Healthy Life Ad
Life Style

သင့်အသည်းကို စောင့်ရှောက်ပေးမည့် အစားအသောက် ၁၀

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်တွင်းမှာ အန္တရာယ်ရှိတဲ့ အရာတွေရှိနေရင် အသည်းကနေ ဖြိုခွဲသန့်စင်ပေးပါတယ်။ ဒါကြောင့် အသည်းကျန်းမာစေဖို့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်မယ့် အစားအသောက်တွေကို မျှဝေလိုက်ပါတယ်။


(၁) ကြက်သွန်ဖြူ
ကြက်သွန်ဖြူက အနံ့ပြင်းတယ်ဆိုပေမယ့်လည်း အသည်းကိုကောင်းကျိုးပြုတဲ့ အရာတွေအများကြီး ပါဝင်ပါတယ်။ ကြက်သွန်ဖြူမှာ ဆီလီနီယမ် ပါဝင်မှုများတဲ့အတွက် အင်တီအောက်ဆီးဒင့်အစွမ်းကိုတိုးစေပြီး ခန္ဓာကိုယ်ကို အဆိပ်အတောက် ကင်းစင်စေပါတယ်။
ကြက်သွန်ဖြူမှာ အာဂျင်နင်းလို့ ခေါ်တဲ့ အမိုင်နိုအက်စစ်ပါတာကြောင့် သွေးကြောတွေကို အနားရစေပြီး အသည်းရှိ သွေးဖိအားကို လျော့ကျစေပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုကျစေတဲ့ ဗီတာမင် B6 နဲ့ ဆဲလ်ထိခိုက်မှုလျော့ကျစေတဲ့ ဗီတာမင်စီပါဝင်မှုရှိပါတယ်။


(၂) သံလွင်ဆီ
သံလွင်ဆီက အသည်းကိုအများကြီးအထောက်အပံ့ဖြစ်စေပါတယ်။ သံလွင်ဆီက ကိုယ်တွင်းအဆိပ် အတောက်တွေကို ဖယ်ထုတ်ပေးတဲ့အတွက် အသည်းကို ကျန်းမာစေပါတယ်။


(၃) ဟင်းခတ်အမွှေးအကြိုင်နှင့် ဟင်းသီး ဟင်းရွက်များ
ဟင်းခတ်အမွှေးအကြိုင်နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဟာ အစားအသောက်မှာပါတဲ့ သတ္တုဓာတ်၊ ဓာတုပစ္စည်းနဲ့ ပိုးသတ်ဆေးတွေကြောင့် အသည်းမထိခိုက်အောင် ကာကွယ်ပေးပါတယ်။ ဟင်းနုနယ်ရွက်၊ ဥနီစတာတွေက သွေးကို သဘာဝအတိုင်း သန့်စင်ပေးပြီး အသည်းရဲ့ စွမ်းဆောင်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းဂေါ်ဖီပွင့်တွေက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အသည်းအင်ဇိုင်းကို အားကောင်းစေပါတယ်။


(၄) လက်ဖက်စိမ်းလက်ဖက်ရည်
လက်ဖက်စိမ်းလက်ဖက်ရည်မှာ ကက်တီချင် အမည်ရှိ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် ကင်ဆာအမျိုးအစားအမျိုးမျိုး မဖြစ်အောင် ခန္ဓာကိုယ်ကို ကာကွယ်ပေးပါတယ်။


(၅) ဂရိတ်ဖရု
ဂရိတ်ဖရုမှာ ဗီတာမင်စီသာမက ဂလူတာသိုင်အုန်းလည်းပါတဲ့အတွက် အသည်းကနေ အဆိပ်အတောက်ဖြေပေးတဲ့ အင်ဇိုင်းတွေကို ထွက်ရှိအောင် အားပေးကူညီပါတယ်။


(၆) သစ်ကြားသီး
သစ်ကြားသီးမှာ အာဂျင်နင်းနဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့အတွက် အသည်းကို အဆိပ်အတောက်ချေဖျက်ပေးပါတယ်။ သစ်ကြားသီးမှာ အင်တီအောက်ဆီးဒင့်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝဆီပါဝင်တာကြောင့် အသည်းထဲမှာအဆီစုပုံမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။


(၇) ပန်းသီး
ပန်းသီးမှာ ပက်တင်ဓာတ်များများ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို သန့်စင်စေပြီး အစာခြေလမ်းကြောင်းရှိ အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ဒီနည်းက အသည်းမှာ ဝန်မပိအောင် ကာကွယ်ပေးပါတယ်။


(၈) နနွင်းမှုန့်(ဆနွင်းမှုန့်)
နနွင်းမှုန့်မှာ အဓိကပါတဲ့ အရာက ကာကူမင် လို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးပါ၊ ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။ ဒီနနွင်းမှုန့်က သည်းခြေလမ်းကြောင်းကို ကာကွယ်ပေးပြီး သည်းခြေစီးဆင်းမှုကို အားကောင်းစေကာ အသည်းကိုသန့်စင်စေပါတယ်။ ကာကူမင်က အသည်းဆဲလ်ကိုပွားစေပြီး အဆိပ်အတောက်ကင်းစေပါတယ်။ ဟင်းလျာတွေထဲ နနွင်းမှုန့်ထည့်ချက်ရင် အရသာရှိတဲ့အပြင် ကျန်းမာရေးကောင်းကျိုးလည်း ရှိပါတယ်။


(၉) သံပရာသီး/သံပရိုသီး
သံပရာသီး၊ သံပရိုသီးတွေမှာ ဗီတာမင်စီအများအပြားပါတဲ့အတွက် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို သန့်စင်ပေးပါတယ်။


(၁၀) ထောပတ်သီး
ထောပတ်သီးဟာ အသည်းအတွက် စူပါအစာပါ။ ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ ဂလူတာသိုင်အုန်းပါဝင်တဲ့ ထောပတ်သီးဟာ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီး ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေးကာ အသည်းဆဲလ်တွေ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။
သစ်သီးထဲက ဗီတာမင်အီးနဲ့ ဗီတာမင်ကေဟာ ရောင်ရမ်းမှုကို တွန်းလှန်ပေးပြီး အသည်းထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။ ထောပတ်သီးမှာပါတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီက သွေးတွင်း ကိုလက်စထရောကို ဟန်ချက်ညီအောင် ထိန်းပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top