Healthy Life Ad
Life Style

ကျောက်ကပ်ကျောက်တည်ခြင်း နှင့်သည်းခြေကျောက်တည်ခြင်းဆိုင်ရာ အမေးအဖြေများ

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ကျွန်မက သဲခြေပြွန်မှာ ၅mm- ၃mm ကျောက်နှစ်လုံးရှိနေပါတယ်။ သည်းခြေအိတ်ထဲမှာဆိုရင်တော့ အပေါက်ဖောက်ပြီး ထုတ်လို့ရတယ်လို့ ပြောပါတယ်။ ကျောက်က သည်းခြေပြွန်ထဲမှာမို့လို့ ခွဲဖို့ခက်နေတာ သောက်ဆေးပဲ သောက်နေရပါတယ်။ အောင့်တာ၊ နာတာကတော့ မသိမသာလေးပါပဲ။ ဖြစ်နိုင်ရင် ကျောက်တွေကိုမခွဲမစိတ်ရဘဲ ကြေချင်ပါတယ်။ ဘယ်နည်းနဲ့ကျအောင်လုပ်လို့ရလဲသိပါရစေ။
Thein Thein Oo

ဖြေ ။ ကျောက်အမျိုးအစားပေါ်မှာလည်း မူတည်ပါတယ်။ သည်းခြေကျောက်ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေက မွေးရာပါ သွေးနီဥပေါက်ကွဲတဲ့ ရောဂါတွေကြောင့်လည်းဖြစ်တတ်တယ်။ ဒါပေမဲ့ အဖြစ်များဆုံးဖြစ်နေတာက နေ့စဉ်စားသောက်တဲ့အထဲမှာပါတဲ့ ဆီတွေ မသန့်လို့ ဒီဆီတွေကို စစ်ထုတ်တဲ့အခါမှာ သည်းခြေရည်တွေက အနည်အနှစ်တွေကျပြီး ကျောက်ဖြစ်ရတာပါ။ နောက်တစ်ခုကတော့ အသည်းက မကျန်းမာတဲ့ အခြေအနေ (ဥပမာ နာတာရှည် အသည်းအဆီဖုံးနေတာ၊ ဘီပိုး၊ စီပိုးရှိနေတာ)မှာ အထဲက စစ်ထုတ်လိုက်တဲ့ သည်းခြေရည်တွေက မသန့်တော့ ပုံမှန်အတိုင်း မဆင်းနိုင်ဘဲ အနည်အနှစ်ကျပြီး ကျောက်တည်တာ ဖြစ်ပါတယ်။ များသောအားဖြင့် အနည်အနှစ်ကျရတာက သည်းခြေရည်တွေ စုဆောင်းထားတဲ့ သည်းခြေအိတ်ထဲမှာ အနည်ကျပြီး ကျောက်ဖြစ်ကြတာ များပါတယ်။ ဒါပေမဲ့ အနည်အနှစ်ကျဖန်များတဲ့အခါ သည်းခြေအိတ်အထိ မရောက်ဘဲ သည်းခြေလမ်းကြောင်းမှာ အနှစ်လေးတွေကနေ ကျောက်လေးတွေ ဖြစ်တတ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်းကိုရှာပြီး ကုလို့ရရင် ကုရပါမယ်။ တစ်ဖက်ကလည်း အဆီ(အထူးသဖြင့် စားအုံးဆီ)စားသုံးမှုကို လျှော့ရမယ်၊ ရှောင်နိုင်ရင် ကောင်းတယ်။ ပြီးရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သံလွင်ဆီ၊ ပဲဆီ၊ နှမ်းဆီ စတဲ့ ဆီတွေကိုလည်းလျှော့စားသင့်ပါတယ်။ ဝတဲ့သူတွေက ကိုယ်အလေးချိန် လျှော့ချသင့်ပါတယ်။ သည်းခြေနဲ့အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းတဲ့ ဆေး Ursodeoxycholic Acid ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးရင် သည်းခြေရည် စီးဆင်းမှု ကောင်းစေပြီး အနယ်အနှစ်ကို ချေဖျက်ပေးပါတယ်။ Herbal ဆေးအနေနဲ့ အများသိကြတဲ့ Rowachol ဆိုတဲ့ ဆေးကိုပေးလေ့ရှိပါတယ်။

သည်းခြေကျောက်တည်တဲ့အခါ ဘယ်လိုကုရမလဲဆိုရင် ဖြစ်တဲ့ ကျောက်အမျိုးအစားပေါ် မူတည်ပြီး ကုရမယ်။ ပြီးတော့ အဝလွန်တာကို လျှော့ပြီး အဆီကို တတ်နိုင်သမျှ ဆင်ခြင်ရမယ်၊ ဖြစ်စေတဲ့ အ ခြေခံအကြောင်းရင်းရှာပြီး ကုရမယ်။

သည်းခြေကျောက်ပမာဏသေးရင်တော့ ကိစ္စမရှိဘူး။ ကျောက်ပမာဏကြီးလာပြီး တစ်ဆို့မှုဖြစ်လာရင် နာမယ်၊ အောင့်မယ်၊ ချမ်းတုန်ဖျားမယ်၊ မျက်စိဝါမယ်၊ အသားဝါမယ်ဆိုတဲ့ အရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေဆိုရင် ဆေးရုံတက်ပြီး ကုသရနိုင်တဲ့အတွက် တစ်ဆို့မှုမဖြစ်ခင်မှာ ဆရာဝန်နဲ့တိုင်ပင်ပြီး စနစ်တကျ ကုသမှုခံယူဖို့ အကြံပြုလိုပါတယ်။

မေး ။ ကျောက်ကပ်မှာ ရေအိတ်တည်နေပါတယ်။ ခွဲဖို့ မလိုဘူးလို့ ပြောပါတယ်။ အပူချိန်ပြင်းရင် မနေနိုင်ပါဘူး။ ဘယ်လိုလုပ်ရပါမလဲဆရာ။
Soe Win Tun (Fb)

ဖြေ ။ ကျောက်ကပ်မှာ ရေအိတ်ရှိတာက သေးရင် ဘာလက္ခဏာမှ ပြလေ့မရှိပါဘူး။ အရွယ်အစားက ၂-၃ စင်တီမီတာအထိ ဘာလက္ခဏာမှ ပြလေ့မရှိပါဘူး။ သူ့ဘာသာနေပါတယ်၊ ဆေးဝါးနဲ့လည်း ကုလို့ မရပါဘူး။ ဒီအချိန်မှာ တစ်နေ့ ရေနှစ်လီတာလောက် မှန်မှန်သောက်ပေးဖို့တော့လိုအပ်ပါတယ်။ ၆-၈ စင်တီမီတာလောက်အထိ ကြီးလာရင်တော့ ဆီးနှင့် ကျောက်ကပ်အထူးကုဆရာဝန်နဲ့ ပြပြီး ရေအိတ်ကို အပြင်ကနေ စုပ်ထုတ်ဖို့လိုအပ်ပါတယ်။ ရေအိတ်ထဲကိုပိုးဝင်နိုင်တယ်၊ သွေးယိုနိုင်တယ်၊ အောင့်လာနိုင်တယ်၊ ခါးနာလာနိုင်တယ်၊ ဒီလိုအခြေအနေဆိုရင်တော့ ရေအိတ်ကိုအပြင်ကနေစုပ်ထုတ်ဖို့ လိုအပ်တဲ့အတွက် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

မေး ။ သမီး အခုဖြစ်တာက ယားတယ်။ ယားလို့ ကုတ်လိုက်တဲ့နေရာမှာဆို အဖီးအဖီးတွေ ဖြစ်တယ်ဆရာ။ ပြီးတော့ ရေသောက်လိုက်ထားရင် ဆီးခဏခဏသွားတယ်၊ အိမ်သာမှာ အလေးစွန့်ရင်လည်း အရောင် ပြောင်းနေပါတယ်။ ဆရာပိုဆိုးတာက ခြေဖဝါး၊ လက်ဖဝါးတွေမှာ ထိမိတယ်၊ အားနဲ့ဖိမှာတာတွေဆို နာတာမဟုတ်ပေမယ့် စူးပြီး အောင့်တဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ ဆရာဝန်တော့ မပြဖြစ်ဘူးဆရာ။ ကျောက်ကပ်လက္ခဏာလားဆရာ။ ဒီလိုတွေဖြစ်ရင် ဘာဆက်လုပ်ရမလဲရှင့်။
ပုန်းညက်ပန်းလေး(Fb)

မေး ။ အခုပြောပြတဲ့ ယားတဲ့ပုံစံက ဓာတ်မတည့်မှု တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ တချို့ကျတော့ ကုတ်တဲ့ နေရာ၊ ပုဆိုး၊ ထဘီကျပ်ကျပ်စည်းဝတ်ထားလို့ အနီပြင်ဖြစ်ပြီး ယားနိုင်တယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းရှာပြီး ကုမှပဲ ပျောက်နိုင်တယ်။ နောက်တစ်ခုက ရေသောက်ရင်တော့ ဆီးသွားမှာပဲ ဖြစ်ပါတယ်။ သဘာဝအရ ရေများများသောက်မယ်၊ လှုပ်ရှားမှုနည်းမယ်၊ ထိုင်နေမယ်၊ ရာသီဥတုအေးတယ်ဆိုရင် ဆီးသွားများမှာပဲ။ ရာသီဥတု ပူတယ်၊ ရေသောက်နည်းတယ်၊ လှုပ်ရှားမှုများတယ်၊ ချွေး ထွက်များတယ်ဆိုရင်တော့ ဆီးထွက်တာနည်းမှာပါပဲ။ အလေးစွန့်ရင် အရောင်ပြောင်းတာကလည်း စားတဲ့ အစားအသောက်၊ အစားအသောက်တွေက အူလမ်းကြောင်းထဲ နေတဲ့အချိန်ကြာမြင့်မှု . . အဲဒီအပေါ်မူတည်ပြီး ဝမ်းအရောင်က ဝါတာကနေ ညိုတဲ့အထိဖြစ်နိုင်ပါတယ်။ ပုံမှန်သွားတယ်၊ ဗိုက်မနာဘူး၊ ချွဲမပါဘူး၊ သွေးမပါဘူးဆိုရင် သိပ်အရေးမကြီးဘူးလို့ ယူဆနိုင်ပါတယ်။ ခြေဖဝါး၊ လက်ဖဝါး ဖိရင် နာတာကတော့ အာရုံကြောနဲ့ ဆိုင်ပါလိမ့်မယ်။ အာရုံကြောအားနည်းတာ၊ တစ်ခုခုနဲ့ ဖိမိတာ၊ ဗီတာမင် B1အားနည်းတာတို့လို အခြေအနေတွေမှာ တွေ့ရတတ်ပါတယ်။ ဒါကလည်း ဘာကြောင့်ဖြစ် သလဲဆိုတာရှာဖွေပြီး ကုသဖို့လိုအပ်ပါတယ်။

မေး ။ ကျွန်မမှာ ညအိပ်ရင်း ၁၂ နာရီနောက်ပိုင်း လှည့်အိပ်ရင် ညာဘက်လက်ပြင်အောက်နားက အရမ်း အောင့်တယ်။ ညာဘက်ခြေထောက်လည်း ရောင်နေပါတယ်။ ဒီ၅mm နဲ့၄mm နှစ်ဘက်စလုံးမှာရှိနေတဲ့ ကျောက်တွေကို ဘယ်လိုကုရင်ကောင်းမလဲ အကြံပေးစေချင်ပါတယ်။
Than Than (FB)

ဖြေ ။ အိပ်ရင်းနဲ့အောင့်တာ အများစုက အအေးမိတာကြောင့် ဖြစ်နိုင်ပါတယ်။ အဲကွန်းလေ၊ ပန်ကာလေ တွေက အဲဒီညာဘက်အခြမ်းကို မှုတ်ထားရင် ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က လည်ပင်းကျီးပေါင်းကနေ အာရုံကြောဖိမိရင်လည်း အောင့်တတ်တယ်။ ဒါမှမဟုတ် အိပ်ရင်း ကျောအောက်မှာ စောင်ခေါက်၊ အဝတ်ခေါက်တစ်ခုခုခံပြီး အဲဒီအတိုင်း ကြာကြာအိပ်ဖြစ်သွားတယ်ဆိုရင် မနက်မိုးလင်းတဲ့အခါ ကြက်သားတွေ နာတတ်ပါတယ်။ ခြေထောက်ရောင်တာကတော့ ဖောရင်လည်း ရောင်တယ်ပြောတယ်၊ နီရဲပြီးရောင်ရင်လည်း ရောင်တယ်ပြောကြတယ် . . ဒီတော့ ခြေထောက်ရောင်တာက ဘယ်လိုပုံစံမျိုးရောင်သလဲ ဆိုတဲ့အပေါ်မူတည်တယ်။ ခြေထောက်ထိခိုက်ပြီးနီရဲရောင်ရမ်းရင်လည်း အဆစ်ရောင်တယ်လို့ဆိုနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ခြေထောက်ရောင်တာကို ဆရာဝန်နဲ့ပြပြီး သေချာစစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

ကျောက်ကပ်ကျောက်နဲ့ ပတ်သက်ပြီး အရေးကြီးဆုံးအချက်ကို ပြောရမယ်ဆိုရင် တစ်နေ့ကို ရေ သုံးလီတာနဲ့အထက် သောက်ရပါမယ်။ ပြီးတော့ ဆီးကျောက်ပျော်ဝင်စေနိုင်မယ့် ဆေးဝါး ဥပမာ Urocrush ပိုတက်ဆီယမ်စစ်ထရိတ်အရည်တွေကို သောက်ပေးရမယ်။ အစားအသောက်အနေနဲ့ ငပိ၊ ငါးခြောက်၊ ငံပြာရည်၊ ဆားစတာတွေ ပါဝင်မှုများတဲ့ အစာတွေကို တတ်နိုင်သမျှလျှော့ချရမယ်။ သုံးလလောက်နေမှ ပြန်စစ်ဆေးကြည့်လို့ ကျောက်က မသေးသွားဘဲ ကြီးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။

မေး ။ ကျောက်ကပ်မှာ ကျောက်တည်တာကိုခွဲစိတ်ပြီးမှ ထုတ်ရင် ကျောက်ကပ်ထိခိုက်နိုင်ပါသလားခင်ဗျာ။
Zaw Myo Naing (Fb)

ဖြေ ။ ကျောက်ကပ်မှာ ကျောက်တည်တာက ကျောက်အသေးလေးတွေဆိုရင် ပြွန်ထည့်ပြီး လေဆာနဲ့ ချေတဲ့နည်းကိုပဲ သုံးတာများပါတယ်။ ကျောက်က ကြီးတယ်၊ ချေဖို့ ခက်တယ်၊ ကျောက်ကပ်ကို အန္တရာယ် ပြုနိုင်တဲ့ အရွယ်အစားအထိ ကြီးနေပြီဆိုရင်တော့ ခွဲစိတ်ပြီး ကျောက်ကြီးပဲ ဖယ်ထုတ်ပါတယ်။ ခွဲတာကတော့ ထိခိုက်မှု မရှိနိုင်ပါဘူး။

မေး ။ ရေချိုးရင်း ဆီးသွားရင် ကျောက်ကပ်ပျက်စီးနိုင်တယ်လို့ ကြားမိပါတယ်။ မှန်ပါသလား။
Nu Nu (Fb)

ဖြေ ။ ရေချိုးရင်း ဆီးသွားရင် ကျောက်ကပ် မပျက်စီးနိုင်ပါဘူး။ ကျောက်ကပ်သွေးကြောတွေ ပျက်စီးရင်၊ ဆီးလမ်းကြောင်းထဲ ပိုးဝင်ပြီး ထိခိုက်ရင်၊ ကျောက်ကပ်ထိခိုက်စေတဲ့ ဆေးဝါးတွေ သုံးစွဲရင် . . ဒီလိုအခြေအနေတွေမှာပဲ ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ ရေချိုးရင်း ဆီးသွားတာက ကျောက်ကပ်မထိခိုက်ပါဘူး။ ဆီးမထိန်းနိုင်တဲ့သူတွေဆိုရင် ဆီးသွားနေရင်း ရပ်လိုက်၊ သွားလိုက် လေ့ကျင့်ခန်းကိုတောင် လုပ်ခိုင်းလေ့ရှိပါတယ်။

မေး ။ သမီးလည်း ကျောက်ကပ်မှာကျောက်တည်နေပါတယ်။ ဆီကလည်း သွားပြီးရင်းသွား၊ တစိုစိုဖြစ်နေပါတယ်။ ကျောက်က သေးသေးတယ်လို့တော့ သိရပါတယ်။ ဘာဆေးဝါးသုံးစွဲရမလဲဆရာ။
လမင်း (Fb)

ဖြေ ။ တစ်နေ့ကို ရေသုံးလီတာနဲ့အထက် သောက်ရပါမယ်။ ပြီးတော့ ဆီးကျောက်ပျော်ဝင်စေနိုင်မယ့် ဆေးဝါး ဥပမာ Urocrush ၊ ပိုတက်ဆီယမ်စစ်ထရိတ်အရည်တွေကို သောက်ပေးရမယ်။ အစားအသောက်အနေနဲ့ ငပိ၊ ငါးခြောက်၊ ငံပြာရည်၊ ဆားစတာတွေ ပါဝင်မှုများတဲ့ အစာတွေကို တတ်နိုင်သမျှ လျှော့ချရမယ်။ သုံးလလောက်နေမှ ပြန်စစ်ဆေးကြည့်လို့ ကျောက်က မသေးသွားဘဲ ကြီးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ ဆီးက သွားပြီးရင်းသွားချင်နေတယ်ဆိုတာက ဆီးလမ်းကြောင်း ပိုးဝင်ပြီး ဆီးအိမ်ရောင်နေတဲ့သူတွေမှာ အများအားဖြင့်တွေ့ရတတ်ပါတယ်။ ဆီးခဏခဏသွားတာအပြင် ဆီးသွားတဲ့အခါ ပူ၊ ကျဉ်၊ စပ်၊ အောင့်တဲ့ လက္ခဏာတွေနဲ့လည်း တွဲပြီး တွေ့ရတတ်ပါတယ်။ ဒါမျိုးဆိုရင်တော့ ဆီးစစ်ပြီး နီးစပ်ရာ ဆရာဝန်နဲ့ ပြရပါမယ်။ ဆီးပိုးဝင်တဲ့ပိုးအပေါ် မူတည်ပြီး သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေးပေးလိုက်ရင် သက်သာသွားမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top