Healthy Life Ad
Life Style

မိဘမဲ့ကလေးတွေကို စောင့်ရှောက်ဖို့ သေအံ့မူးမူး AIDS ကို ကျော်လွှားနိုင်ခဲ့သူ ကိုသက်နိုင်ဦး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀ဝ၁ ခုနှစ်ကတည်းက “ကောင်းသောရှ မာရိမိဘမဲ့ကလေးများဂေဟာ”ကို စတင်တည် ထောင်ပြီး မိဘမဲ့ကလေးများကို စောင့်ရှောက်နေသူ ကိုသက်နိုင်ဦးသည် ၂၀ဝ၆ ခုနှစ်တွင် AIDS ရော ဂါရှိမှန်းသိရှိခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ်သတ်သေချင်စိတ်ကြီးစွာ ဖြစ်ပေါ်ခဲ့သော်လည်း ထိုမိဘမဲ့က လေးများကို စောင့်ရှောက်ရဦးမည်ဆိုသည့် အသိဖြင့် ပြန်လည်ကျန်းမာလာခဲ့သူဖြစ်သည်။

“၂၀ဝ၆ ခုနှစ်မှာ ဆရာအကြီးအကျယ်နာမကျန်းဖြစ်ချိန်မှာ အနာတခြား၊ ဆေးတခြားဖြစ်နေတယ်။ အာထရာဆောင်းရိုက်တော့ အသည်းကြီးတယ်ဆိုတာနဲ့ အသည်းဆေးဝယ်သောက်တယ်၊ မသက်သာဘူး။ ဒါနဲ့ အသည်းအထူးကုဆရာဝန် ကြီးဆီသွားပြတော့ ဆေးစစ်ရတယ်။ အဲဒီအခါ စာအိတ်ပိတ်ပြီး ဆေးရုံကြီးကိုလွှဲလိုက်တယ်။ ဆေးရုံ ကြီးကိုသွားပြတော့လည်း ဝေဘာဂီကူးစက်ဆေးရုံကို ပြန်လွှဲလိုက်တယ်။ ဝေဘာဂီကိုလွှဲကတည်းက သိသွားပြီလေ . . ဆရာက အရင်ကတည်းက HIVနဲ့ ပတ်သက်ပြီး သွေးမစစ်ဖူးဘူး၊ ကာလသားရောဂါနဲ့ ပတ်သက်ပြီးတော့သွေးစစ်တယ်။ တစ်ခါမှ ကာလ သားမရှိခဲ့ဘူး။ HIV လည်း ရှိမယ်လို့မထင်ခဲ့ဘူး၊ ရှိသွားတဲ့အခါကျတော့ စိတ်ထဲမှာတစ်မျိုးခံစားရတယ်။ ဖြစ်တဲ့အချိန်ကလည်း တော်တော်ကို ကိုယ် ခံအားကျနေပြီ။ CD4 ကလည်း ၁၆ ပဲရှိတော့တယ်။ AIDS အထိဖြစ်သွားပြီ”ဟု ကိုသက်နိုင်ဦးက ဆိုသည်။

ဝေဘာဂီဆေးရုံမှ ဆရာဝန်များက ကိုသက်နိုင်ဦးကို နှစ်သိမ့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အစိုးရဆေးရုံနှင့် NGOေဆးခန်းကြိုက်သည့်နေရာတွင် ကုနိုင်သည်ဆိုသဖြင့် အသိမိတ်ဆွေဆရာမများရှိသည့် သဇင်ဆေးခန်းကို ရွေးချယ်ခဲ့ကြောင်း သူကဆိုသည်။

“အဲဒီအချိန်တုန်းက လူနာဆေးကုဖို့အတွက် လိုက်ရှာနေချိန်ဆိုတော့ ဆေးမရှားဘူး။ ကိုယ်က Gay(MSM)တစ်ယောက်ဖြစ်နေတော့ ဦးစားပေး လူနာအဖြစ် ကုသပေးတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဗှှီုဖြစ်နေတော့ ဆေးခန်းသွားပြရတာနဲ့တင် လူက တော်တော်လေးကိုပင်ပန်းနေပြီ။ မျှော်လင့် ချက်လည်းမဲ့နေပြီ။ တီဘီလည်းဝင်နေပြီ၊ အစာကလည်း မဝင်တော့ဘူး၊ ဝမ်းကလည်း မရပ်ဘူး၊ ယား နာတွေလည်း ပေါက်နေတယ်၊ အဖျားကလည်း မကျဘူး၊ သွေးပေါင်ကလည်းကျနေတယ်”

ကံကောင်းထောက်မစွာပင် ကိုသက်နိုင်ဦးသည် ခွဲခြားဆက်ဆံခံရခြင်းမခံရဘဲ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် မိဘဆွေမျိုး မိတ်ဆွေသူငယ်ချင်း အားလုံးက ဝိုင်းဝန်း၍ အားပေးကူညီစောင့်ရှောက်မှုများပေးခဲ့ကြောင်း သိရသည်။

CD4 က အဲလောက်ထိကျပြီး လူက တစ်ကိုယ်လုံး ဝေဒနာတွေနဲ့ ပြည့်နေပေမယ့်ဆေးရုံကို မတက်ချင်တဲ့အတွက် မတက်ဘူး၊ အိမ်မှာပဲနေပြီး သဇင်ဆေးခန်းကို သွားပြခဲ့တယ်။ တီဘီဆေးတိုက်ပေမယ့် ဝမ်းလည်းမရပ်၊ အဖျားလည်းမကျ၊ အစာကလည်းမဝင်ဆိုတော့ သေခါနီးဖြစ်နေခဲ့တယ်။ အဖျားမကျတော့ ဆေးခန်းက ငှက်ဖျားဆေးတိုက်မယ်လို့ဆိုတာနဲ့ ငှက်ဖျားဆေးသောက်ရင်ခံရမယ့် ဘေး ထွက်ဆိုးကျိုးကိုမခံနိုင်တော့ဘူး၊ အဲဒါနဲ့ ဆေးခန်းက ဆရာဝန်ဆီကိုခွင့်တောင်းပြီး ‘ဘုရားသခင်ခေါ် မယ့်အချိန်ကို စောင့်နေတော့မယ်’လို့ ပြောခဲ့တယ်။ ဆရာဝန်က ဆေးရုံတက်မလား ဒါမှမဟုတ် ခဏနားပြီး ဒီမှာပဲ ပုံမှန်ကုမလားမေးပေမယ့် ဆရာက ကိုယ့်ကိုယ်ကိုယ် သေမှာပဲလို့တွေးပြီး ဘာကိုမှ မရွေးချယ်တော့ဘူး”

အိမ်ပြန်ရောက်လာချိန်တွင် ကိုသက်နိုင်ဦးသည် ကုလက်စဆေးဝါးများ၊ ဆေးစာအုပ်မှတ်တမ်းများအားလုံးကို လွှင့်ပစ်ခဲ့ပြီး သေတမ်းစာရေးခြင်း၊ နာရေးကိစ္စစီစဉ်ခြင်းများဖြင့် ပြင်ဆင်နေခဲ့သည်။

“အဲဒီအချိန်မှာ အမေက ဇာတိမြို့ဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ကျောက်ကုန်းမြို့နယ်ကနေရောက်လာပြီး ဆေးကုရင် မျှော်လင့်ချက်ရှိသေးတယ်လို့ပြောတယ်၊ မိတ်ဆွေအပေါင်းအသင်းတွေလည်းလာကြည့်ပြီး ဆေးခန်းပြန်ပြဖို့ အားပေးကြတယ်။ အဲဒီအချိန်မှာ ဆရာစောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေးလေးတွေက ငိုယိုပြီး ဆုတောင်းကြတယ်။ အဲဒါကိုမြင်တော့ သူတို့ကို စောင့်ရှောက်ရဦးမှာပါလားဆိုပြီး နောက်ဆုံးအနေနဲ့ ဆေးခန်းကို ပြန်သွားကြည့်ဦးမယ်လို့ ဆုံးဖြတ်ခဲ့တယ်”

ဆရာဝန်အားအကျိုးအကြောင်းပြောပြပြီး တောင်းပန်ခဲ့ကာ ဆေးကုသမှုကို ပြန်လည်ရယူခဲ့သည်။

“အစာကို မဝင်ဝင်အောင် စားလိုက်၊ ဆေးသောက်လိုက်၊ သူနာပြုခေါ်ပြီး ဆေးထိုးလိုက်နဲ့ တစ်လလောက်ကြာတော့ နည်းနည်းနာလန်ထူလာတယ်။ တီဘီဆေးသောက်ပြီး နှစ်လလောက်ကြာတော့ ART ဆေးစသောက်ရတယ်။ အဲဒီကနေ တဖြည်းဖြည်းအစားအသောက် ပြန်ဝင်လာတယ်၊ ဝမ်းလည်း ရပ်သွားတယ်။ ဆရာဝန်ကိုလည်း ‘ကျွန်တော် နေကောင်းသွားရင် မိဘမဲ့ကလေးတွေကို ဆက်လက် စောင့်ရှောက်သွားမယ်၊ ဘဝတူရောဂါရှိသူတွေကို လည်းအားပေးကူညီသွားမယ်’လို့ ကတိပေးခဲ့တယ်။ အဲဒီနောက်ပိုင်း CD4 ကလည်း တဖြည်းဖြည်းနဲ့ ပြန်တက်လာခဲ့တယ်”

နေမကောင်းဖြစ်နေစဉ်အတွင်း ပုံမှန်အလှူငွေမရှာနိုင်ခဲ့ဘဲ မိဘမဲ့ကလေးများကို ဝန်ထမ်းများဖြင့်သာလွှဲထားခဲ့ရသော်လည်း ထိုရက်ပိုင်းအတွင်း အစစအရာရာအဆင်ပြေခဲ့ကြောင်း သူကဆိုသည်။

“ဘာသာရေး အသိမိတ်ဆွေ၊ ကျန်းမာရေးအသိမိတ်ဆွေတွေရှိတော့ သူတို့ကတစ်ဆင့် မိဘမဲ့ကလေးတွေ ရောက်လာခဲ့တယ်။ အစပိုင်းမှာ ဆရာ HIV မရှိသေးတော့ အဲဒီအသိုင်းအဝိုင်းက ကလေးတွေမပါခဲ့ဘူး။ နောက်ပိုင်း ရောဂါဖြစ်ပြီးမှာ ဘဝတူတွေရဲ့ကလေးတွေပါရောက်လာခဲ့တယ်။တချို့ မိဘတွေက HIV ရှိပြီး ဆုံးသွားတယ်၊ တချို့ကျတော့ မသေသေးပေမယ့် စားဝတ်နေရေးက ဘယ်လိုမှ အဆင်မပြေဘူး၊ အဲဒီလိုနဲ့ လာအပ်တယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ကလေးတွေကို သွေးစစ်လိုက်တော့ HIV ရှိမနေခဲ့ဘူး။ တီဘီဆေးတိုက်ရတာလောက်ပဲ ရှိတယ်။ ကလေးတစ်ယောက်မှာတော့ ကာလသား ရောဂါပါလာတဲ့အတွက် ဆေးကုသပေးခဲ့ရတယ်”ဟု ကိုသက်နိုင်ဦးက မိဘမဲ့ကလေး ပြုစုစောင့်ရှောက်ဖြစ်ပုံကို ပြောပြခဲ့သည်။

အဲဒီအချိန်မှာ ဆရာစောင့် ရှောက်ထားတဲ့ မိဘမဲ့ကလေးလေးတွေကငိုယိုပြီး ဆုတောင်းကြတယ်။ အဲဒါကို မြင်တော့ သူတို့ကို စောင့်ရှောက်ရဦးမှာပါလားဆိုပြီး နောက်ဆုံးအနေနဲ့ ဆေးခန်းကို ပြန်သွားကြည့်ဦးမယ်လို့ ဆုံးဖြတ်ခဲ့တယ် . . .

နောက်ပိုင်းတွင် မိဘမဲ့ကလေး အယောက် ၃၀ ကို ဆက်လက်စောင့်ရှောက်ပေးခဲ့ပြီး ပညာသင်ပေးခဲ့ရာ ယခု ၂၀၁၇တွင် ၁၉ ယောက်သာ ကျန်တော့ကြောင်း သိရသည်။

“တချို့ကလေးတွေက ၁၀တန်း၊ ကိုးတန်း၊ ရှစ်တန်းမှာ ကျောင်းဆက်မတက်ချင်တော့ဘူး၊ ပိုက်ဆံ သုံးချင်လာတယ်၊ ဖုန်းကိုင်ချင်လာတယ်၊ ဒါနဲ့အလုပ်လုပ်ချင်တယ်လို့ဆိုတယ်။ ကျောင်းစည်းကမ်း၊ ဂေဟာ စည်းကမ်းကို မလိုက်နာတော့ဘူး၊ ဘယ်လိုမှ ပြောမရတဲ့အဆုံး သူတို့ကို စိတ်ချရတဲ့နေရာတွေမှာ အလုပ်သွင်းပေးထားလိုက်တယ်။ သူတို့ကို စပြီး စောင့်ရှောက်ကတည်းက ဘာမှမျှော်လင့်မထားဘူး၊ ရှိနေတဲ့အချိန်မှာ အကောင်းဆုံးပျိုးထောင်ပေးတယ်၊ သူတို့အလုပ်လုပ်တော့လည်း ကိုယ့်ကို ဘာမှပြန် ပေးစရာမလိုဘူးလို့ ပြောလိုက်တယ်။
တက္ကသိုလ် ပထမနှစ်တက်နေတဲ့ ကလေးတစ်ယောက်ရှိတယ်။ သူက လိမ္မာရေးခြားရှိတဲ့အတွက် LCCI Level II, ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ် စာသင်တန်းပြီးသွားပြီ။ အိမ်မှာ ကလေးတွေကိုစာပြန်သင်ပေးတယ်။ ဆရာက ရှစ်တန်းအထိပဲ ပညာသင်ခဲ့ရတော့ ဒီလိုလိမ္မာတဲ့ ကလေးကျတော့ ပညာရေး ထူးချွန်အောင် အကောင်းဆုံး ပံ့ပိုးပေးတယ်။

ကိုယ့်မှာ ပရဟိတစိတ်ဓာတ်ရှိလို့သာ ဒီမိဘမဲ့ကလေးတွေကို စောင့်ရှောက်နေတာ၊ အရင်းအနှီးမ တည်ငွေကလည်း အများကြီး မရှိတဲ့အတွက် အလှူရှင်တွေရဲ့ အလှူငွေနဲ့ပဲရပ်တည်ရတာများတယ်။ ဒီတော့ တစ်လ၊ တစ်လ ဝင်ငွေ- ထွက်ငွေမျှအောင် ကြိုးစားနေရတော့ လိမ္မာတဲ့ ကလေးတွေကိုပဲ ပံ့ပိုးပေးနိုင်တယ်။ မိဘမဲ့ ကလေး ၂၀ဝ ဦးအထိလက်ခံဖို့ ရည်မှန်းထားပေမယ့် အများကြီး လက်မခံနိုင်သေးဘူး”ဟု ဆိုသည်။

စေတနာ့ဝန်ထမ်းအဖြစ်HIVြဖစ်သူများကို ကူညီအားပေးခြင်း၊ မိမိအတွေ့အကြုံကို မျှဝေနှစ်သိမ့် ပေးခြင်း၊ ဆေးရုံဆေးခန်းလိုက်ပို့ခြင်း၊ ကျန်းမာရေး အသိပညာဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ရင်း တစ်ဖက်တစ်လမ်းမှ မိဘမဲ့ကလေးများကို ထိန်းကျောင်းပြုစုစောင့်ရှောက်ခဲ့သော ကိုသက်နိုင်ဦး သည် ယခုအခါ အသက် ၅၃ နှစ်ရှိခဲ့ပြီဖြစ်သည်။

“သူများတွေဆို HIV ဖြစ်တာ လူသိမခံချင်ဘူး၊ ဆရာကတော့ အကုန်လုံးကို မရှက်မကြောက်ဘဲဖွင့်ဟတယ်၊ အဲဒီတော့ အလွှာအဆင့်အတန်းအသီးသီးက အကူအညီတောင်းတယ်။ အဲဒါတွေကိုလည်း ကူညီပါတယ်။

ကိုယ့်မှာ ပရဟိတစိတ်ဓာတ်ရှိလို့သာ ဒီမိဘမဲ့ ကလေးတွေကို စောင့်ရှောက်နေတာ၊ အရင်းအနှီးမတည်ငွေကလည်း အများကြီး မရှိတဲ့အတွက် အလှူရှင်တွေရဲ့ အလှူငွေနဲ့ပဲ ရပ်တည်ရတာများတယ်။ ဒီတော့ တစ်လ၊ တစ်လဝင်ငွေ- ထွက်ငွေမျှအောင် ကြိုးစားနေရတော့ လိမ္မာတဲ့ ကလေးတွေကိုပဲ ပံ့ပိုးပေးနိုင်တယ်။ မိဘမဲ့ကလေး ၂၀ဝ ဦးအထိ လက်ခံဖို့ ရည်မှန်းထားပေမယ့် အများကြီး လက်မခံနိုင်သေးဘူး . . .

အရင်နိုင်ငံရေးမပွင့်လင်းခင်တုန်းက မိဘမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့အတွက်မကြာ ခဏ စစ်ဆေးခံရတယ်၊ ပိတ်ခိုင်းပေမယ့် မပိတ်ခဲ့ဘူး၊ ငွေရေးကြေးရေး အခက်အခဲရှိပေမယ့် ဆရာရအောင် ရုန်းကန်ခဲ့တယ်။ ကလေးတွေကို ပြုစုဖို့ ဝန်ထမ်း မိန်းကလေးနှစ်ယောက်ရှိတယ်၊ ထမင်းချက်တဲ့အဒေါ်ကြီးက မနက်သွား-ညပြန် လာပေးတယ်။ ကလေးတွေနဲ့ ဝန်ထမ်းတွေကို စီမံကွပ်ကဲရတာ နေ့စဉ်အလုပ်ဆိုတော့ ပင်ပန်းပါတယ်။ ဒါပေမဲ့ ဒီကလေးလေးတွေက လမ်းဘေးမှာပဲ နေရရင် သူ ခိုးကြမ်းပိုးလေးတွေဖြစ်သွားလိမ့်မယ်၊ အဲဒီတော့ အဓိက ပညာတတ်အောင်သင်ပေးမယ်၊ ပညာတတ်ရင် လူရာဝင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အ ကောင်းဆုံး ပံ့ပိုးပေးခဲ့တယ်”

ရောဂါဖြစ်ပြီး ၁၁နှစ်အတွင်း ဆေးသောက်ခြင်း၊ ပုံမှန်ဆေးစစ်ခြင်းတို့ကိုခံယူရင်း CD4 ၇၃၀ ကျော်ရှိခဲ့ပြီး ပုံမှန်လူကောင်းကဲ့သို့ပင် သွားလာလှုပ်ရှားနေနိုင်သည့် ကိုသက်နိုင်ဦးသည် ဘဝတူရောဂါသည်များကို ကူညီရင်း မိဘမဲ့ကလေးများကို မေတ္တာစေတနာအပြည့်ဖြင့် စောင့်ရှောက်နေသူဖြစ်သည်။ ဘဝတူ HIVရှိသူများအပါအဝင် ရောဂါဝေဒနာအမျိုးမျိုး၊ စိတ်ဖိစီးမှုအမျိုးမျိုး ကြုံတွေ့ခံစား နေရသူတို့အား ကိုသက်နိုင်ဦးက-

“ရခဲလှတဲ့ လူ့ဘဝ တိုတောင်းတဲ့အချိန်လေးမှာ ဘယ်လို ဘဝမျိုးပဲရောက်နေပါစေ၊ ဘယ်လိုပြဿနာမျိုးနဲ့ပဲ ရင်ဆိုင်ရ၊ ရင်ဆိုင်ရ အကောင်းမြင်စိတ်ထားရှိမယ်ဆိုရင်တော့ နေတတ်ရင် ကျေနပ်စရာပါပဲ၊ အသက်ရှင်ခွင့်ရသရွေ့ ကိုယ့်အတွက် ကော သူတစ်ပါးအတွက်ပါ အကျိုးရှိမယ့် အလုပ်လေးတွေ လုပ်သွားကြပါ။ အဲဒီလို တကယ်လုပ်မယ်ဆိုရင် အခုဘဝမှာတောင် စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ကျန်းမာခြင်းကို ဧကန်မုချခံစားရမှာပါလို့ ပြောချင်ပါတယ်”ဟု အကြံပြု စကားပြောကြား လိုက်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို ကိုသက်နိုင်ဦး၏ ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top