Healthy Life Ad
Life Style

ဘီကီနီဝတ်လျှင်ပင် ကြည့်ကောင်းစေမည့် လေ့ကျင့်ခန်း

၊ သဒ္ဒါထက် ၊

ဘီကီနီဝတ်ထားရင်တောင် အဆီပိုမရှိဘဲ ကျစ်လျစ်ကြည့်ကောင်းနေတဲ့ ကိုယ်လုံးမျိုး ပိုင်ဆိုင်ချင်ပါသလား။ အဲဒီလို ခန္ဓာကိုယ်အလှမျိုး ပိုင်ဆိုင်စေဖို့ အိမ်မှာ အလွယ်တကူလေ့ကျင့်နိုင်တဲ့ လေ့ကျင့်ခန်းတွေရှိပါတယ်။

– လုံးဝန်းပြည့်တင်းသော တင်ပါးအလှ

(၁) မူလအနေအထား– ကြမ်းပြင်ပေါ် လေးဖက်ထောက်အနေအထားနဲ့နေပါ။ ကျောပြင်ကို အဖြောင့်အနေအထားအတိုင်းထားပါ။

လေ့ကျင့်နည်း – ခြေထောက်တစ်ချောင်းကို တင်ပါးနေရာအထိမြှင့်ပြီး မြှောက်လိုက်ပါ။ ပြီးရင် ကြမ်းပြင်ကိုမထိဘဲ ပြန်နှိမ့်ချလိုက်ပါ။ ခြေထောက်တစ်ဖက်ကို သုံးကြိမ်လုပ်ပြီး ဘက်ပြောင်းလုပ်ပါ။

(၂) မူလအနေအထား– ကြမ်းပြင်ပေါ်လှဲရင်း ဒူးတွေကိုကွေးကာ တံတားပုံစံမြှင့်ထားပါ။ ခြေထောက်က တင်ပါးနဲ့ ၃၀-၄၀ စင်တီမီတာအကွာမှာ ရှိသင့်ပါတယ်။

လေ့ကျင့်နည်း – ဝမ်းဗိုက်ကြွက်သားတွေကို တင်းရင်းပြီး ခြေဖနောင့်ကို ကြမ်းပြင်ဆီတွန်းကာ တင်ပါးကိုမြှင့်ပေးပါ။ ပက်လက်လှန်မလှဲလျောင်းခင် နှစ်စက္ကန့်လောက်အနားယူပါ။ သုံးကြိမ်လောက်လုပ်ပေးပါ။

– တင်းရင်းပြည့်ဖြိုးသော ရင်သားအလှ

(၁) မူလအနေအထား– ကြမ်းပြင်ပေါ် လေးဖက်ထောက်အနေအထားနဲ့နေပြီး ပခုံးတွေကိုမြှင့်ကာ လက်ချောင်းတွေက ရှေ့ဘက်ညွှန်ပြတဲ့ အနေအထားမျိုးနေပါ။

လေ့ကျင့်နည်း – အသက်ရှူသွင်းတဲ့အခါ လက်တံတောင်ကို ထောင့်မှန်ကျအောင်ကွေးပြီး ပြန်ဖြေလျှော့ပါ။ အသက်ရှူထုတ်လိုက်တဲ့အခါ မူလအနေအထားကိုပြန်နေပါ။ သင်လုပ်နိုင်သလောက်လုပ်ပေးပါ။

(၂) မူလအနေအထား– ဒီလေ့ကျင့်ခန်းအတွက် ၂-၄ ကီလိုဂရမ်လေးတဲ့ အလေးတုံးနှစ်ခုလိုအပ်ပါတယ်။ လက်တစ်ဖက်စီမှာ တစ်ခုစီကိုင်ပြီး ပက်လက်လှန်လှဲလျောင်းပါ။ ဒူးတွေကိုကွေးပြီး နောက်ကျောကို ကြမ်းပြင်မှာထိကပ်ပါ။

လေ့ကျင့်နည်း – အသက်ရှူထုတ်တဲ့အခါ အလေးကိုင်ထားတဲ့ လက်မောင်းတွေကို ဖြည်းဖြည်းချင်းမြှင့်လိုက်ပါ။ အလေးတွေတစ်ခုနဲ့တစ်ခု ထိကပ်တဲ့အထိမြှောက်ပေးပါ။ အသက်ရှူသွင်းတဲ့အခါ မူလအနေအထားကို ပြန်နေပါ။

– သေးသွယ်သော ခါးအလှ

(၁) မူလအနေအထား– ခန္ဓာကိုယ်လိမ်နိုင်အောင် ကြမ်းပြင်ပေါ်လှဲလျောင်းပါ။

လေ့ကျင့်နည်း – လက်မောင်းကို ဦးခေါင်းနောက်ဘက်မှာ ယှက်ပြီး မြှင့်ရင်း ခြေသလုံးနှစ်ဖက်စလုံးကို မြှင့်ပေးပါ။ ပြီးရင် ဦးခေါင်းကို ညာဘက်စောင်းပြီး ခြေထောက်တွေကို ဘယ်ဘက်ကိုစောင်းပေးပါ။ မူလအနေအထားပြန်နေပြီး နောက်တစ်ဖက်ပြောင်းလုပ်ပါ။ တစ်ဖက်ကို ၁၀-၁၅ ကြိမ်လောက်လုပ်ပေးပါ။

(၂) မူလအနေအထား– ခန္ဓာကိုယ်ကို ဘေးဘက်စောင်းပြီး လက်မောင်းတစ်ဖက်ကိုထောက်ထားပါ။ တစ်ကိုယ်လုံးကို အဖြောင့်ထားပါ။

လေ့ကျင့်နည်း – ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး ဘယ်ဘက်လက်ကကြမ်းပြင်ပေါ်တင်ကာ ပေါင်နဲ့ ခြေသလုံးကို မြှင့်ထားပါ။ ခြေထောက်တစ်ချောင်းနဲ့တစ်ချောင်း ထိကပ်ထားပါ။ အသက်ရှူထုတ်ချိန်မှာ ဘယ်ဘက်လက်ကိုဖြောင့်ပြီး ခန္ဓာကိုယ်ကို မြှင့်နိုင်သမျှ မြှင့်ပေးပါ။ ဒီအနေအထားဟန်ချက်ညီဖို့ တင်ပါးကြွက်သားတွေကို တောင့်တင်းနေအောင်ထားရှိပါ။

– သေးသွယ်သော ခြေတံအလှ

(၁) မူလအနေအထား– မတ်မတ်ရပ်ပြီး ခြေထောက်တွေကို တင်ပါးအကျယ်ထက်ပိုချဲပြီး ရပ်ပါ။

လေ့ကျင့်နည်း – ပေါင်တွေကို ကြမ်းပြင်နဲ့အပြိုင်တန်းပြီး ဒူးတွေကို ၉၀ ဒီဂရီနီးပါးကွေးကာထိုင်ပါ။ နောက်ကျောက ဖြောင့်တန်းနေဖို့လိုပြီး ပခုံးတွေကို မြှင့်မထားရပါဘူး။ လက်နှစ်ဖက်က လက်သီးဆုပ်ဟန်ထားကာ မတ်တပ်ရပ်လိုက်၊ ပြန်ထိုင်လိုက်လုပ်ပေးပါ၊

(၂) မူလအနေအထား– ကြမ်းပြင်ပေါ်လှဲလျောင်းပြီး လက်မောင်းတွေကို ခန္ဓာကိုယ်ဘေးမှာချထားပါ။

လေ့ကျင့်နည်း – ညာဘက်ပေါင်ကိုမြှင့်ပြီး ဘယ်ဘက်ပေါင်ကို ကြမ်းပြင်ပေါ်ချထားပါ။ ပြီးရင် မြှင့်ထားတဲ့ပေါင်ကို ပြန်ချလိုက်၊ ပြန်မြှင့်လိုက် ၁၅ ကြိမ်လုပ်ပါ။ နောက်တစ်ဖက်ပြောင်းလုပ်ပါ။

– လက်မောင်းအလှ

(၁) မူလအနေအထား– ဒီလေ့ကျင့်ခန်းလုပ်ဖို့ ထိုင်ခုံတစ်လုံးလိုပါတယ်။ နောက်ကျောဘက်မှာ ခုံကိုထားပြီး လက်မောင်းတွေကိုကွေးကာ ခုံကို လက်ချောင်းထိပ်နဲ့ထိကိုင်ထားပါ။ ခြေထောက်တွေကို ကွေးမထားပါနဲ့။

လေ့ကျင့်နည်း – လက်မောင်းကို ဆန့်ထုတ်ရင်း ထိုင်ခုံကနေအဝေးကို ကိုယ့်ကိုယ်ကိုယ်တွန်းပါ။ ကြမ်းပြင်ပေါ်ထိုင်မချဘဲ မူလအနေအထားပြန်နေပါ။

(၂) မူလအနေအထား– ဖြောင့်ဖြောင့်ရပ်ပြီး ပခုံးတွေကို ခြေထောက်အကျယ်အတိုင်း ချဲရပ်ပါ။ အလေးတုံးနှစ်ခုကိုကိုင်ပြီး လက်တွေကိုမကွေးဘဲ ရှေ့ဘက်ကိုဆန့်ထုတ်ပါ။

လေ့ကျင့်နည်း – အသက်ပြင်းပြင်းရှူသွင်းပြီး လက်မောင်းကို ရှေ့ဘက်ဆန့်ထုတ်လိုက်၊ ပြန်မြှင့်ကာ ဘေးဘက်ဆန့်ထုတ်လိုက် လုပ်ပေးပါ။ ၁၀-၁၂ ကြိမ် လုပ်ဆောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top