Healthy Life Ad
Life Style

သည်းခြေကျောက်တည်ခြင်းအား ဆေးကုသမှု(Gall Stone)

ပါမောက္ခဦးအေးမွန် (ခွဲစိတ်အထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ သည်းခြေကျောက်တည်ခြင်းဖြစ်လာရင် ဆေးကုသပျောက်ကင်းနိုင်ပါသလား ဆရာ။
ဖြေ ။ သည်းခြေကျောက်တည်လာရင် ဆေးကုသ ပျောက်ကင်းနိုင်ပါတယ်။ စနစ်တကျကုသမှု ခံယူရင် ပျောက်ကင်းနိုင်တဲ့ ရောဂါပါ။ အများစုကတော့ ခွဲစိတ်ကုသမှု ခံယူဖို့လိုအပ်ပါတယ်။

မေး ။ သည်းခြေကျောက်တည်တဲ့အခါ ကုသမှုပေးလေ့ရှိတဲ့ ကုထုံးတွေအကြောင်း သိပါရစေ ဆရာ။
ဖြေ ။ သည်းခြေကျောက်တည်ခြင်း ဖြစ်လာပြီဆိုရင် တစ်ကမ္ဘာလုံးသုံးတဲ့ အဓိကကုထုံးက သည်းခြေအိတ်ကို ထုတ်ရတာ ဖြစ်ပါတယ်။ အရင်ကတော့ ဗိုက်ခွဲပြီး ထုတ်တဲ့နည်း (Open Colestomy) ကို သုံးခဲ့ပေမယ့် နောက်ပိုင်းမှာ Key Hole Surgery လို့ခေါ်တဲ့ Endoscopic Surgery နည်းကို သုံးပါတယ်။ ဒါက ဝမ်းဗိုက်မှာ အပေါက်သေးလေးဖောက်ပြီး သည်းခြေအိတ်ကို ထုတ်တဲ့နည်းပါ။ ဒီလိုခွဲစိတ်ကုသမှု ခံယူပြီးရင် သည်းခြေကျောက်တည်တာ ပြန်မဖြစ်တော့ပါဘူး။ ခွဲစိတ်ကုသမှုကို မခံယူဘူးဆိုရင်တော့ ပြန်ဖြစ်နိုင်တဲ့ အခွင့်အလမ်းက များပါတယ်။

မေး ။ သည်းခြေအိတ်ကို ထုတ်လိုက်ရင် နောက်ဆက်တွဲ ဘာဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ သည်းခြေအိတ်က မရှိလည်း ဘာမှတော့ မဖြစ်ပါဘူး။ သည်းခြေရည်က အူထဲကို စီးဆင်းနေမှာ ဖြစ်ပါတယ်။ သည်းခြေအိတ်က တစ်ကြိမ်ရောင်ရမ်းပြီးရင် အလုပ်မလုပ်တော့ဘဲ နာနေတတ်ပါတယ်။ သည်းခြေအိတ်က အူအတက်လိုပါပဲ။ ထုတ်ပြီးရင်လည်း နောက်ဆက်တွဲဘာပြဿနာမှ မဖြစ်နိုင်ပါဘူး။

မေး ။ သည်းခြေကျောက်တည်တာကို ဆေးနဲ့ ချေလို့ကော ရပါသလားဆရာ။
ဖြေ ။ သည်းခြေကျောက်တည်တာ အနည်းစုက ကျောက်ပျော်ဆေးပေးလို့ရပါတယ်။ ဒါပေမဲ့ ဆေးနဲ့ ကုလို့ရသလားဆိုရင် အချက်ငါးချက်နဲ့ ပြည့်စုံဖို့ လိုပါတယ်။
(၁) သည်းခြေကျောက်က ကိုလက်စထရောကျောက် (Cholestrol Stone) ဖြစ်ရမယ်။
(၂) ကျောက်က တစ်တုံးတည်း (Single Stone) ဖြစ်ရမယ်။
(၃) ကျောက်က တစ်စင်တီမီတာထက် မကြီးရပါဘူး။
(၄) သည်းခြေအိတ်ရဲ့ ညှစ်အားက ကောင်းရမယ်။
(၅) အသည်းရဲ့ လုပ်ငန်းဆောင်တာက ကောင်းနေရမယ်။
ဒီအချက်ငါးချက်နဲ့ ပြည့်စုံမှသာ ဆေးနဲ့ ကုလို့ရပါတယ်။ ဒီအချက်တွေနဲ့ ပြည့်စုံမှု ရှိ၊ မရှိသိဖို့ အတွက်လည်း ဆေးစစ်ဖို့ လိုပါတယ်။ ဆေးသောက်မယ် ဆိုရင်လည်း ခြောက်လကနေ နှစ်နှစ်- သုံးနှစ်အထိ စွဲသောက်ရတတ်ပါတယ်။ ဆေးက အသည်းကို ထိခိုက်စေတတ်တာကြောင့် အသည်းမကောင်းရင် တိုက်လို့ မရပါဘူး။
ဆရာ့အတွေ့အကြုံအရ မြန်မာနိုင်ငံမှာ ဖြစ်တဲ့ သည်းခြေကျောက်တည်တာတွေက ရောင်ခြယ်ကျောက် (Pigment Stone) တွေ ဖြစ်ကြတယ်။ ဒါက ပိုးဝင်မှု (Infection) ကြောင့် ဖြစ်တာများပါတယ်။ နိုင်ငံခြားမှာဆိုရင်တော့ ကျောက်တည်တာက ကိုလက်စထရောကျောက် (Cholestrol Stone) တွေ ဖြစ်တာများပါတယ်။

မေး ။ သည်းခြေကျောက်တည်တာကိုသိနိုင်ဖို့ ဘယ်လို စမ်းသပ်ရှာဖွေလေ့ရှိပါသလဲ ဆရာ။
ဖြေ ။ သည်းခြေကျောက်တည်တာကို အာထရာဆောင်း (Ultrasound)ရိုက်ပြီး စမ်းသပ်သိရှိနိုင်ပါတယ်။ အာထရာဆောင်းအဖြေကိုကြည့်ပြီး ကျောက်က ဘယ်နှလုံးလဲ၊ အသည်း ကောင်းမွန်မှုရှိရဲ့လား၊ သည်းခြေအိတ် ကောင်းမွန်မှု ရှိရဲ့လား ဆိုတာတွေကို သိနိုင်ပါတယ်။
သည်းခြေအိတ်ရဲ့ ညှစ်အားကောင်း၊ မကောင်းသိဖို့ဆိုရင်တော့ အဏုမြူရောင်ခြည် စစ်ဆေးမှုကို ခံယူဖို့ လိုပါတယ်။
လူနာအများစုမှာတော့ သည်းခြေကျောက်တည်တတ်ပေမယ့် တခြားအင်္ဂါအစိတ်အပိုင်းတွေက ပုံမှန်ဖြစ်နေတာကိုတွေ့ရပါတယ်။ ဆိုးဆိုးရွားရွား အဆင့်မှာ တွေ့တဲ့သူက နည်းပါတယ်။
ရောဂါစစ်ဆေးတဲ့အခါမှာ အဓိကကတော့ သည်းခြေပြွန်ကောင်း၊ မကောင်းစစ်တာပဲ ဖြစ်ပါတယ်။ CT Scan ရိုက်ကြည့်ရင်တော့ ပိုကောင်းပါတယ်။ အူအတက်ရောင်ရင် အူအတက်ကို ဖြတ်ရသလိုပါပဲ၊ ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကို မရှာတော့ဘဲ သည်းခြေအိတ်ကို ထုတ်လိုက်တာက ပိုအရေးပါပါတယ်။

မေး ။ သည်းခြေကျောက်တည်ခြင်းမဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ဆရာ။
ဖြေ ။ သည်းခြေကျောက်တည်တာ လုံးဝမဖြစ်အောင်တော့ ကာကွယ်လို့မရပါဘူး။ အဓိကကတော့ သွေး တွင်းကိုလက်စထရောမများအောင် ထိန်းရပါတယ်။ လေ့ကျင့်ခန်းလုပ်ရပါတယ်။ အဝမလွန်အောင် နေဖို့ လိုပါတယ်။ ပဋိသန္ဓေတားဆေး (Oral Contraceptive Pill) တွေကို လျှော့သောက်ရပါမယ်။

မေး ။ သည်းခြေကျောက်တည်နေသူက ရှောင်သင့်၊ ဆောင်သင့်တဲ့ အစားအသောက်တွေကိုလည်း သိပါရစေ ဆရာ။
ဖြေ ။ သည်းခြေကျောက်တည်နေချိန်မှာ အဆီအအိမ့်စာတွေကို လျှော့စားသင့်ပါတယ်။ ကြေညက် လွယ်တဲ့ အစားအသောက်တွေကို စားသောက်သင့်ပါတယ်။ အစာကို နည်းနည်းနဲ့ မကြာခဏ စားပေးဖို့ လိုပါတယ်။ အသီးအနှံကို များများ စားသင့်ပါတယ်။

မေး ။ သည်းခြေကျောက်တည်တာနဲ့ လွဲမှားတတ်တဲ့ ရောဂါအခြေအနေတွေ ရှိရင် သိပါရစေ ဆရာ။
ဖြေ ။ ဒီမေးခွန်းက အရေးကြီးပါတယ်။ သည်းခြေကျောက်တည်တာက ပန်ကရိယရောင်တာနဲ့ မှားတတ်သလို အစာအိမ်အနာ(Peptic Ulcer)နဲ့လည်း လွဲမှားတတ်ပါတယ်။ အာထရာဆောင်းရိုက်ပြီး စစ်ဆေးလိုက်ရင်တော့ သိနိုင်ပါတယ်။
နောက်တစ်ခုအရေးကြီးတာက သည်းခြေကျောက်တည်တာနဲ့ တွဲဖြစ်တတ်တဲ့ ရောဂါတွေ အကြောင်းပါ။ သည်းခြေကျောက်တည်တာက သည်းခြေပြွန်ပိတ်တာနဲ့ တွဲဖြစ်တတ်သလို ပန်ကရိယရောင်တာနဲ့လည်း တွဲဖြစ်တတ်ပါတယ်။

မေး ။ သည်းခြေကျောက်တည်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပေးလိုတဲ့ ကျန်းမာရေး အကြံပြုချက် တွေကို သိပါရစေ ဆရာ။
ဖြေ ။ ဝမ်းဗိုက်အပေါ်ပိုင်း ညာဘက် မကြာခဏအောင့်ရင်၊ ဒီလိုအောင့်တာက အစာစားပြီး ပိုဆိုးလာရင်၊ မအီမလည်ဖြစ်နေရင် သည်းခြေကျောက်တည်နေသလားဆိုတာကို သံသယရှိသင့်ပါတယ်။ တကမ္ဘာလုံးက သတ်မှတ်ထားတဲ့ မူအရ လွန်ခဲ့တဲ့ နှစ် ၂၀ ကတော့ သည်းခြေကျောက်တည်တာကို တွေ့ပေမယ့် Silent Stone ဆိုရင် မခွဲခိုင်းပါဘူး။ ခြွင်းချက် အနေနဲ့ ဆီးချိုရောဂါရှိရင် ခွဲခိုင်းပါတယ်။ ကင်ဆာ ရောဂါရှိရင် ခွဲခိုင်းပါတယ်။ ဒီလိုနေခဲ့ပေမယ့်

လွန်ခဲ့တဲ့ ၁၀နှစ်လောက်အတွင်းမှာ ဘာတွေ့လာရသလဲ ဆိုတော့ Silent Stone ရှိတဲ့သူတွေက သည်းခြေအိတ်ကင်ဆာ အဖြစ်များကြတာကို တွေ့လာရပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ သည်းခြေကျောက်တည်ရင် ခွဲစိတ်ပြီး ဖယ်ထုတ်ပစ်တတ်ပါတယ်။ သည်းခြေအိတ်ထုတ်တာကို ဗိုက်ခွဲစရာ မလိုပါဘူး။ အခု မြန်မာနိုင်ငံမှာ သုံးနေတဲ့နည်းက Laparoscopic Surgery လို့ခေါ်ပါတယ်။

ဒီနည်းကို ရန်ကုန်နဲ့မန္တလေးတွေမှာလုပ်လို့ရနေပါပြီ။ အပြင် ဆေးခန်းတွေမှာဆိုရင်တော့ စရိတ်နည်းနည်းကြီးပါတယ်။ ဒီနည်းက ဗိုက်ကိုအပေါက်ဖောက်ပြီး သည်း ခြေအိတ်ထုတ်တဲ့ နည်းပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top