Healthy Life Ad
Life Style

ဂျပန်အမျိုးသမီးများကို သွယ်လျနေစေသည့် အစားအသောက်ဆိုင်ရာ အကျင့် ၆ ရပ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဂျပန်အမျိုးသမီးတွေက ကမ္ဘာပေါ်မှာ အလှပဆုံးနဲ့ အသွယ်လျဆုံးအမျိုးသမီးတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ သူတို့ အသက် ၃၀ အရွယ်ဆိုပေမယ့် ၁၈ နှစ်လောက်လို့ ထင်ရပြီး အသက် ၄၀ အရွယ်တွေကို ၂၅ နှစ်လို့ ထင်ရတဲ့အထိ နုပျိုကြပါတယ်။ ပြီးတော့ အသက်ရှည်ရှည်လည်း နေရသူတွေပါ။ သူတို့ ဘယ်လို စားသောက်နေထိုင်သလဲ ဆိုတာဖော်ပြလိုက်ပါတယ်။


(၁) မျှတသော အစားအသောက်
ဂျပန်တွေက ဆူရှီတစ်မျိုးတည်းစားတာလို့ ထင်ရင်မှားပါတယ်။ သူတို့က ငါး၊ ကျောက်ပွင့်၊ ဟင်းသီးဟင်းရွက်၊ ပဲပိစပ်၊ ထမင်း၊ သစ်သီးဝလံနဲ့ လက်ဖက်စိမ်းလက်ဖက်ရည်တွေကို ကြိုက်နှစ် သက်ကြပါတယ်။ ဂျပန်အစားအသောက်က စွယ်စုံပါပြီး မျှတမှုရှိပါတယ်။ ကယ်လိုများတဲ့ အဆင် သင့်အစာတွေကိုရှောင်ပါတယ်။ ငါးကိုတော့ ကြိုက်နှစ်သက်တဲ့အတွက် အမြဲပါဝင်ပြီး စွပ်ပြုတ်ပူပူနဲ့ ရေနွေးပူပူကို အမြဲသောက်လေ့ရှိပါတယ်။


(၂) ဟင်းချက်သည့် နည်းလမ်း
ဂျပန်တွေက ဟင်းလျာတွေကို ဆီနည်းနည်းနဲ့ပဲ ပေါင်းတဲ့နည်း၊ ကင်တဲ့နည်း၊ ပြုတ်တဲ့နည်းတွေနဲ့ ချက်စားကြပါတယ်။ ဟင်းသီးဟင်းရွက်တွေ များများ ထည့်တဲ့ စွပ်ပြုတ်က သူတို့ အကြိုက်ဆုံး ဟင်းလျာ ပါ။ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ပြီး စားလေ့ရှိတဲ့အတွက် အစာအိမ်၊ အသည်းနဲ့ ကျောက်ကပ်တွေကို ဝန်မပိတော့ပါဘူး။


(၃) စားသုံးသည့် အလေ့အထ
ဂျပန်လူမျိုးတွေက အစားအသောက်ကို ဖြည်းဖြည်းချင်း စားပါတယ်။ ပန်းကန်ကိုလည်း သေးငယ်တာကိုပဲ ရွေးချယ်ပါတယ်။ အစားအသောက်ပုံစံကို အလှဆင်ပြီး သဘာဝအရသာကို ပိုကြိုက်ကြပါတယ်။


(၄) ပေါင်မုန့်အစား ထမင်း
ထမင်းကတော့ ဂျပန်လူမျိုးတွေရဲ့ အစားအသောက်တိုင်းမှာ မပါမဖြစ်ပါပဲ။ ဆား၊ ထောပတ်မပါဘဲ ချက်ပါတယ်။


(၅) နံနက်စာ ကောင်းကောင်း
နံနက်စာက ဂျပန်လူမျိုးတွေရဲ့ အဓိက အစာပါ။ ငါး၊ ထမင်း၊ ကြက်ဥကြော်၊ မီဆိုစွပ်ပြုတ်၊ ပဲပုပ် စေ့ဟင်းလျာ၊ အစိမ်းရောင်ဟင်းရွက်သုပ်၊ ပင်လယ်ရေညှိနဲ့ ရေနွေးကြမ်းတွေ ပါဝင်တဲ့ နံနက်စာကို စားလေ့ရှိပါတယ်။


(၆) သရေစာထဲ အချိုမပါ
ဂျပန်အမျိုးသမီးတွေက သရေစာအဖြစ် ကိတ်မုန့်၊ ခရင်မ်ပါတဲ့ မုန့်တွေ မစားကြဘူး။ ဂျပန်လူမျိုး တွေစားတဲ့ သရေစာတွေက ယေဘုယျအားဖြင့် အဆီနည်းပြီး သကြားနည်းပါတယ်။ ဒါကြောင့် ဝမ်းဗိုက်ချပ်ရပ်နေတာ ဖြစ်ပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top