းပုံမှန်သောက်သုံးပါက အန္တရာယ်ဖြစ်လောက်အောင် ရေဓာတ်ဆုံးရှုံးခြင်းမျိုး မဖြစ်တတ်ပါ။

ယုံကြည်ချက် (၆) “ကဖင်းဓာတ်သည် ကလေးများအတွက်မကောင်းပါ”

ကလေးများသည် အချိုရည်များကိုသောက်တတ်ပြီး တချို့အချိုရည်များတွင် ကဖင်းပါတတ်သည်ကို သတိထားသင့်သည်။ ကဖင်းပါသော အချိုရည်များ သောက်သုံးမှုလွန်ကဲခြင်းကြောင့် အဝလွန်ခြင်းအပါအဝင် နောက်ဆက်တွဲအန္တရာယ်များစွာရှိပါသည်။ ကဖင်းကြောင့်ထက် သကြားဓာတ်များသော အချိုရည်များကြောင့် ကလေး၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။

ယုံကြည်ချက် (၇) “အရက်နှင့်တွဲသောက်ပါက အမူးနည်းစေသည်”

မှားယွင်းသော အယူအဆဖြစ်သည်။ ကော်ဖီနှင့် အရက်တွဲသောက်ခြင်းဖြင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုထိခိုက်ကာ မတော်တဆထိခိုက်မှုများပင် ပိုဖြစ်စေနိုင်သည်။

ယုံကြည်ချက်(၈) “ကဖင်းသည် ကျန်းမာရေးအတွက်မကောင်းပါ”

ယတိပြတ်ပြောလို့မရပါ။ သို့သော် ကဖင်းဓာတ်သည် ခေါင်းကိုက်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ ပါကင်ဆွန်ရောဂါ၊ အသည်းရောဂါ၊ အူမကြီးကင်ဆာ၊ ဆီးချိုရောဂါ၊ သတိမေ့ရောဂါများအတွက် သက်သာစေနိုင်ကြောင်းတွေ့ရသည်။ တန်ဆေးလွန်ဘေးဟူသကဲ့သို့ အရာရာသည် အတိုင်းထက်အလွန်သောက်သုံးမိပါက ဘေးဖြစ်စေနိုင်သည်ကိုမူ သတိထားသင့်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top