Healthy Life Ad
Health Tips

သင့်ကျန်းမာရေးအတွက် ပြုလုပ်သင့်သည့် အကျင့်ကောင်း ၇ ရပ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်ခန္ဓာကိုယ်အတွက် သင်လုပ်သင့်တဲ့အကောင်းဆုံး အလေ့အထတွေရှိပါတယ်။ ဒီအလေ့အထတွေထဲက ဘယ်နှခုလောက်ကို သင်လုပ်ခဲ့မိပါသလဲ။ တကယ်လို့ မလုပ်ဖြစ်ခဲ့ဘူးဆိုရင် သင့်ကျန်းမာရေး ကောင်းမွန်နေစေဖို့ အောက်ပါအလေ့အထတွေကို လုပ်ဆောင်သင့်ပါတယ်။

(၁) တရားထိုင်ခြင်း

တစ်နေ့ ၁၀-၂၀ မိနစ်ခန့် ပုံမှန်တရားထိုင်ပြီး စိတ်ဖြေလျှော့အနားယူပေးတာက သက်ရှည်ကျန်းမာစေတဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ တရားထိုင်တာကြောင့် စိတ်ဖိစီးမှု ပြေလျော့စေပြီး ကောင်းကောင်းအိပ်မောကျကာ သွေးတိုးကိုကျစေပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကို မြင့်တက်စေပြီး နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၂) အိပ်ရေးဝ၀ အိပ်စက်အနားယူခြင်း

တစ်နှစ်လုံး အကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးပျက်နေပါသလား။ အိပ်စက်တာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံရဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ စိတ်ရောခန္ဓာပါ ကျန်းမာချမ်းသာစေဖို့ တစ်ညမှာ ၇-၈ နာရီခန့် အိပ်စက်သင့်ပါတယ်။ ရိုချက်စတာတက္ကသိုလ်လေ့လာမှုအရ အိပ်ချိန်မလုံလောက်ရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ထုတ်မယ့် ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို အဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့် ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ကာ အာရုံစူးစိုက်နိုင်စွမ်းအား လျော့ကျသွားတတ်ပါတယ်။

(၃) ကြက်သီးနွေးရေထဲ သံပရိုရည်ထည့်သောက်ခြင်း

ကြက်သီးနွေးရေဘူးထဲမှာ သံပရိုသီးစိတ်ကိုထည့်ပြီး နံနက်စာစားချိန်ကစပြီးသောက်ပေးပါ။ ဒါဆိုရင် အယ်လ်ကာ လိုင်းဂုဏ်သတ္တိရရှိစေကာခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်တွေထွက်ရှိစေပြီး အူလှုပ်ရှားမှုကို လှုံ့ဆော်ပေးပါတယ်။

(၄) လက်ဖက်စိမ်း လက်ဖက်ရည်သောက်ခြင်း

လက်ဖက်စိမ်းလက်ဖက်ရည်သောက်တာကြောင့် အမျိုးသားတွေမှာ မှတ်ဉာဏ်နဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ သွေးတိုးကျစေတာ၊ ခံတွင်းအနံ့ဆိုးမထွက်အောင် ကာကွယ်ပေးတာ၊ ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တက်စေတာနဲ့ ရောင်ရမ်းမှုကိုတွန်းလှန်တာ . . အစရှိတဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။

(၅) သွားကြားထိုးကြိုးသုံးခြင်း

သွားကြားထိုးကြိုးနဲ့ ခံတွင်းသန့်စင်တာကြောင့် သွားတွေကို ဖြူဖွေးစင်ကြယ်စေပြီး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သွားဖုံးပိုးဝင်နေရင် ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေက သွေးကြောထဲကို ဝင်ရောက်ရာက ခန္ဓာကိုယ် အနှံ့ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။

(၆) အကျိုးပြုဘက်တီးရီးယား မှီဝဲခြင်း

အစာခြေလမ်းကြောင်းစနစ်ဟာ သင့်တစ်ကိုယ်ရေကျန်းမာရေးရဲ့ တံခါးပေါက်ပါ။ အူလမ်းကြောင်းမှာ ကောင်းတဲ့ဘက်တီးရီးယားတွေရှိနေမှ အစာကြေညက်စေပြီး ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စေမှာဖြစ်ပါတယ်။ ဒါကြောင့် နေ့ဘက်မှာ အကျိုးပြုဘက်တီးရီးယား ဖြည့်စွက်ဆေးတစ်လုံးကို မှီဝဲပေးပါ။ ဒါမှသာ အူလမ်းကြောင်းမှာ ကောင်းတဲ့ဘက်တီးရီးယားတွေရှိစေပြီး စိတ်ခံစားချက် ကောင်းမွန်နေစေမှာပါ။

(၇) လေ့ကျင့်ခန်းမလုပ်မီ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်းမလုပ်ခင် အကြောဆွဲဆန့်တဲ့ လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်ကို ပိုမိုသန်စွမ်းစေပါတယ်။ အကြောဆွဲဆန့်တာ၊ လမ်းလျှောက်တာ စတဲ့ လေ့ကျင့်ခန်းတွေနဲ့ သွေးပူအောင် အရင်လုပ်ဆောင်ပေးမှသာ သက်လုံကောင်းမွန်ကာ ထိခိုက်ဒဏ်ရာတွေ မရရှိအောင် ကာကွယ်ပေးနိုင်မှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top