Healthy Life Ad
Child

နှစ်ခြိုက်စွာ အိပ်မောကျခြင်းကြောင့် သင့်ကလေးကို ကျန်းမာစေနိုင်

၊ ငွေကြယ်စင်ယံ ၊

အိပ်ရေးဝတာက ကလေးတွေကို လန်းဆန်းတက်ကြွစေပါတယ်။ အိပ်ရေးပျက်တဲ့ ကလေးတွေက နာမကျန်းမှုဖြစ်လွယ်တဲ့အတွက် အိပ်စက်တာက ကလေးတွေကို စိတ်ပျော်ရွှင်ချမ်းမြေ့စေပါတယ်။

ပျော်ရွှင်စေပါတယ်
ညစဉ် အိပ်ချိန်တစ်နာရီခွဲကျော်လောက် လျော့နည်းတာက တစ်နှစ်လောက် ကြာသွားရင် ကလေးတွေမှာ စိတ်ဓာတ်ကျစေပြီး ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် လျော့နည်းစေပါတယ်။ အိပ်ရေးပျက်တာကြောင့် ကလေးတွေက ဝမ်းနည်းနေတတ်ကာ အိပ်ရေးဝပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ကလေးတွေက ပျော်ရွှင်လန်းဆန်းနေတတ်ပါတယ်။

နှလုံးကျန်းမာစေပါတယ်
ငြိမ်ငြိမ်သက်သက် အိပ်စက်တတ်တဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်ရင် အနည်းငယ် ဟောက်တတ်တဲ့ ကလေးတွေက သွေးဖိအားနဲ့နှလုံးခုန်နှုန်း မြင့်တက်နေတတ်တယ်လို့ သြစတြေးလျလေ့လာမှု အသစ်တစ်ခုအရသိရပါတယ်။ ဟောက်တဲ့အတွက် ညဘက်မှာ တစ်ချိန်လုံးနိုးတာနဲ့ အောက်ဆီဂျင်ပြတ်လပ်တာ တို့ဖြစ်ပေါ်တာကြောင့်ဖြစ်ပါတယ်။ အေးချမ်းတိတ်ဆိတ်စွာအိပ်မောကျတတ်တဲ့ ကလေးတွေက နှလုံး ကျန်းမာရေး ပိုမိုကောင်းမွန်တတ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ပိုင်ဆိုင်စေပါတယ်
တစ်နေ့ ၁၂ နာရီအောက် လျော့နည်းပြီး အိပ်တဲ့ လမ်းလျှောက်တတ်စ ကလေးတွေက ပိုအိပ်တဲ့ ကလေးတွေထက်အသက်သုံးနှစ်အရွယ်မှာ ကိုယ်အလေးချိန် ပိုများနိုင်ခြေနှစ်ဆရှိတယ်လို့ ဟားဗတ်ဆေးကျောင်း လေ့လာသူတွေက ဆိုပါတယ်။ တခြားလေ့လာမှုအရ ညတိုင်း အိပ်ချိန်ပိုများတဲ့ ကလေးတွေက ကိုယ်အလေးချိန်များနိုင်ခြေကိုးရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။

မှတ်ဉာဏ် ထက်သန်မှု ရှိပါတယ်
အိပ်ချိန် အလုံအလောက်ရှိရင် ကလေးတစ်ယောက်ဟာ ဦးနှောက်အစိတ်အပိုင်းသုံးလေးခုကို သုံးပြီး စမ်းသပ်မှုတစ်ခုကို ပြီးဆုံးအောင် လုပ်ဆောင်တတ်ပါတယ်။ အိပ်ရေးပျက်တာကြောင့် ဦးနှောက်ရဲ့ ဟန်ချက်ညီနိုင်စွမ်းနဲ့ အစွမ်းထက်မှု လျော့နည်းသွားပါတယ်။ ညတိုင်း တစ်နာရီလောက် အိပ်ချိန်လျှော့တာ တစ်ပတ်လောက်ကြာသွားရင် ကလေးတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းအပေါ် သိသိသာသာ သက်ရောက်မှု ရှိစေပါတယ်။

ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စေပါတယ်
လေ့လာမှုအရ အရွယ်ရောက်သူတွေ တစ်ညရှစ်နာရီ အိပ်ချိန်မရှိရင် အအေးမိနိုင်ခြေ သုံးဆနီးပါး ပိုများတယ်လို့ သိရပါတယ်။ ကလေးတွေမှာဆိုရင် အိပ်ရေးပျက်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် ကလေးကို အိပ်ရေးဝ၀ အိပ်ခိုင်းသင့်ပါတယ်။
ထိခိုက်ဒဏ်ရာရနှုန်း လျော့နည်းစေပါတယ်
ထိခိုက်ဒဏ်ရာ ဖြစ်လွယ်တဲ့ ကလေးတွေက အိပ်ရေးပျက်တာ များတယ်လို့ သိရပါတယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ ကလေးတွေက ကောင်းကောင်းအနားရ အိပ်ရေးဝနေသူတွေနဲ့စာရင် ထိခိုက်ဒဏ်ရာရနိုင်ခြေ နှစ်ဆပိုများပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top