Healthy Life Ad
Life Style

ဘဝတူတွေကိုကူညီရင်း ရှင်သန်နေတဲ့ သွေးမတိတ်ရောဂါဝေဒနာရှင် ကိုအောင်ကျော်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သွေးမတိတ်ရောဂါ (Haemophilia) ဆိုသည်မှာ မွေးရာပါသွေးမတိတ်ရောဂါဖြစ်ပြီး ထိုရောဂါရှိသူများတွင် ဒဏ်ရာရသည့်အခါ သွေးထွက်ချိန်က သာမန်လူများထက် ပို၍ကြာသည်။ ထိုရောဂါဝေဒနာရှင် ကိုအောင်ကျော်က မွေးကတည်းက ယခု အသက် ၄၅ နှစ်အရွယ်အထိ သူဖြတ်သန်းခဲ့ရသော အတွေ့အကြုံနှင့် ဆေးကုသမှုအခြေအနေများကို မျှဝေပြောပြခဲ့သည်။

“ကျွန်တော်က အဓိက သွေးထွက်သံယိုမဖြစ်အောင် ဂရုစိုက်နေရပါတယ်။ အဆစ်တွေဖြစ်တဲ့ တံတောင်ဆစ်၊ ဒူးဆစ် စတာတွေထဲမှာ အလိုလိုသွေးယိုပါတယ်။ အဆစ်တွေက မသန်တဲ့အတွက် ထိမိခိုက်မိလွယ်ပါတယ်။ ဦးနှောက်ထဲမှာလည်း အလိုလိုသွေးယိုတာတွေဖြစ်တတ်တယ်။ အဲဒီတော့ မထိခိုက်မိအောင်နေဖို့ အရေးကြီးပါတယ်”ဟု ကိုအောင်ကျော်က ပြောပြခဲ့သည်။

သွေးမတိတ်ရောဂါ ရှိ၊ မရှိကို ခေတ်မီဓာတ်ခွဲခန်းတွင် စမ်းသပ်နိုင်ပြီး သိသာသည့် လက္ခဏာရပ်များမှာ သွေးမတိတ်ရောဂါရှိသူများတွင် အရေပြား အညိုအမည်းစွဲခြင်း၊ အဆစ်အမျက်များ (ဒူး၊ ခြေကျင်းဝတ်၊ တံတောင်ဆစ်၊ လက်ကောက်ဝတ် စသည်) ရောင်ရမ်းခြင်း၊ ငယ်သွားလဲသည့်အခါ သွေးမတိတ်ဘဲ ခံတွင်းထဲတွင် သွေးခဲဖြစ်ပေါ်နေခြင်း၊ နှာခေါင်းသွေးထွက်သည့်အခါ တော်တော်နှင့်မတိတ်ဘဲ နှာခေါင်းထဲတွင်သွေးခဲဖြစ်နေခြင်းတို့ ဖြစ်ကြောင်းသိရသည်။ ကိုအောင်ကျော်ကမူ လေးလသားအရွယ်တွင် တံတောင်ဆစ်၊ ဒူးဆစ်များ၌ အညိုကွက်များထွက်လာသဖြင့် သွေးစစ်ကြည့်ရင်း သိခဲ့ခြင်းဖြစ်သည်။

မျိုးရိုးထဲတွင် မိခင်ဖြစ်သူ၏ အငယ်ဆုံးမောင်လေးတွင် သွေးမတိတ်ရောဂါရှိပြီး မိခင်တွင်ထိုရောဂါဖြစ်စေသည့် မျိုးဗီဇသယ်ဆောင်သူ (Carrier) ဖြစ်နေကြောင်း၊ သို့ဖြစ်ရာ ကိုအောင်ကျော်နှင့် ညီအလတ်တွင် သွေးမတိတ်ရောဂါဖြစ်ပွားခဲ့ပြီး အငယ်ဆုံးညီတွင်မူ ရောဂါပါမလာခဲ့ကြောင်း သိရသည်။ “အစားအသောက်ကတော့ ပုံမှန်အတိုင်းပဲစားရတယ်။ အနေအထိုင်ကတော့ အဓိက ထိမိခိုက်မိမဖြစ်ဖို့နဲ့ သွေးယိုတာမဖြစ်အောင် ဆင်ခြင်ရတယ်။ အဲဒီအတွက်လည်း ညွှန်ကြားချက်တွေရှိတယ်၊ အဲဒါတွေကို လိုက်နာရတယ်”ဟု ကိုအောင်ကျော်ကဆိုသည်။

ကိုအောင်ကျော်တို့လို သွေးမတိတ်ရောဂါရှင်များအတွက် ငယ်စဉ်ကပင် သွေးမထွက်စေရန် ကာကွယ်နည်းများကို လိုက်နာခဲ့ရကြောင်း၊ ၃နှစ်အောက်ကလေးဆိုလျှင် ကုတင်ပေါ်တွင်မသိပ်ဘဲ ကြမ်းပြင်ပေါ်တွင် မွေ့ယာဖြင့်သိပ်ခြင်း၊ ကလေးကို ချွန်ထက်သည့် ကစားစရာများနှင့် မကစားခိုင်းခြင်းတို့ကိုလိုက်နာရပြီး ၃ နှစ်အရွယ်ရောက်လျှင် စက်ဘီးစီးတိုင်း မလဲစေရန် ဘေးမှ အထိန်းပါသော စက်ဘီးမျိုးကိုသာစီးခိုင်းရပြီး အားကစားလုပ်လျှင် ထိခိုက်စေမည့်နည်းကိုရှောင်ရကြောင်း သိရသည်။ ကျောင်းစတက်ရပြီဆိုလျှင် ဆရာ၊ ဆရာမများကို ကလေးတွင် သွေးမတိတ်ရောဂါရှိကြောင်း ပြောထားရပြီး ကျောင်းတွင်ထိခိုက်စေမည့် ကစားနည်း (ဥပမာ-ဘောလုံးကန်ခြင်း)ကို ရှောင်ခိုင်းကြောင်း သိရသည်။

ကိုအောင်ကျော်သည် အလယ်တန်းကျောင်းသားဘဝတွင် ခြေထောက်ကျိုးပြီး ကျောင်းဆက်တက်ရန် အဆင်မပြေတော့သဖြင့် ကျောင်းနားလိုက်ရကြောင်းနှင့် ဝေဒနာခံစားရရာတွင် သူ့ဘဝတစ်လျှောက် အခက်ခဲဆုံးကာလကို ယခုလို ပြန်လည်ပြောပြခဲ့သည်။

“၁၉၉၇ ကနေ ၂၀ဝ၃ ခုနစ်အထိ ဖြတ်သန်းခဲ့ရတဲ့ ကာလတွေက တော်တော်ခက်ပါတယ်။ ညာဘက်ပေါင်မှာ သွေးအလုံးကြီးဖြစ်တာကို ကျွန်တော်က ပေါ့ဆလိုက်တယ်။ အဲဒီမှာ အထဲမှာ သွေးတွေကအိုင်ပြီးတော့ သွေးအလုံးကြီးဖြစ်နေတယ်။ အဲဒါကို သွေးရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးရဲမြနဲ့ ပြတယ်၊ နောက်ပိုင်း ရန်ကုန်ဆေးရုံကြီး၊ သွေးရောဂါအထူးကု ဌာနကိုတက်ပြီး ခွဲလိုက်တယ်။ အဲဒီမှာ သွေးကတောက်လျှောက်ထွက်နေခဲ့တာ။ ခုနစ်နှစ်နီးနီးကိုသွေးထွက်ပြီး သွေးမတိတ်တော့ဘူး။ တော်တော်လေးကို ကုလိုက်ရတယ်။ အဲဒီအတောအတွင်းမှာပဲ သွေးပုလင်းပေါင်း အလုံး ၇၀ဝကျော်နီးနီး သွင်းလိုက်ရတယ်။ အဲဒီအချိန်က အခက်အခဲဆုံးအချိန်ပါပဲ။ အဲဒီတုန်းက ဆေးရုံမှာ ကိုယ်တိုင်သွေးရှာရတယ်။ သွေးစစ်ခနဲ့ သွေးအိတ်ဖိုး တစ်ဝက်ခံရတယ်။

အခု ၂၀ဝ၀ပြည့်နှစ်နောက်ပိုင်းမှာကျတော့ အကုန်အခမဲ့ဖြစ်သွားတယ်။ သွေးအိတ်ဖိုး၊ သွေးစစ်ခ ဘာမှပေးစရာမလိုတော့ဘူး။ ပြီးတော့ ကျွန်တော်တို့က ရိုးရိုးသွေးတွေကို သွင်းရတာမဟုတ်ဘူး။ သွေးအားနည်းလွန်းမှသာ Fresh Blood ကို သွင်းရတာ။ ပြီးတော့ သွေးအားတော့ ပြည့်နေတယ်၊ သွေးခဲဓာတ်က လိုနေတယ်ဆိုရင် နောက်ဆုံးကျန်တဲ့ သွေးရည်ကြည်ကိုသွင်းရတာ၊ အဲဒီအတွက် ကျွန်တော်တို့လို သွေးမတိတ်ရောဂါရှင်တွေအဆင်ပြေအောင် သွေးလှူဘဏ်က ဆရာမကြီး ဒေါက်တာဒေါ်သီတာအောင်က ဆောင်ရွက်ပေးပါတယ် . . .

အခု ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်းမှာကျတော့ အကုန်အခမဲ့ဖြစ်သွားတယ်။ သွေးအိတ်ဖိုး၊ သွေးစစ်ခ ဘာမှပေးစရာမလိုတော့ဘူး။ ပြီးတော့ ကျွန်တော်တို့က ရိုးရိုးသွေးတွေကို သွင်းရတာမဟုတ်ဘူး။ သွေးအားနည်းလွန်းမှသာ Fresh Blood ကို သွင်းရတာ။ ပြီးတော့ သွေးအားတော့ပြည့်နေတယ်၊ သွေးခဲဓာတ်က လိုနေတယ်ဆိုရင် နောက်ဆုံးကျန်တဲ့ သွေးရည်ကြည်ကိုသွင်းရတာ၊ အဲဒီအတွက် ကျွန်တော်တို့လို သွေးမတိတ်ရောဂါရှင်တွေအဆင်ပြေအောင် သွေးလှူဘဏ်က ဆရာမကြီး ဒေါက်တာဒေါ်သီတာအောင်က ဆောင်ရွက်ပေးပါတယ်”ဟုဆိုသည်။

ပုံမှန်ကောင်းနေလျှင် ဆေးရုံပြရန် မလိုဘဲအရေးပေါ် ကျန်းမာရေးပြဿနာဖြစ်မှသာ ဆေးရုံပြရလေ့ရှိကြောင်း၊ အထူးသဖြင့် ထိခိုက်မိခြင်းမရှိလျှင် ပုံမှန်လူကောင်းကဲ့သို့ပင် နေထိုင်သွားလာလှုပ်ရှားနိုင်ကြောင်း ကိုအောင်ကျော်ကဆိုသည်။

“ကျွန်တော်တို့တစ်တွေက အဆစ်တွေ ဒုက္ခပေးတဲ့အတွက် ခဏခဏရောင်ရမ်းတာ ကြာလာရင် အဆစ်တွေထဲမှာ သွေးတွေကခဲပြီးတော့ ဂျပ်ခဲကြီးဖြစ်သွားတယ်။ အဲဒီအခါ အဆစ်တွေက အဆုံးအထိကွေးလို့မရဘူး၊ အဆုံးအထိ ဆန့်လို့မရဘူး။ တန်းတန်းကြီးဖြစ်နေတယ်။ အဲဒီလိုအခြေအနေက သိပ်မပြင်းထန်ဘူးဆိုရင် အိမ်မှာပဲလှဲနေတယ်၊ အကိုက်အခဲပျောက်ဆေးသောက်တယ်၊ ရေခဲအိတ်ကပ်တယ်၊ အရမ်းပြင်းထန်လာရင်တော့ ဆေးရုံသွားတယ်၊ ဆေးရုံက ဆေးထိုးပေးတယ်၊ သွေးသွင်းရမယ်ဆိုရင် သွေးသွင်းပေးပါတယ်”ဟု ကိုအောင်ကျော်က သူ့အတွေ့အကြုံကို ပြောပြခဲ့သည်။

သွေးမတိတ်ရောဂါရှိသူတို့သည် နောက်ဆက်တွဲအနေဖြင့် ဦးခေါင်းအတွင်းသွေးထွက်ခြင်း (တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ သတိလစ်ခြင်း)၊ ဝမ်းဗိုက်အတွင်း သွေးထွက်ခြင်း၊ အဆစ်များအတွင်း သွေးထွက်ခြင်းတို့ ခံစားရတတ်ပြီး အဆစ်များအတွင်း သွေးထွက်ခြင်းကို ထိရောက်စွာကုသမှု မခံယူပါက အဆစ်များမကွေးနိုင်၊ မဆန့်နိုင်ဖြစ်တတ်ကြောင်း သိရသည်။

ယခုနောက်ပိုင်း အဆစ်သွေးယိုခြင်းကို သိပ်မခံစားရဘဲ ကြွက်သားတွင်း သွေးယိုခြင်းကို ခံစားရပြီး ထိုသို့ခံစားရပါက ဆေးရုံသို့သွားပြရလေ့ရှိကြောင်း၊ လိုအပ်လျှင် ခွဲစိတ်ကုသမှုခံယူရကြောင်း ကိုအောင်ကျော်က ဆိုသည်။

“ကျွန်တော် အခုအချိန်ထိ မိသားစုရဲ့ ပံ့ပိုးမှုယူနေရတုန်းပါ။ သွေးမတိတ်ရောဂါလူနာအတွက် မိသားစု အထောက်အပံ့က တော်တော်အရေးပါပါတယ်။ ၂၀၁၅ တုန်းက ကျွန်တော်လိမ့်ကျသွားတော့ ဦးခေါင်းဘယ်ဘက်ခြမ်းထိသွားတယ်၊ အဲဒီမှာ ခန္ဓာကိုယ်ညာဘက်ခြမ်းတစ်ခုလုံး လုံးဝလှုပ်လို့မရတော့ဘူး၊ အဲဒီမှာ ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်ထဲ နေလိုက်ရတယ်။ လေ့ကျင့်ခန်းတွေ မနည်းပြန်လုပ်ပြီး ပြန်ကောင်းအောင်လုပ်လိုက်ရတယ်”ဟု ကိုအောင်ကျော်ကပြောပြခဲ့ပြီး ကျန်းမာရေးကောင်းချိန်တွင် မြန်မာနိုင်ငံ သွေးမတိတ်ရောဂါလူနာများအသင်းတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကာ ဘဝတူရောဂါဝေဒနာရှင်တို့အား တစ်ဖက်တစ်လမ်းမှ ကူညီအားပေးပံ့ပိုးမှုများ ပြုလုပ်ပေးနေကြောင်းသိရသည်။

“ပုံမှန်ဂရုစိုက်ပြီး နေထိုင်ရင် ပုံမှန် လူ့သက်တမ်းအတိုင်း နေထိုင်နိုင်ပါတယ်။ ကျွန်တော်တို့အတွက်က သွားသတိ၊ စားသတိ၊ နေသတိဆိုပြီး အမြဲတမ်းသတိနဲ့နေရတယ်၊ အဓိကကမထိမိ၊ မခိုက်မိဖို့ပဲလေ၊ အဓိကကတော့ စိတ်ဓာတ်မကဖို့ပါပဲ”

ဘဝတူသွေးမတိတ်ရောဂါရှိသူများနှင့် တွေ့ဆုံရာတွင် ကိုအောင်ကျော်သည်-

“ပုံမှန်ဂရုစိုက်ပြီးနေထိုင်ရင် ပုံမှန် လူ့သက်တမ်းအတိုင်း နေထိုင်နိုင်ပါတယ်။ ကျွန်တော်တို့အတွက်က သွားသတိ၊ စားသတိ၊ နေသတိဆိုပြီး အမြဲတမ်းသတိနဲ့နေရတယ်၊ အဓိကက မထိမိ၊ မခိုက်မိဖို့ပဲလေ၊ အဓိကကတော့ စိတ်ဓာတ်မကျဖို့ပါပဲ”ဆိုသော အားပေးစကားကို ပြောကြားလေ့ရှိပါသည်။

မြန်မာနိုင်ငံတွင် သွေးမတိတ်ရောဂါရှိသူ မည်မျှရှိသည်ကို တိတိကျကျ မပြောနိုင်သော်လည်း လက်ရှိစာရင်းအရ အယောက် ၃၀ဝ ကျော်ရှိကြောင်း၊ သွေးမတိတ်ရောဂါရှိသူများသည် ရောဂါတူ၊ ဘဝတူလူများနှင့် တွေ့ဆုံရန် Myanmar Haemophilia Patient Association အမှတ် (၆၄)၊ ပထမထပ်၊ နှင်းဆီလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-ဝ၉ ၅၁၅၇၈၉၁၊ ဝ၉ ၄၂၅၀၁၂၇၅၃ တို့သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top