Healthy Life Ad
Life Style

ခြေဖဝါးပူပူနဲ့ လမ်းလျှောက်ရတာမကြိုက်ဘူး ဒေါက်တာ . . .

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

အသက် ၇၀အရွယ် ပြင်သစ်အမျိုးသမီးကြီးဆိုဖီဟာ ဧည့်လမ်းညွှန်အမျိုးသမီးငယ်တစ်ဦး၊ ခရီးသွားအေဂျင်စီက တာဝန်ရှိအမျိုးသမီးကြီး တစ်ဦးတို့နဲ့အတူ ဆရာ့ရုံးခန်းရှေ့က ခုံတန်းတွေမှာစောင့်နေကြပါတယ်။ ဆိုဖီရဲ့စိတ်ထဲမှာတော့ လေယာဉ်ကွင်းရောက်နေတယ်လို့ ထင်နေပါတယ်။ သူနဲ့အတူပါလာတဲ့ ဧည့်လမ်းညွှန်နဲ့ ခရီးသွားအေဂျင်စီက အမျိုးသမီးတို့ကို “ငါရဲ့လေယာဉ်လက်မှတ်ဘယ်မှာလဲ၊ ဘယ်အချိန်လေယာဉ်ပေါ်တက်ရမှာလဲ”လို့ တတွတ်တွတ်မေးနေပါတယ်။

“ဒါလေယာဉ်ကွင်း မဟုတ်ဘူး၊ ဆေးရုံရောက်နေတာပါ”လို့ ဧည့်လမ်းညွှန်ကရှင်းပြပေမယ့် သူကလက်မခံဘဲ အတင်းငြင်းနေပါတယ်။ ဆရာ့ဆေးခန်းထဲဝင်လာချိန်မှာတော့ မေးရမြန်းရတာတော်တော်လေး ခက်ခဲခဲ့ပါတယ်။ ပြင်သစ်စကားပြန်ပါလာပေမယ့် သူ့စကားတွေကိုနားမလည်ဘူး၊ မသိဘူး၊ ဘာတွေလာပြောမှန်း မသိဘူးဆိုပြီး မဲ့ကာရွဲ့ကာပြောနေပါတယ်။

ဆရာက သူ့ကို ပြင်သစ်လို ‘Bon-jour’ (မင်္ဂလာပါ)လို့နှုတ်ဆက်စကားဆိုပြီး ပြုံးပြလိုက်ပါတယ်။ ပြင်သစ်စကားလေးတွေနဲ့ အလ္လာပ သလ္လာပပြောပြီး ‘အသက်ဘယ်လောက်ရှိပြီလဲ’လို့ မေးလိုက်တဲ့အခါ ‘၇၈ နှစ်’ လို့ဖြေပါတယ်။ ‘သိပ်နုတာပဲ . .အသက် ၅၀ လောက်ပဲထင်နေတာ၊ အရွယ်တင်ပြီး နုပျိုလှပနေတာပဲ’လို့ ဆရာကပြောလိုက်တော့ သူကပြုံးလာတယ်။

အဲဒါနဲ့ ဆရာက သူ့ကို ပြင်သစ်လို ‘မင်္ဂလာပါ’ လို့ နှုတ်ဆက်စကားဆိုရင်း ပြုံးပြလိုက်ပါတယ်။ အဲဒီနောက် ပြင်သစ်စကားအတိုအစလေးတွေနဲ့ အလ္လာပ သလ္လာပပြောရင်း ‘အသက်ဘယ်လောက်ရှိပြီလဲ’လို့ မေးလိုက်တဲ့အခါ ‘၇၈ နှစ်’လို့ဖြေပါတယ်။ အဲဒီအခါ ဆရာက ‘ဟုတ်ရဲ့လား . . အသက် ၅၀ လောက်ပဲထင်နေတာ၊ အရွယ်တင်ပြီး သိပ်နုပျိုနေတာပဲ၊ ဘာဆေးတွေစားနေလဲ’လို့ ဆရာကမေးလိုက်တော့ သူကပြုံးလာတယ်။ အဲဒီနောက် ဆရာမေးသမျှ လိုလိုလားလားဖြေလာပါတော့တယ်။ မေးခွန်းတွေ အမျိုးမျိုးမေးကြည့်ရင်းနဲ့ သိလာရတာက ဆိုဖီဟာ လည်ခဲ့ပတ်ခဲ့သမျှအကြောင်းအရာတွေကို လုံးဝမေ့နေတယ်ဆိုတာသိရပါတယ်။

တကယ်တော့ သူက မိတ်ဆွေတွေနဲ့အတူ ခရီးသွားအေဂျင်စီနဲ့ချိတ်ပြီး မြန်မာနိုင်ငံရောက်လာရာက ပုဂံကိုအဖွဲ့လိုက် ခရီးသွားအစီအစဉ်နဲ့ သွားခဲ့ပါတယ်။ ပုဂံညောင်ဦးမှာ ဘုရားတစ်ဆူပြီးတစ်ဆူ လှည့်လည်လေ့လာရာမှာ ဟိုလူကဖိနပ်အချွတ်ခိုင်းလိုက်၊ ဒီလူကဖိနပ်အချွတ်ခိုင်းလိုက်လုပ်ကြပါတယ်။ အဲဒါကို သူကလုံးဝမကြိုက်ပါဘူး။ တစ်နေရာသွားလိုက်၊ ဖိနပ်ချွတ်လိုက်၊ တစ်နေရာသွားလိုက်၊ ဖိနပ်ချွတ်လိုက်နဲ့ နေပူကျဲကျဲကြီးမှာ မြေကြီးပူပူပေါ် ခြေဗလာနဲ့လျှောက်ရတဲ့အတွက် ပြဿနာအကြီးအကျယ်ဖြစ်ခဲ့ပါတယ်။

ရာသီဥတုပူပြင်းတာကြောင့် အစားအသောက်တွေကိုလည်း ကောင်းကောင်းမစားနိုင်ပြန်ဘူး။ ဒါ့အပြင် တစ်နေ့လုံးပင်ပန်းပြီး ညကျတော့ အိပ်မပျော်ခဲ့ဘူးလို့ ဆိုပါတယ်။ သူက အလှအပစိတ်ဝင်စားတော့ Spa သွားချင်တယ်၊ အလှပြင်ဆိုင်တွေ သွားချင်တယ်လို့ ပူဆာပါတယ်။ ပုဂံမှာ အဲဒီလိုလုပ်ဖို့ အဆင်မပြေတဲ့အပြင် ခရီးသွားအစီအစဉ်နဲ့ဆိုတော့ အချိန်ကလည်းမရတာကြောင့် အခက်အခဲရှိခဲ့ပါတယ်။

သူကတောင်းဆိုလိုက်၊ မိတ်ဆွေတွေကလည်း ဝိုင်းပြောလိုက်နဲ့ အဲဒီမှာ ဆိုဖီက မကျေမနပ်ဖြစ်ပြီး ဧည့်လမ်းညွှန်နဲ့လည်း အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဒီကြားထဲ သူပြောတဲ့စကားတွေအရ သူဟာ မြန်မာနိုင်ငံမှာရှိနေတယ်လို့ မထင်တော့ဘဲနဲ့ သူရဲ့ပြင်သစ်က ရွာလေးထဲမှာပဲ ရောက်နေပုံရတယ်လို့ ဧည့်လမ်းညွှန်ကပြောပါတယ်။ သူနဲ့အတူပါလာတဲ့ မိတ်ဆွေတွေကိုလည်း ကောင်းကောင်းမမှတ်မိတော့ဘဲ အစစအရာရာ အဆင်မပြေတာတွေဖြစ်လာတဲ့အတွက် ခရီးဆက်သွားဖို့ မဖြစ်နိုင်တော့တာကြောင့် သူ့ကို ရန်ကုန်ကိုပြန်ခေါ်လာခဲ့ရပါတယ်။ ဆရာနဲ့ စကားပြောနေတဲ့အချိန်အတောအတွင်းမှာ ဆိုဖီဟာ မကျေနပ်ချက်တွေကော အဖွဲ့လိုက်ခရီးသွားတာကိုပါ မမှတ်မိတော့တဲ့အပြင် လေယာဉ်ကွင်းကိုရောက်နေပြီလို့ပဲ ထင်နေပါတယ်။

“ငါ့အခန်းထဲမှာ အသံတွေကြားတယ်။ အပေါ်ထပ်က ဘာတွေလုပ်ကြလဲမသိဘူး၊ ငါ့ကို မကောင်းကြံမလို့ထင်တယ်”ဆိုတဲ့စကားကို တိုးတိုးလေးပြောပါတယ်။ ပါလာတဲ့ဧည့်လမ်းညွှန်က- “ဟိုတယ်အခန်းက တိတ်ဆိတ်ပါတယ်ဆရာ ဘယ်သူမှလည်း ဘာသံမှမကြားရပါဘူး။ သူတစ်ယောက်တည်း ထူးထူးခြားခြားကြားနေတယ်လို့ ထင်ပါတယ်”လို့ ဝင်ဖြေပါတယ်။ သူ့ကိုအချိန်အတော်ယူပြီး စကားတွေအပြန်အလှန်ပြောကြည့်လိုက်၊ မေးမြန်းလိုက်နဲ့သိလာရတာကတော့ သူ့မှာမရှိဘဲနဲ့ကြားနေရတဲ့ လှုံ့ဆော်မှုမဲ့ အာရုံမှားတွေအပြင် သူ့ကိုအန္တရာယ်ပြုမယ်လို့ထင်တဲ့ သံသယလွန်စိတ်တွေ၊ ယုံမှားလွန်စိတ်တွေ ရှိနေတာကိုတွေ့ရပါတယ်။ ဒါတွေအပြင် အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်အခြေအနေကလည်း ချို့ယွင်းနေတာကိုတွေ့ရပါတယ်။

သူ့ကို သေသေချာချာရှင်းပြပြီး ဆေးရုံမှာ သုံးရက်လောက်အနားယူဖို့နဲ့ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီး အားဖြည့်ဖို့ပြောပြရပါတယ်။ လိုအပ်တဲ့ ဆီး၊ သွေး၊ ဝမ်းစစ်ဆေးကြည့်တဲ့အခါ သွေးထဲမှာ တချို့ဓာတ်တွေနည်းနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သွေးအားနည်းနေတာကိုလည်း တွေ့ရပါတယ်။ လိုအပ်တဲ့ဓာတ်တွေ ပြည့်ပြည့်ဝ၀ဖြစ်စေဖို့နဲ့ အာဟာရပြည့်ဝလာစေဖို့ သင့်တော်တဲ့ အကြောဆေးတွေ၊ အားဆေး၊ ထိုးဆေးတွေ ပေးရတဲ့အပြင် စိတ်တည်ငြိမ်လာစေမယ့်ဆေးတွေ၊ လှုံ့ဆော်မှုမဲ့ အာရုံမှားနဲ့ ယုံမှားလွန်စိတ် လျော့နည်းပပျောက်သွားစေမယ့် ဆေးဝါးတွေပေးရင်းနဲ့ ဆေးရုံမှာနားခိုင်းထားရပါတယ်။ သံရုံးကတာဝန်ရှိသူတွေကလည်း ညနေဘက်မှာ သူ့ကို အားပေးစကားတွေ လာရောက်ပြောကြားကြတဲ့အတွက် ရောဂါအခြေအနေက တစ်ရက်-နှစ်ရက်အတွင်း အတော်လေး သိသိသာသာ သက်သာလာခဲ့ပါတယ်။

သူရောက်နေတဲ့နေရာက မြန်မာနိုင်ငံကဆေးရုံဆိုတာ သူသိသွားပါပြီ။ ဒါပေမဲ့ ခရီးစဉ်အတွင်း သူမကျေနပ်ခဲ့တဲ့ ကိစ္စတွေ၊ ပြဿနာဖြစ်တဲ့ကိစ္စတွေနဲ့ သူ့မိတ်ဆွေတွေနဲ့ ဧည့်လမ်းညွှန်ကိုတော့ သူလုံးဝမမှတ်မိသေးပါဘူး။ လှုံ့ဆော်မှုမဲ့အာရုံမှားတွေကြားရတာ၊ ယုံမှားလွန်စိတ်နဲ့ သံသယလွန်စိတ်များတာတွေကတော့ သိသိသာသာလျော့ပါးသွားပြီး ပုံမှန်သတိကောင်းတဲ့အခြေအနေကို ရောက်လာပြီဖြစ်တဲ့အတွက် လေယာဉ်စီးနိုင်တဲ့ ကျန်းမာရေးအခြေအနေကို ရောက်လာပြီဖြစ်ကြောင်း ဧည့်လမ်းညွှန်နဲ့ခရီးသွားအေဂျင်စီက အမျိုးသမီးကိုပြောပြရပါတယ်။ သူကလည်း အမြန်ပြန်ချင်နေပြီဖြစ်တာကြောင့် ဆေးရုံကဆင်းပြီး လေယာဉ်နဲ့ခရီးသွားမယ်ဆိုရင် လေယာဉ်ပေါ်ကဆင်းတာနဲ့ သူ့နိုင်ငံမှာရှိတဲ့ ဆရာဝန်ကြီးတွေနဲ့ အမြန်ဆုံးပြန်လည်စစ်ဆေးကုသမှု ခံယူဖို့လိုအပ်တဲ့ စမ်းသပ်စစ်ဆေးတွေ့ရှိချက်နဲ့ ကုသမှုအပြည့်အစုံ စာရွက်စာတမ်းမှတ်တမ်းတွေကို ခရီးသွားအေဂျင်စီနဲ့ ဧည့်လမ်းညွှန်ကိုပေးလိုက်ပြီး နှုတ်ဆက်လိုက်ရပါတယ်။
အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top