Healthy Life Ad
Child

ကလေးသူငယ်တို့အား လိင်ကျန်းမာရေးပညာပေးခြင်း

၊ဇွန်ခိုင်ဦး၊(ဆေးဝါးတက္ကသိုလ်)

ကလေးသူငယ်တွေကိုအသက်အရွယ်အလိုက် လိင်ကျန်းမာရေးပညာပေးဖို့ လိုပါတယ်။ မိဘအများစုက ကလေးတွေ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အထိ ကလေးလေးပဲလို့ထင်မှတ်ပြီး လိင်ကျန်းမာရေးပညာပေးဖို့တွန့်ဆုတ်နေတတ်ပါတယ်။ ကလေးတွေကို လိင်ကျန်းမာရေးပညာပေးဖို့ နောက်ကျသွားတဲ့အခါ မဖြစ်သင့်တဲ့အမှားတွေ ကြုံကြိုက်သွားနိုင်တာကြောင့် အသက်အရွယ်အလိုက် မှန် ကန်တဲ့ပညာပေးမှုတွေကို ပြုလုပ်ပေးရပါမယ်။

(၁) ဘယ်လိုပညာပေးရလဲဆိုတာ စဉ်းစားပါ

ကလေးကို လိင်ကျန်းမာရေး ပညာပေးနိုင်ဖို့ အရင်ဆုံး ကျားသဘာဝနဲ့မသဘာဝကို ရှင်းပြပေးပါ။ တစ်ခါတလေ ကိုယ်ဝန်ဆောင်မိခင် ဒါမှမဟုတ် မွေးကင်းစကလေးတွေကို တွေ့တဲ့အခါ စူးစမ်းတတ်တဲ့ကလေးတွေရဲ့ မေးခွန်းအလိုက် ပညာပေးပါ။

(၂) အသက်အရွယ်အလိုက် သင့်တော်သောအဖြေပေးပါ
ကလေးရဲ့ အသက်အရွယ်အလိုက် နားလည်နိုင်မယ့်အဖြေတွေကိုပေးသင့်ပါတယ်။ သတင်းအချက်အလက်တွေ အများကြီးကို တစ်ခါတည်း မပေးပါနဲ့။ ကလေး ထိတ်လန့်သွားအောင်လည်း မခြောက်ပါနဲ့။

(၃) လမ်းကြောင်းပြောင်းပါ
ကလေးက sex အကြောင်း မေးခွန်းတွေမေးတဲ့အခါ အသက်အရွယ်အရ မသိသင့်သေးရင် လမ်းကြောင်းပြောင်းပြီးဖြေပါ။ ကလေးတွေ ဘယ်ကနေ ရောက်လာသလဲဆိုတဲ့ မေးခွန်းမျိုးကို မွေးစားတာ၊ လမ်းက ကောက်လာတာစသဖြင့် မဖြေသင့်ပါဘူး။

(၄) ရိုးသားစွာ ပြောဆိုပါ
မိဘတွေ အမှန်အတိုင်းမပြောတာကို ကလေးတွေ အကဲခတ်တတ်ပါတယ်။ အဲဒီလို အမှန်အတိုင်း မပြောဘဲနေရင်၊ အမှားတွေ ပြောရင် ကလေးတွေ အနေနဲ့ သင့်ကို ယုံကြည်စိတ်နည်းသွားပါလိမ့်မယ်။ သင့်အနေနဲ့ ကလေးမေးတာကို မဖြေနိုင်ရင်လည်း စိတ်မပူပါနဲ့။ ‘သားမေးတဲ့မေးခွန်းကကောင်းပါတယ်။ ဒါပေမဲ့ အဖြေမှန်ကို မေမေလည်းမသိသေးဘူး’စသဖြင့်ဖြေပါ။

(၅) စာဖတ်ပါ
ကလေးကို လိင်ပညာပေးနိုင်ဖို့ sex-education အကြောင်း ရေးထားတဲ့ စာအုပ်တွေကိုဖတ်ပြီး လေ့လာပါ။ ဒါက ရှက်စရာ မဟုတ်ပါဘူး။

(၆) ဥပမာပေးပါ
တချို့ကလေးတွေက ပင်ကိုအားဖြင့်ရှက်တတ်ပါတယ်။ ဒါကြောင့် လိင်နဲ့ပတ်သက်ပြီး မေးခွန်း တွေမေးလေ့မရှိပါဘူး။ ကလေးက စိတ်မဝင်စားဘူး ထင်ပြီး လိင်ပညာပေးဖို့ နှောင့်နှေးမနေပါနဲ့။ သင်ကစပြီး စကားစမည် ပြောဆိုကာ ရှင်းပြပေးပါ။ တိရစ္ဆာန်မျိုးအောင်တဲ့အကြောင်းကို အခြေခံပြီး လိင်ကျန်းမာရေး ပညာပေးတာက အကောင်းဆုံး ပဲဖြစ်ပါတယ်။

(၇) စိတ်အေးအေးထားပါ
ကလေးကို လိင်ကျန်းမာရေး ပညာပေးဖို့အတွက် သင်ကိုယ်တိုင်ကစိတ်လှုပ်ရှားမနေပါနဲ့။ စိတ် အေးလက်အေးထားပြီး ဆွေးနွေးပါ။ အထူးသဖြင့် လိင်အင်္ဂါတွေအကြောင်းပြောရင်း တစ်ကိုယ်ရေသန့် ရှင်းရေးအရေးပါပုံကို ဆွေးနွေးသင်ကြားပေးပါ။

(၈) စဉ်ဆက်မပြတ် ပညာပေးပါ
လိင်ကျန်းမာရေး ပညာပေးတာက ကလေးရဲ့ အသက်အရွယ်အလိုက် စဉ်ဆက်မပြတ်ပညာပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ကြိမ်ပြောပြီးသားဆိုပြီး ရပ်ပစ်ရမှာ မဟုတ်ပါဘူး။ သမီးမိန်းကလေး တွေဆိုရင်ဆယ်နှစ်ကျော်လာချိန်မှာ ရာသီစက်ဝန်း အကြောင်းစတင်ရှင်းပြပြီး လစဉ်သုံးအမျိုးသမီးပစ္စည်းကို ဘယ်လိုသုံးရမယ်ဆိုတာကိုပါ သင်ပေးသင့်နေပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top