Healthy Life Ad
Life Style

ရာသီလာခြင်းဆိုင်ရာပြဿနာအဖြေရှာ

ဒေါက်တာစိုးလွင် (ပါမောက္ခ၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)

မေး. တချို့အမျိုးသမီးတွေက ရာသီလာခါနီးဆိုရင် ဒေါသထွက်တာလို စိတ်ဝေဒနာတွေဖြစ်တတ်တယ်လို့ သိရပါတယ်ဆရာ။ အဲဒါကို ဘယ်လိုလျှော့ချသင့်ပါသလဲဆရာ။

ဖြေ. တချို့က ရာသီလာခါနီးအချိန်မှာ လူသတ်ချင်တယ်တဲ့ စိတ်တွေဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအချိန်ကျရင် သူဟာသူမဟုတ်တော့ဘဲ ဘယ်သူရောက်လာမှန်းမသိလောက်အောင် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်လာတတ်ပါတယ်။ စိတ်တင်မကဘဲ ခန္ဓာကိုယ်ကလည်း ဝ၀ဖိုင့်ဖိုင့်ကြီးဖြစ်နေပြီလို့ ခံစားရတတ်ပါတယ်။ နေရတာ ခေါင်းကိုက်တယ်၊ မူးတယ်၊ ပျို့တယ်၊ ရင်သားတွေတင်းတယ်၊ စိတ်တိုလွယ်တယ်၊ စိတ်ကတင်းကျပ်နေတယ်၊ အိပ်လို့မပျော်တော့ဘူး၊ စိတ်တွေ ဂယောက်ဂယက်ဖြစ်လာတယ်။

ပြဿနာမျိုးစုံနဲ့ ထောင်ကျနေတဲ့ အမျိုးသမီးတွေကိုလိုက်ပြီး သုတေသနလုပ်တဲ့အခါကျတော့ သူတို့ရာဇဝတ်မှု ကျူးလွန်လိုက်တဲ့အချိန်က ရာသီလာခါနီး တစ်ပတ်အလို၊ နှစ်ပတ်အလိုလောက်မှာဖြစ်တာကို သွားတွေ့ရပါတယ်။ ဒါကို PMS (Premenstrual Syndrome) ဒါမှမဟုတ် Premenstrual Tension လို့ခေါ်ပါတယ်။ ဒါက ရာသီလာခါနီး ဟော်မုန်းတွေအပြောင်းအလဲဖြစ်တဲ့ဒဏ်ကို ဒီ မိန်းကလေးတွေက မခံနိုင်တာပဲဖြစ်ပါတယ်။ အမျိုးသမီးတိုင်း ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပေမယ့် တချို့အမျိုးသမီးတွေက ခံနိုင်ရည်ရှိပြီး တချို့က ခံနိုင်ရည်မရှိတတ်ပါဘူး။ တကယ်တော့ ရာသီအကြိုမှာဖြစ်တဲ့ဝေဒနာတွေက ရောဂါတစ်ခုမဟုတ်ပါဘူး၊ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တာပဲဖြစ်ပါတယ်။ ဒါကကြောက်စရာကောင်းတဲ့ ရောဂါမဟုတ်ဘဲ သဘာဝတရားဆိုပြီး ရင်ဆိုင်ကျော်လွှားဖို့ပဲဖြစ်ပါတယ်။ ဒီအချိန်မှာ စိတ်ကိုဘယ်လိုထားရမယ်၊ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ သိသွားရင် ဘာမှပြဿနာမရှိတော့ပါဘူး။

အရေးကြီးတာက ဒီအချိန်မှာ စိတ်ဖိစီးမှုကိုလျှော့ချရပါမယ်။ စိတ်ရောကိုယ်ပါဖြေလျှော့တတ်ဖို့လည်း လိုပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတဲ့ ဖြေလျှော့နည်းတွေ အများကြီးရှိပါတယ်။ ဗီတာမင် B6 မှီဝဲပေးရပါမယ်။ Evening Primose Oil ကို မှီဝဲပေးရင်အများကြီး အထောက်အကူပြုပါတယ်။ အဲဒီအချိန်မှာ အိပ်ရာထဲခွေခေါက်မနေဘဲ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ ဝမ်းချုပ်မခံဘဲ ဝမ်းမှန်မှန်သွားအောင် အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေ စားပေးရပါမယ်။

သားအိမ်ထဲမှာ အလုံးဖြစ်နေရင်၊ အသားပိုထွက်နေရင်၊ နေရာလွဲမှား သားအိမ်အတွင်းသား (Endometriosis) ရောဂါရှိရင်၊ မျိုးပွားအင်္ဂါမှာ ပိုးဝင်ရောင်ရမ်းနေရင် သွေးဆင်းများတတ်သလို တစ်ခါတစ်ရံ သားအိမ်ထဲမှာ သန္ဓေတားပစ္စည်းထည့်ထားရင်လည်း သွေးဆင်းများတတ်ပါတယ်။

မေး. ရာသီလာတဲ့အခါ တချို့အမျိုးသမီးတွေက သွေးဆင်းများတတ်ပါတယ်။ အဲဒါက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

ဖြေ. ဆယ်ကျော်သက်တွေမှာ ဟော်မုန်းတွေမမှန်လို့ သွေးဆင်းများတတ်ပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ဆင်းရဲတာနဲ့ ဝမ်းနည်းတာကြောင့်လည်း သွေးဆင်းများတတ်ပါတယ်။ တစ်ခါတလေရောဂါတွေကြောင့်လည်း သွေးဆင်းများတတ်ပါတယ်။ သားအိမ်ထဲမှာ အလုံးဖြစ်နေရင်၊ အသားပိုထွက်နေရင်၊ နေရာလွဲမှား သားအိမ်အတွင်းသား (Endometriosis) ရောဂါရှိရင်၊ မျိုးပွားအင်္ဂါမှာ ပိုးဝင်ရောင်ရမ်းနေရင် သွေးဆင်းများတတ်သလို တစ်ခါတစ်ရံ သားအိမ်ထဲမှာ သန္ဓေတားပစ္စည်း ထည့်ထားရင်လည်း သွေးဆင်းများတတ်ပါတယ်။

သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတွေကြောင့်လည်း သွေးဆင်းများတတ်ပါသေးတယ်။ ဒါကြောင့် သွေးဆင်းများတာကို မပေါ့ဆပါနဲ့။ တစ်ခါတလေ ဘာရောဂါမှမရှိဘဲ၊ ဘာအကြောင်းကြောင့်မှန်းမသိဘဲ သွေးဆင်းများနေတာမျိုးလည်း ရှိတတ်ပါတယ်။ သွေးတွေအများကြီးဆင်းရင် သွေးအားနည်းတတ်ပါတယ်၊ မောပန်းနေတတ်ပါတယ်။ ပုံမှန်အတိုင်း လမ်းလျှောက်နေရင်း ရင်တွေတုန်လာတတ်ပါတယ်။ ဒါကြောင့် မပေါ့ဆဘဲ ဆရာဝန်နဲ့ပြသင့်ပါတယ်။

မေး. တချို့တွေမှာ ရာသီလုံးဝမလာတဲ့ အခြေအနေဆိုတာ ရှိတတ်ပါတယ်။ အဲဒါကရော ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

ဖြေ. တစ်ခါတလေ မျှော်သာမျှော် ပေါ်မလာတဲ့အရာတစ်ခုရှိပါတယ်။ အဲဒါက ဓမ္မတာရာသီပဲဖြစ်ပါတယ်။ တချို့ကလေးမလေးတွေ အပျိုဖော်ဝင်ရမယ့်အရွယ်မဝင်ဘဲ ရာသီမလာတာဖြစ်တတ်ပါတယ်။ အသက် ၁၆ နှစ် ပြည့်တဲ့အချိန် ရာသီမလာတာက တစ်ခါတလေ ဟော်မုန်းတွေမမှန်လို့ ဖြစ်နိုင်သလို မွေးလမ်းကြောင်းအပေါက်မပါတာ၊ ပိတ်ဆို့နေတာ၊ သားအိမ်မပါတာ၊ သားအိမ်အပေါက်မပါတာ၊ သားဥအိမ်မပါတာတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် အသက် ၄၅ နှစ်ကျော်မှ သွေးဆုံးရမယ့်အစားရှားရှားပါးပါး ငယ်ငယ်ကလေးနဲ့ သွေးဆုံးသွားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ နောက်တစ်ချက်က ကိုယ်ဝန်ရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top