Healthy Life Ad
Life Style

မြန်မာနိုင်ငံတွင် ချို့တဲ့မှုများသည့် ဗီတာမင်များ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

မြန်မာနိုင်ငံမှာ ဗီတာမင်ချို့တဲ့မှုက များပါတယ်။ တကယ်ဆိုရင် မြန်မာနိုင်ငံမှာ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက် စသဖြင့် ဗီတာမင်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်တွေ ရှိပေမယ့် မစားကြတဲ့အတွက် ဗီတာမင်တွေ ချို့တဲ့ကြပါတယ်။

ဗီတာမင်အေ
ဗီတာမင်အေချို့တဲ့မှုတွေကိုလည်း အတွေ့ရများပါတယ်။ ဗီတာမင်အေချို့တဲ့တာကြောင့် လက်တွေ၊ ကျောကုန်းတွေမှာ ကြာဆူးတွေ ပေါက်နေတာကိုတွေ့ရပါတယ်။ ဒါက နွမ်းပါးတဲ့ ကလေးတွေမှာတင်တွေ့ရတာ မဟုတ်ဘဲ အင်တာနေရှင်နယ် ကျောင်းတက်နေတဲ့ ကလေးတွေမှာတောင် တွေ့ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက ကလေးတွေက အရွက်ကြော်တွေကို မစားကြလို့ပါ။ ကလေးတွေက ကန်ဇွန်းရွက်ကြော်၊ မုန်ညင်းရွက်ကြော်စတဲ့ ဟင်းရွက်ကြော်တွေကို အလွန်ဆုံး တစ်ဇွန်းထက် ပိုမစားကြလို့ ဖြစ်ရတာပါ။ တကယ်တော့ ကလေးတွေက စိမ်းသော အရွက်၊ ဝါသော အသီးဘယ်လို အသီးအရွက်ကြော်ကိုမဆို လေးဇွန်းထက် ပိုစားပေးမှသာ ဗီတာမင်အေ အလုံအလောက် ရရှိမှာဖြစ်ပါတယ်။

ဗီတာမင်စီ
နယ်တွေက လာပြတဲ့ လူတွေဆိုရင် ဗီတာမင်စီချို့တဲ့မှုများပါတယ်။ ဗီတာမင်စီချို့တဲ့မှုများ တဲ့အတွက် အရေပြားတွေ ကွဲတယ်၊ ခြေဖနောင့် တွေကွဲတယ်။ ဗီတာမင်စီရရှိအောင် အချဉ်အရ သာရှိတဲ့ အသီးအနှံလေးတွေ (ဥပမာ- လိမ္မော်သီး၊ မာလကာသီး)ကို စားပေးရပါမယ်။

ဗီတာမင် B2
ဗီတာမင် B2 ချို့တဲ့မှု ရှိတာကိုလည်း တွေ့ရပါတယ်။ သူတို့ကတော့ ဘယ်လိုလက္ခဏာနဲ့ လာပြသလဲဆိုရင် နှုတ်ခမ်းထောင့်လေး တွေက ကွဲနေတတ်ပါတယ်။ အရပ်ထဲမှာ ကျီးကန်းပါးစပ်လို့ ခေါ်ပါတယ်။ ဗီတာမင် B2အပါ အဝင်ဗီတာမင် ဘီအုပ်စု(B Complex)ချို့တဲ့ရင် ဗီတာမင်ဘီ ပါဝင်မှုများတဲ့ အစားအသောက်တွေကို စားပေးရပါမယ်။ အဲဒီအထဲမှာ အကောင်းဆုံးကတော့ ထမင်းရည်ပါပဲ။ ထမင်းရည် သောက်ပေးပြီး အသီးမျိုးစုံ၊ အရွက်မျိုးစုံနဲ့ မျှတတဲ့ အစားအသောက် တွေကို စားပေးရပါမယ်။

မြန်မာလူမျိုးတွေမှာ အထူးသဖြင့် ဗီတာမင်ဘီချို့တဲ့နေတတ်ကြပါတယ်။ တကယ်ဆိုရင် မြန်မာနိုင်ငံမှာ ဗီတာမင်ကြွယ်ဝတဲ့ အစားအသောက်တွေ ပေါပါတယ်။ ဥပမာစိမ်းသောအရွက်၊ ဝါသောအသီးတွေ ပေါတော့ ဗီတာမင်အစုံအလင် ရနိုင်တယ်။ ဒါပေမဲ့ မြန်မာလူမျိုးတွေမှာ ဗီတာမင်ဘီချို့တဲ့တာတွေ အများကြီး တွေ့နေရပါတယ်။ လူလတ်ပိုင်းအရွယ် တွေဆိုရင် ဗီတာမင်ဘီ ချို့တဲ့တာတွေ တွေ့နေရတယ်။ နယ်တွေ ရောက်ရင် လူအများစုက ထုံတယ်၊ ကျဉ်တယ်လို့ ပြောတတ်ကြတယ်။ ဒါက ဗီတာမင်ဘီချို့တဲ့လို့ပါ။ ဖြစ်ရတဲ့အကြောင်းရင်းက ထမင်းချက်ရင် ဆန်ကို ရေနဲ့အထပ်ထပ်ဆေးလွန်းတော့ ဗီတာမင်ဘီတွေ ပါသွားလို့ပါ။

မြန်မာလူမျိုးတွေက အခွံမာတဲ့ အစေ့အဆန်တွေ စားတဲ့ အကျင့်ကလည်း နည်းကြတယ်။ သစ်ကြားသီး၊ ဟေဇယ်သစ်သီး စတဲ့ အခွံမာ အစေ့ အဆန်တွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ဗီတာမင်ဘီပါဝင်မှုလည်း များတယ်။ ဒါပေမဲ့ စားတာနည်းတဲ့ အတွက် ဗီတာမင်ဘီ ချို့တဲ့ကြတာဖြစ်ပါတယ်။

ဇင့်(သွပ်)ဓာတ်
နောက်တစ်ခု တွေ့ရတာက ဇင့်(သွပ်)ဓာတ် ချို့တဲ့တာပါ။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဇင့် ချို့တဲ့တာများပါတယ်။ အဲဒီတော့ ကောင်းတဲ့ ကို လက်စထရော (HDL)က နည်းနေတာမျိုး၊မကောင်းတဲ့ ကိုလက်စထရော (LDL)က များနေတာမျိုး ဖြစ်တတ်ပါတယ်။ ကလေးငယ်တွေမှာ ဝမ်းလျှော ရင် သွပ်ဓာတ်က ပါသွားပါတယ်။ အဲဒီတော့ သွပ် ဓာတ်ချို့တဲ့ တဲ့အတွက် ခဏခဏ ဝမ်းပျက်ဝမ်းလျှောတာမျိုး၊ အစာမကြေတာမျိုး ဖြစ်တတ်ပါတယ်။သွပ်ဓာတ်ချို့တဲ့မှု မရှိအောင် ပင်လယ်စာ၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ နို့စတဲ့ သွပ်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို နေ့စဉ် မပါမဖြစ် ထည့် သွင်းစားသောက်သင့်ပါတယ်။

မြန်မာလူမျိုးတွေမှာ ဝတဲ့သူတွေဆိုရင် ကယ်လိုရီများနေတာကို တွေ့ရတယ်။ ကလေးတွေမှာ ဝတဲ့သူတွေက အသားကို များများ စားတာ တွေ့ရတယ်။ သူတို့ကိုမေးလိုက်ရင် ကြက်ပေါင်ကိုတစ်ခါ စားရင် ငါးခုလောက် စားတယ်လို့ ပြောကြတယ်။ ပိန်တဲ့ ကလေးတွေကျတော့ ဘာအစာကိုမှကောင်း ကောင်းမစားဘဲ အာဟာရဓာတ်တွေ အကုန် ချို့တဲ့နေတာတွေ့ရပါတယ်။ အထူးသဖြင့် ဗီတာမင်ဘီနဲ့ သွပ်ဓာတ်ချို့တဲ့နေတာများပါတယ်။ ကလေးတွေမှာဆိုရင် ကြာဆူးပေါက်တာတွေ အခုအထိ တွေ့နေရသေးတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top