Healthy Life Ad
Health Tips

သွားနှင့် ခံတွင်းအတွက် ကောင်းကျိုးရှိသည့် အစာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ခန္ဓာကိုယ်အတွက် အရေးပါတယ်လို့သတ်မှတ်ထားကြတဲ့ တချို့အစာတွေက သွားတွေရဲ့ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတာကို တွေ့ရတာကြောင့် ဗိုက်ဆာတဲ့အချိန်မှာ သရေစာအနေနဲ့ စား သောက်သင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။


– ရေနွေးကြမ်း
ပိုလီဖီနောဒြပ်ပေါင်းပါဝင်တဲ့ ရေနွေးကြမ်းနဲ့ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ သွားပိုးစားတာ၊ သွားဖုံးရောဂါတို့နဲ့ ဆက်စပ်နေတဲ့ ဘက်တီးရီယားကြီးထွားမှုကို နှေးကွေးစေပါတယ်။ ချီကာဂိုရှိ အီလီ နွိုက်တက္ကသိုလ်မှ လေ့လာမှုအရ တစ်နေ့ ၁၀ကြိမ်ခန့် လက်ဖက်ရည်ကြမ်းနဲ့ တစ်မိနစ်အချိန်ပေးပြီး ပလုတ်ကျင်းလေ့ရှိတဲ့သူတွေက ရိုးရိုးရေနဲ့ ပလုတ်ကျင်းလေ့ရှိတဲ့သူတွေထက် သွားချေးဖတ်ကပ်ငြိနှုန်း လျော့နည်းတာကိုတွေ့ရပါတယ်။ ၂၀၁၀ သွားဘက်ဆိုင်ရာ လေ့လာမှုတစ်ရပ်အရ ရေနွေးကြမ်းဟာ ခံတွင်းအနံ့ဆိုးထွက်တာကိုလည်း တွန်းလှန်ပေးနိုင်တယ်လို့သိရပါတယ်။ လက်ဖက်ရည်ကြမ်းမှာပါတဲ့ ပိုလီဖီနောဟာ ဘက်တီးရီးယားမျိုးဗီဇကို ချိုးနှိမ်ပေးပြီး ခံတွင်းအနံ့ဆိုးမထွက်အောင် ထိန်းချုပ်ပေးပါတယ်။


– ချိစ်
သွားဘက်ဆိုင်ရာဂျာနယ်က ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုအရ ချိစ်စားတဲ့သူတွေရဲ့ ခံတွင်းဟာ ဒိန်ချဉ် ဒါမှမဟုတ် နွားနို့သောက်သူတွေထက် အက်စစ် ပမာဏ သိသိသာသာ လျော့ကျမှုရှိတယ်လို့ သိရပါ တယ်။ ချိစ်က သွားချေးဖတ်အက်စစ်တွေကို ဓာတ်ပြယ်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ချိစ်ကို ဝါးစားနေ ချိန်မှာ တံတွေးအထွက်နှုန်း တိုးစေပြီး ထွက်လာတဲ့ တံတွေးတွေက ခံတွင်းထဲက ဘက်တီးရီးယားပိုးတချို့ကို ဆေးကြောသလို ဖြစ်စေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။


– စပျစ်သီးခြောက်
သဘာဝအတိုင်း ချိုတဲ့ စပျစ်သီးခြောက်တွေမှာ သကြား(ဆူးခရို့စ်) မပါပါဘူး။ စပျစ်သီးခြောက်မှာ ဖိုင်တိုကမ်မီကယ်ပါဝင်တာကြောင့် သွားပိုးပေါက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ စပျစ်သီးခြောက်မှာပါတဲ့ တချို့ဒြပ်ပေါင်းတွေက သွားဖုံးရောဂါနဲ့ ဆက်စပ်နေတဲ့ ဘက်တီးရီးယား ပေါက်ပွားမှုကို ထိခိုက်စေနိုင်ပါတယ်။

– ဝါးစားနိုင်သော အသီးအနှံများ
မုန်လာဥနီ၊ ပန်းသီးနဲ့သခွားသီးလို တကြွပ်ကြွပ် ကြိတ်ဝါးပြီး စားနိုင်တဲ့ အစာတွေက ခန္ဓာကိုယ်အတွက် အကျိုးပြုရုံသာမက ခံတွင်းထဲက ဘက်တီးရီး ယားပိုးတွေကိုလည်း ကင်းစင်စေတာကြောင့် သွားတွေ ကို သန့်ရှင်းစင်ကြယ်စေပါတယ်။

– ဗီတာမင်ပါဝင်မှုများသော အစာများ
ချိစ်နဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေလို ကယ်လ်စီယမ် များစွာပါဝင်တဲ့ အစာတွေနဲ့ အသား၊ ဥအမျိုးမျိုးနဲ့ ငါးလို ဖော့စ်ဖရပ်စ်ပါတဲ့ အစာတွေက သွားကြွေလွှာတွေကို သန်စွမ်းကျန်းမာစေပါတယ်။ အက်စစ်ဓာတ်ကဲတဲ့ အစာတွေကို သွားကြွေလွှာတွေကို ပါးစေတဲ့ ပြဿနာရရှိစေတာကြောင့် ကယ်လ်စီ ယမ်နဲ့ ဖော့စ်ဖိတ်ပါတဲ့ အစာတွေကို စားတဲ့နည်းနဲ့ ဒီပြဿနာကိုပြန်လည်ဖြေရှင်းပေးနိုင်ပါတယ်။ ကယ်လ် စီယမ်က အရိုးတွေအတွက်သာမက မေးရိုးကိုလည်း ကျန်းမာစေပါတယ်။


– နွားနို့
အမေရိကန်သွားဘက်ဆိုင်ရာ အဖွဲ့အစည်းဂျာနယ်ရဲ့ လေ့လာမှုတစ်ခုအရ သကြားပါဝင်မှုများတဲ့ သစ် သီးတွေကို စားပြီးနောက် နွားနို့တစ်ဖန်ခွက် သောက်ပေးရင် ခံတွင်းထဲမှာ အက်စစ်ဓာတ်ပမာဏကို သိသိ သာသာ လျော့ကျစေတယ်လို့ သိရပါတယ်။ နွားနို့ဟာ သွားချေးဖတ် ဘက်တီးရီးယားကနေ ထွက်ရှိ လာတဲ့ အက်စစ်တချို့ကို ဓာတ်ပြယ်စေပါတယ်။ ချောကလက်၊ ကိတ်မုန့်တို့လို အချိုစာတွေ စားပြီးချိန်မှာ သကြားမပါတဲ့ နွားနို့တစ်ဖန်ခွက် သောက်ပေးရင်သွားတွေကို အကာအကွယ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top