Healthy Life Ad
Life Style

ထိုင်ခုံတစ်လုံးရှိရုံဖြင့် ဝမ်းဗိုက်ချပ်ရပ်သန်စွမ်းစေမည့် လေ့ကျင့်ခန်း ၅ မျိုး

အားကစားခန်းသွားဖို့ အချိန်မပေးနိုင်သူတွေ၊ ဗိုက်ချပ်စေတယ်ဆိုတဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေ မှီဝဲစရာမလိုဘဲနဲ့ ထိုင်ခုံလေးတစ်လုံးနဲ့ နေ့စဉ်အချိန် မိနစ် ၂၀ လောက်မှန်မှန်လေးပေးပြီး လေ့ကျင့်ပေးမယ်ဆိုရင် ချပ်ရပ်ကြည့်ကောင်းတဲ့ ဝမ်းဗိုက်ရရှိမှာဖြစ်ပါတယ်။


– ခါးကိုင်းကိုယ်လှည့် လေ့ကျင့်ခန်း

ဦးစွာထိုင်ခုံနောက်မှာရပ်ပြီး ထိုင်ခုံအမှီကို လက်နှစ်ဖက်နဲ့ကိုင်ထားပါ။ အဲဒီနောက် ခြေထောက်တွေကို နောက်သို့ဆုတ်လိုက်ပြီး ခါးကိုဖြည်းဖြည်းချင်း ရှေ့သို့ကိုင်းလိုက်ပါ။ ဒူးတွေကိုဆန့်ထားပြီး ဝမ်းဗိုက်နဲ့ကြမ်းပြင်နဲ့ အပြိုင်ဖြစ်နေအောင်နေပါ။ ဒီအနေအထားအတိုင်း ခန္ဓာကိုယ်ကို ဘယ်ညာလှည့်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် အကြိမ် ၂၀ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။


– လှဲလျောင်းကိုယ်လှည့် လေ့ကျင့်ခန်း

ကြမ်းပေါ်မှာလှဲလိုက်ပြီး ထိုင်ခုံပေါ်ကို ခြေထောက်နှစ်ဖက်တင်ထားလိုက်ပါ။ လက်နှစ်ဖက်ကို ဘေးတွေကပ်ပြီးချထားပါ။ ဒီအနေအထားအတိုင်း ခန္ဓာကိုယ်ကို ဘယ်ညာလှည့်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် အကြိမ် ၂၀ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။


– ခြေထောက်မြှောက် လေ့ကျင့်ခန်း

ဦးစွာထိုင်ခုံအစွန်းပေါ်မှာ ထိုင်လိုက်ပါ။ အဲဒီ့နောက်လက်နှစ်ဖက်ကို ခုံအစွန်းမှာထောက်ပြီး ခန္ဓာကိုယ်ကိုထိုင်လျက် အနေအထားအတိုင်း ရှေ့သို့တိုးလိုက်ပါ။ ဒီအနေအထားအတိုင်း ဘယ်ခြေကို မြှောက်လိုက်၊ ပြန်ချလိုက်၊ ညာခြေကိုမြှောက်လိုက်၊ ပြန်ချလိုက်တစ်လှည့်စီပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို အကြိမ် ၂၀ ပြုလုပ်ပေးရမှာပါ။


– လက်ထောက်မှောက် လေ့ကျင့်ခန်း

ထိုင်ခုံအစွန်းပေါ်မှာ လက်နှစ်ဖက်ကို ဆန့်တန်းပြီးထောက်ထားရပါမယ်။ ခန္ဓာကိုယ်တစ်ခုလုံး ဖြောင့်တန်းနေရပါမယ်။ ခါးကိုလည်း မတ်မတ်ထားပြီး ဦးခေါင်းကို ခန္ဓာကိုယ်နဲ့တစ်တန်းတည်း ဖြစ်နေအောင်ထားရပါမယ်။ ဒီအနေအထားအတိုင်း စက္ကန့် ၃၀တောင့်ထားရမှာဖြစ်ပါတယ်။ တစ်နေ့ကို ၁၀ စက္ကန့်စီတိုးတိုးပြီးတော့ ပြုလုပ်ပေးသင့်ပါတယ်။


– ထိုင်ထလေ့ကျင့်ခန်း

ထိုင်ခုံအစွန်းကို လက်နှစ်ဖက်နဲ့ထောက်ထားပြီး ထိုင်လျက်အနေအထားအတိုင်း ခန္ဓာကိုယ်ကို ရှေ့သို့တိုးလိုက်ပါ။ အဲဒီနောက် တံတောင်ဆစ်နဲ့ ဒူးဆစ်တွေကိုကွေးပြီး ခန္ဓာကိုယ်ကို ထိုင်ခုံအောက်သို့ နှိမ့်ချလိုက်ပါ။ ပြီးရင်လက်နှစ်ဖက်ကို ဆန့်တန်းသွားတဲ့အထိ ပြန်ဖြောင့်ပြီး ခန္ဓာကိုယ်ကိုပြန်ပင့်တင်ပါ။ ဒီလေ့ကျင့်ခန်းကို အကြိမ် ၂၀ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top