Healthy Life Ad
Life Style

သုံးလသာခံတော့မယ်လို့ သိခဲ့ပေမယ့် ကင်ဆာဆဲလ် လုံးဝမရှိတော့တဲ့ အသည်းကင်ဆာရှင် ဦးစိုးသန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မုံရွာမြို့နေ ဦးစိုးသန်းသည် အသက် ၄၆ နှစ် အရွယ် ၂၀၁၆ နိုဝင်ဘာလတွင် အသည်းကင်ဆာ ဝေဒနာကို စတင်ခံစားခဲ့ရရာ ဆရာဝန်များက သုံးလသာ ခံတော့မည်ဟု ခန့်မှန်းခဲ့သော်လည်း ငါးလအတွင်း ကင်ဆာဆဲလ်လုံးဝမတွေ့တော့ဘဲ သက်သာခဲ့သဖြင့် သူ၏ ဆေးကုသမှုအတွေ့အကြုံများကို အခြားကင်ဆာဝေဒနာရှင်များ သိရှိသဘောပေါက်နားလည်စေရန် အနီးကပ်ပြုစုစောင့်ရှောက်ပေးသူ ဦးစိုးသန်း ၏ ဇနီးမမိုးမြင့်အား မေးမြန်းဖြစ်ခဲ့ပါသည်။

“အစကတော့ အမျိုးသားက ချိုင်းနံရိုးအောက်ကအောင့်တယ်၊ အောင့်တယ်နဲ့ပြောပါတယ်။ ကျွန်မတို့ကလည်း သတိမမူမိခဲ့ကြပါဘူး။ ရိုးရိုး လေထိုးလေအောင့်လောက်ပဲ ထင်ထားခဲ့ကြလို့ ဆေးမြီးတိုတွေနဲ့ ကုသခဲ့ကြပါတယ်။
နှစ်လလောက်ကြာတဲ့အခါမှာ အမျိုးသားကညဘက်တွေပါအိပ်မရအောင် အောင့်လာခဲ့ပါတယ်။ ဒါနဲ့ ကျွန်မတို့လည်း ညတွင်းချင်း မန္တလေးကိုဆင်းခဲ့ကြပါတယ်။ မန္တလေးရောက်တော့ မြို့တော်ဆေးရုံ မှာMRIရိုက်ကြည့်ခဲ့ပါတယ်။ ရက်စွဲက ၂၇ ရက် ၁၁လ ၂၀၁၆ ပါရှင့်။ အဖြေထွက်လာတဲ့အခါမှာ ကျွန်မအမျိုးသားရဲ့ ရောဂါဟာ အသည်းကင်ဆာလို ပုံစံမျိုးနဲ့ အသည်းတစ်ခြမ်းလောက် အနာတွေဖြစ်နေ ခဲ့ပါတယ်။ ကင်ဆာဆဲလ်ကလည်း ၁၅၇၀ဝ ကျော်ပါရှင့်။
ဆရာဝန်ကတော့ သုံးလပဲခံမယ်လို့ ကျွန်မကို ပြောပြခဲ့ပြီး ချက်ချင်းဆေးရုံတက်ခိုင်းပါတယ်။ ဆေးရုံတက်ဖို့ဆေးလက်မှတ်တွေကအစ ထုတ်ပေးခဲ့ပါတယ်။ ကျွန်မတို့လည်း အစကတော့ တွေဝေနေခဲ့ကြပါတယ်။ ဘာလုပ်လို့လုပ်ရမှန်းမသိခဲ့ပါဘူး။
နောက်ရက်မှာ ကျွန်မတို့ ဆွေမျိုးနီးစပ်အသိမိတ်ဆွေတစ်ယောက်ရဲ့ လမ်းညွှန်ချက်အရ ဘန်ကောက်ကို သွားခဲ့ပါတယ်”ဟု မမိုးမြင့်က ဦးစိုးသန်း၏ အသည်းကင်ဆာခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။

၁-၁၂-၂၀၁၆ ရက်နေ့တွင် ဘန်ကောက်၊ Bumrungrad ဆေးရုံ၌ ပထမဆုံးရက်ချိန်းနဲ့ပြခဲ့ရာ အဖြေမှာ မန္တလေးတွင် စစ်ဆေးခဲ့သည့် အဖြေအတိုင်းပင်ထွက်ကြောင်း၊ ဘီပိုးကြောင့် အသည်းတစ်ခြမ်းအနာဖြစ်ပြီး ကင်ဆာဖြစ်နေသဖြင့် ဆရာဝန်က ကုသနိုင်မည့် နည်းလမ်းများကို ရှင်းပြခဲ့ကြောင်း သိရသည်။
“အသည်းအစားထိုးနည်း၊ ဆေးဖြန်းနည်း၊ မီးရှို့ကုနည်း စသဖြင့် အမျိုးမျိုးရှိပေမယ့် အသည်းကင်ဆာရှိတဲ့အပိုင်းကို ခွဲထုတ်ဖို့ဆိုလည်း အသည်းရဲ့ သုံပုံနှစ်ပုံလောက်က အနာတွေနဲ့ဖြစ်နေပါပြီ။ ဆရာဝန်တွေကတော့ ကျွန်မကို သုံးလ- ကံကောင်းရင် တစ်နှစ်ပဲခံမယ်လို့ ပြောပြထားပါတယ်။ အမျိုးသားကတော့ မသိပါဘူး။ ကျွန်မတို့လည်း ဆရာဝန်နဲ့ အကောင်းဆုံးတိုင်ပင်ပြီး အဲဒီနေ့မှာပဲ အသည်းတစ်ခုလုံးကို ဆေးဖြန်းလိုက်ပါတယ်. . အဲဒါပြီးတော့ လိုအပ်တဲ့ ဆေးတွေပေးပြီး နှစ်လပြန်ချိန်းလိုက်ပါတယ်။ ဆေးဖြန်းပြီးတော့ သူခံစားနေရတဲ့ နာတာ၊ အောင့်တာတွေက လုံးဝ ပျောက်သွားလို့ သူက ဝမ်းသာအားရ ဖြစ်နေခဲ့တယ်”ဟု မမိုးမြင့်က ဆိုသည်။

မြန်မာပြည်ပြန်ရောက်သည့်အခါ ဆွေမျိုးသားချင်းများနှင့် အသိမိတ်ဆွေများက ဆေးမြီးတိုများကို ညွှန်သော်လည်း

ဦးစိုးသန်းသည် ဆရာဝန်ပေးလိုက်သော ဆေးဝါးများကို မှီဝဲပြီး မနက်ပိုင်းတွင် ကညွတ် ဖျော်ရည်သောက်ခြင်း၊ နေ့လယ်ထမင်းစားပြီး မုန်လာဥအနီ(ခါကြက်ဥအနီ)နှင့် ပန်းသီးစိမ်းရောကြိတ်၍သောက်ခြင်း၊ ညနေစာစားပြီးချိန်တွင် သင်္ဘောရွက်အဖိုကို အရည်ကြိတ်သောက်ခြင်းတို့ကိုသာ ပုံမှန်မှီဝဲခဲ့

ကြောင်း သိရသည်။

ပထမအကြိမ် ဘန်ကောက်သို့ဆေးသွားကုစဉ်က ဦးစိုးသန်းတို့ ဇနီးမောင်နှံ

“ဆေးရုံကပေးတဲ့ဆေးတွေကိုလည်း ပုံမှန်စားပါတယ်။ ပြီးတော့ မနက်ဘုရားမရှိခိုးခင် ကညွတ် အစိမ်းလိုက် အရည်ထွက်အောင်ကြိတ်စက်နဲ့ကြိတ်ပြီး အရည်သောက်တယ်။ မုံရွာကထွက်တဲ့ ကညွတ် ကျတော့သေးတဲ့အတွက် များများထည့်ရတယ်။ မြို့ကြီးတွေမှာရှိတဲ့ ကညွတ်ကျတော့ ကြီးတယ်။ ၁၀ ချောင်း – ၁၅ချောင်းလောက်ကို ရေနဲ့စင်အောင်ဆေးတယ်။ ပြီးရင် အဖျားကို ကြိတ်တယ်။ အရင်းက အမာလေးကို ကြိတ်ရင် ရေစစ်သန့်သန့်လေးနဲ့ စစ်ထုတ်လိုက်ပါတယ်။ ရလာတဲ့ မတ်ခွက်တစ်ခွက်ကို ဘုရားကို အရင်လှူပြီးမှ၊ ဘုရားဝတ်ပြုပြီးမှ သောက်ပါတယ်။

နေ့လယ်ထမင်းစားပြီးချိန်မှာကျတော့ မုန်လာဥနီ(ခါကြက်ဥအနီ)နဲ့ ပန်းသီးစိမ်းကိုရောကြိတ်ပြီး ရလာတဲ့အရည်ကို တိုက်ပါတယ်။ မုန်လာဥနီကိုငယ်ရင် နှစ်ဥ၊ ကြီးရင် တစ်ဥထည့်ပြီး ပန်းသီးစိမ်းတစ်လုံးနဲ့ ရောကြိတ်လိုက်ပါတယ်။ တစ်ခါတလေ အာလူးအငယ်စား တစ်လုံးလောက် ထည့်တိုက်ပါတယ်။ တစ်ခါတလေ မလွယ်ရင် မုန်လာဥနီကိုပဲ ကြိတ်ပြီး၊ သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး တိုက်လိုက်တယ်။
ညနေစာစားပြီး ၅ နာရီလောက်မှာလည်း အသီးမသီးတဲ့ သင်္ဘောပင်သင်္ဘောရွက်အဖိုတစ်ရွက်ကို ရေပြောင်အောင်ဆေးပြီး ကတ်ကြေးနဲ့ ညှပ်တယ်။ ပြီးရင် အရည်ကြိတ်ပြီး တိုက်ပါတယ်။ ဒါတွေကို အနေတော်ရိုးရိုးဖန်ခွက်နဲ့ တစ်ခွက်စာလောက် နေ့စဉ်အချိန်နဲ့ သောက်ခိုင်းပါတယ်ရှင့်”ဟု မမိုးမြင့်ကသူ ၏လက်တွေ့ပြုစုတိုက်ကျွေးနည်းကိုပြောပြခဲ့သည်။

ဒုတိယအကြိမ်ဆေးပြရာ ကင်ဆာဆဲလ် ၈၀ရာခိုင်နှုန်းကျော် လျော့ကျသွား

၆-၂-၂၀၁၇ ရက်နေ့တွင် ဦးစိုးသန်းသည် ဒုတိယအကြိမ် Bumrungrad ဆေးရုံသို့ သွားပြခဲ့ရာ ကင်ဆာဆဲလ်မှာ ၃၀ဝ၀ ကျော်ပဲကျန်တော့ကြောင်း၊ ကင်ဆာဆဲလ် ၈၀ ရာခိုင်နှုန်းခန့် လျော့သွားသဖြင့် ဆရာဝန်တောင်မှ အံသြသွားခဲ့ကြောင်း သိရသည်။

ဘန်ကောက်သို့သွားရာတွင် ပုံမှန်တိုက်ကျွေးနေကျအသီးအနှံများ၊ သင်္ဘောရွက်၊ ကြိတ်စက် စသည့်လိုအပ်သော ပစ္စည်းများကို မမိုးမြင့်က သယ်ဆောင်သွားပြီး အချိန်မှန် မပြတ်တိုက်ကျွေးကြောင်း မမိုးမြင့်က ပြောပြခဲ့သည်။
တတိအကြိမ် ၁၇-၄- ၂၀၁၇ ရက်ချိန်းအတိုင်း ဆေးသွားစစ်ရာ ကင်ဆာဆဲလ် လုံးဝ မရှိတော့ကြောင်း မမိုးမြင့်က ဆိုသည်။

တတိအကြိမ် ၁၇-၄- ၂၀၁၇ ရက်ချိန်းအတိုင်း ဆေးသွားစစ်ရာ ကင်ဆာဆဲလ်လုံးဝမရှိတော့ . . .

“ဒါပေမဲ့ Bumrungrad ဆေးရုံကတော့ အစာအိမ် သွေးကြောလေးတွေ ဖောင်းတာ ဘာညာ ဖြစ်တတ်တဲ့အတွက် နောက်သုံးလမှာ လာပြဦးလို့ မှာထားပါတယ်။ အခုလည်း ဆေးတွေကို ဆက်တိုက် နေဆဲပါပဲ”ဟု မမိုးမြင့်က ဆိုသည်။
ယခုအခါ သားသမီးနှစ်ဦးရှိသော ဦးစိုးသန်းသည် ဇနီးသည်နှင့်အတူ ကျန်းကျန်းမာမာဖြင့်ပင် ကုန်သည်အလုပ်ကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

“ဆရာဝန်က သုံးလပဲ ခံမယ်လို့ ပြောပေမယ့် ဒါကို အမျိုးသားကို မသိစေခဲ့ဘူး။ ကျွန်မ တစ်ယောက်တည်းပဲ ကျိတ်ပြီး စိတ်ပူပင်ခဲ့ရတာ . . စိတ်ပင်ပန်းရတယ်လေ . .

ကျန်းမာရေးအတွက် ကျွန်မလို စိတ်မပူပင်စေချင်ဘူး။ ဒါကြောင့် တခြားနီးစပ်ရာတွေကိုလည်း ဘယ်လိုတိုက်၊ ဘယ်လိုပြုစုဆိုပြီး သေချာမျှဝေပေးပါတယ်။ အခုဆိုရင် မိသားစု အပေါင်းအသင်း၊ဆွေမျိုးသားချင်းတွေရဲ့ နွေးထွေးဂရုစိုက်မှုနဲ့ အတူ ကျန်းကျန်းမာမာနဲ့ ဘဝကို

ရှေ့ဆက်နိုင်ခဲ့ပါပြီ”ဟု မမိုးမြင့်က ပြောပြခဲ့ပါသည်။
(မှတ်ချက်။ ။ ဓာတ်ပုံများကို ဦးစိုးသန်းနှင့် မမိုးမြင့်၏ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top