Healthy Life Ad
Life Style

ဆီးချိုစင်တာ (၄)

ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

ယခင်တစ်ပတ်မှအဆက်
ABI (Ankle~Bracheal Index)
ခြေထောက်သွေးကြောတွေ ကျဉ်းနေတာရှိ၊ မရှိ ခြေထောက်ပြဿနာဖြစ်လာနိုင်မယ့် အလားအလာရှိ၊ မရှိစစ်တာဖြစ်ပါတယ်။ အနာရှိတဲ့ ခြေထောက်မှာ ABI တော်တော်နည်းရင် အနာမကျက်နိုင်ဘဲ ခြေထောက်ဖြတ်ပစ်ရကိန်းအထိ ရှိနိုင်တာကိုကြိုသိနိုင်မယ်။ လိုအပ်တဲ့ကုထုံးတွေ ပြင်ဆင်နိုင်ပါတယ်။

Foot Scan
စက်ကိုအသုံးပြုပြီး ခြေဖဝါးမှာ ဖိအားများနေတဲ့နေရာကို ရှာဖွေပေးလို့ရပါတယ်။
ဖိအားများနေတဲ့ ခြေဖဝါးနေရာမှာ အသားမာဖြစ်တာ၊ အသားမာအက်ကွဲပြီးအနာဖြစ်တာ၊ အသား ပုပ်တာဖြစ်လာတတ်တယ်။ ဒါတွေကို စစ်ဆေးသိရှိရင် ကြိုတင်ကာကွယ်တဲ့ အလုပ်ကို ဆက်လုပ်နိုင်ပါတယ်။

F. ခြေထောက်ပြုစုစောင့်ရှောက်ခြင်း
(Podiatric services)
အနာမဖြစ်ခင် အသားမာဖြစ်ပါတယ်။ ဒီအသားမာတွေက ခြေဖဝါးမှာ ဖိအားဖြစ်ပေါ်လာရင် အ နာဖြစ်လာပါမယ်။
ခြေထောက်အရေပြား မကွဲအက်အောင် ကာကွယ်တာ၊ ဖိအားမညီရင် ဖိနပ်ပုံစံ ပြုပြင်ပေးတာ၊ အနာဖြစ်လာရင် ဆေးထည့်ပေးတာ စတဲ့လုပ်ငန်းတွေ ပြုလုပ်ပေးခြင်းအားဖြင့် ခြေထောက်မဖြတ်ရအောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါတွေကို ဆီးချိုစင် တာမှာ ပြုလုပ်ပေးနေပါတယ်။

G. ဆီးချိုရောဂါဆိုင်ရာအသိပညာပေးခြင်း

ဆီးချိုရောဂါကိုစောင့်ရှောက်၊ ကာကွယ်၊ ကုသရာမှာမရှိမဖြစ် အရေးကြီးဆုံးကုထုံးတစ်ခုကတော့ ဆီးချိုရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးတာပဲဖြစ်ပါတယ်။ မိမိကိုယ်ကိုမိမိ စောင့်ရှောက်ဖို့၊ မိမိ သွေးချိုအနည်းအများကို ကိုယ်တိုင်စောင့်ကြည့် ထိန်းသိမ်းဖို့၊ မိမိရဲ့ နေ့စဉ်လူနေမှုဘဝကို ပြုပြင်ဖို့က မိမိတာဝန်ပဲဖြစ်ပါတယ်။

ဒါကြောင့် လူနာတွေဟာ မိမိရဲ့ရောဂါအကြောင်း ထဲထဲဝင်ဝင် သိရှိနားလည် ထားဖို့လိုပါတယ်။ သိရှိပြီးနောက် အလေ့အကျင့်သဖွယ် နေ့စဉ်လိုက်နာကျင့်သုံးနေဖို့ပဲဖြစ်ပါတယ်။ ပညာပေးရာမှာပါဝင်မယ့် အကြောင်းအရာတွေကတော့ ဆီးချိုရောဂါဆိုင်ရာ အထွေထွေ သိကောင်း စရာတွေအပြင် အာဟာရ ပြုပြင်ထိန်းသိမ်းဖို့ ပညာပေးခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ရန် လမ်းညွှန်ပေးခြင်း၊ ခြေထောက်ထုံနေသူတွေကို ခြေထောက်ပြုစုနည်း သီးသန့်ညွှန်ကြားပေးခြင်း စတာတွေပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

H. ဆီးချိုရောဂါဆိုင်ရာ သွားနှင့်ခံတွင်း ကျန်းမာရေး
ဆီးချိုရောဂါရှိသူတွေမှာ သွားနဲ့သွားဖုံးရောဂါတွေပိုအဖြစ်များပါတယ်။ သွားဖုံးရောင်ပြီး ပိုးဝင်တာ၊ သွားဖုံးသွေးယိုတာ၊ သွားပိုးစားတာတွေ တွေ့ရလေ့ရှိပါတယ်။ ခံတွင်းအနံ့ဆိုးတာ၊ သွားတွေ ရွဲ့စောင်းပြီး ကျွတ်သွားတာ ဖြစ်စေပါတယ်။ သွားကျန်းမာရေးကိုစနစ်တကျ လုပ်မယ်၊ ဆီးချိုထိန်းချုပ်မှုကောင်းမယ်ဆိုရင် သွားဖုံးရောဂါကင်းဝေးနိုင်ပါတယ်။ သွားဖုံးကျန်းမာရင်လည်း သွေးချိုထိန်းတာပိုကောင်းလာမှာဖြစ်ပါတယ်။ သွားဘက်ဆိုင်ရာဆရာဝန်နဲ့ တစ်နှစ်နှစ်ကြိမ် ဆွေးနွေးဖို့လိုအပ်ပါတယ်။
ဆီးချိုစင်တာမှာ သွားကျန်းမာရေးအတွက် ပညာပေးဆွေးနွေးပြီး လိုအပ်ပါက ထပ်မံစစ်ဆေး ကုသခံယူနိုင်ပါတယ်။

I.GDM Package (ကိုယ်ဝန်ဆီးချိုသွေး ချိုရောဂါပြုစုစောင့်ရှောက်ခြင်း)
သားဖွားနိုင်တဲ့ အသက်အရွယ် အမျိုးသမီးတွေမှာ ဆီးချိုမထိန်းဘဲ ကိုယ်ဝန်ရှိလာရင် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်စဉ် သွေးချိုယာယီဖြစ်လာရင် ကလေးနဲ့မိခင်အတွက် ကျရောက်လာတတ်တဲ့အန္တရာယ်တွေကို စောစောပညာပေးထားဖို့လိုပါတယ်။
ဆီးချိုသွေးချိုဟာ လူတိုင်းဖြစ်နိုင်တဲ့အတွက် မိမိကိုယ်ကိုယ် စိတ်အချရဆုံးဖြစ်လိုရင် အမျိုးသမီးတိုင်း မင်္ဂလာမဆောင်ခင်ကစပြီး ပြင်ဆင်ဖို့လိုပါတယ်။ ကိုယ်ဝန်စရှိပြီဆိုကတည်းက ဆီးချိုရှိလာနိုင်မလား၊ ရှိလာပြီလား စစ်ဆေးပေးတာ၊ ရှိလာရင် စနစ်မှန်အောင် ကုပေးတာစတဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကို ဆီးချိုစင်တာမှာ ပေးနိုင်မှာဖြစ်ပါတယ်။
ကလေးမွေးပြီး ဆီးချိုပြန်ပျောက်သွားပေမယ့် နောင်တစ်ချိန်မှာ ဖြစ်လာဖို့အလားအလာ များပါတယ်။ ဒါကိုလည်း ကာကွယ်ဖို့ ဆက်လက်ဆောင် ရွက်ပေးနိုင်ပါတယ်။

J. အင်ဆူလင်ကုထုံး စတင်ပေးခြင်း
(Insulin therapy initiation package)
အင်ဆူလင်ထိုးရမယ့်သူတွေအဖို့ အကြောင်းအမျိုးမျိုးကြောင့် မထိုးဖြစ်သေးဘဲ ကြန့်ကြာနေကြပါတယ်။ အင်ဆူလင် စတင်ခြင်းရဲ့ ဝန်ဆောင်မှုဟာ လူနာတွေ စိုးရိမ်စိတ်ကင်းစွာနဲ့ အင်ဆူလင်ကို ထိရောက်စွာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။ အင်ဆူလင်ပညာပေးခြင်းအပြင် တိကျမှန်ကန်တဲ့ဆေးထိုးနည်းတွေကို စနစ်တကျသင်ကြားပြသပေးမှာ ဖြစ်ပါတယ်။ ဆေးထိုးနည်း မှန်၊ မမှန်ကိုလည်း ပြန်လည် စစ်ဆေးပေးခြင်းတွေပြုလုပ်ပေးပါတယ်။ ဆေးထိုးခါစမှာ အနီးကပ်ပြန်လည်ခေါ်ယူပြီး ဆေးညှိဖို့လိုအပ်လှပါတယ်။ ဆေးခန်းသို့ အချိန်တိုအတွင်း ပြန်မပြနိုင်တဲ့သူတွေအတွက် လက်ကိုင်ဖုန်းနဲ့ အဝေးရောက် ဆွေးနွေးတာကို ပြုလုပ်ပေးနိုင်ပါတယ်။ ဆေးထိုးစဉ် ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ အရေးပေါ် ပြဿနာ တွေကို မေးမြန်းလိုတဲ့အခါ လမ်းညွှန်ဖြေရှင်းပေးနိုင်တဲ့အတွက် လွယ်ကူချောမောပြီး လုံခြုံတဲ့ အင်ဆူလင်စတင်ခြင်း စနစ်ဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါဟာ တစ်သက်တာလုံး ပြုစုပေးဖို့၊ ကုသပေးနေဖို့ လိုအပ်တဲ့ရောဂါတစ်ခုဖြစ်တဲ့အတွက် လူနာသာလျှင် မိမိရောဂါကို အမြဲပြုစုရမယ့်သူ ဖြစ်ပါတယ်။ လူနာသာလျှင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပညာပေးတဲ့ အလုပ်ဟာ ဆီးချိုကုထုံးရဲ့ မရှိမဖြစ်လိုအပ်တဲ့ဆေးပဲဖြစ်ပါတယ်။ စစ်ဆေးတာက ဆီးချိုရောဂါရဲ့ အဓိကအရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်တာကိုထပ်လောင်းပြီး သတိပေးအပ်ပါတယ်။ စောစောသိရင် ပိုပြီးထိရောက်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဥပမာနှိုင်းရရင် ထမင်းဂျိုး တူးခါစ မမည်းခင် ရေစိမ်ပါက ထမင်းပြန်ဖြစ်နိုင်ပေမယ့် မည်းတူးခြစ်သွားရင် ရေစိမ်ပါက ထမင်းပြန် မဖြစ်နိုင်တော့တာနဲ့အလွန်တူပါတယ်။ ဂျိုးမတူးခင် သိအောင် ရှာဖွေပြီး ကုသတာလည်းဖြစ်ပါတယ်။ ဒါတွေ အားလုံး ပါဝင်နိုင်တဲ့ ဆီးချိုစင်တာတွေရှိရာသို့ လူနာတိုင်း တစ်နှစ်မှာအနည်းဆုံးတစ်ကြိမ် လာရောက် စစ်ဆေးသင့်ပါကြောင်း အသိပေးရင်း ဆီးချို သွေးချိုလူနာများ အားလုံး ဝေဒနာကင်းစွာ အသက်ရှည်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top