Healthy Life Ad
Men

ဘယ်လောက်အိပ်ရင် လုံလောက်သလဲ . . .

မေး။ ။ လူတစ်ယောက်က ဘယ်လောက်အိပ်ရင် လုံလောက်ပါသလဲ ဆရာ။ ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျစေဖို့ ဘယ်လိုအလေ့အထတွေထားရှိသင့်ပါသလဲ ဆရာ။
ဦးတင်စန်း၊ လှိုင်သာယာ။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ အထက်တန်းကျောင်းသား၊ ကျောင်းသူ အများစုဟာ တစ်ည အိပ်ချိန် ၈ ~ ၉ နာရီ လိုအပ်ပါတယ်။ အသက် ၁ ~ ၅ နှစ်အတွင်း ကလေးတွေ က ၂၄ နာရီမှာ ၁၁ ~ ၁၃ နာရီခန့် အိပ်ချိန် ရှိသင့်ပါတယ်။ အသက် ၅ ~ ၁၂ နှစ်အရွယ်မှာ စုစုပေါင်း အိပ်ချိန် ၁၀ ~ ၁၂နာရီလိုအပ်ပါတယ်။ အသက် ၁၂ ~ ၁၈ နှစ် အရွယ်မှာ ကိုယ်နဲ့စိတ်ကျန်းမာရေး အကောင်းဆုံး ဖြစ်ပြီး တွေးခေါ်နိုင်စွမ်းကောင်းစေဖို့ အိပ်ချိန်ကိုး နာရီလိုအပ်ပါတယ်။

အရွယ်ရောက်ချိန်မှာ တစ်ညအိပ်ချိန် ၇နာရီခွဲ ~ ၈နာရီနီးပါး လိုအပ်ပါတယ်။ အသက် ၆၅နှစ်နဲ့ အထက်အရွယ်တွေမှာ တစ်ညအိပ်ချိန် ၇ ~ ၈ နာရီ လိုအပ်နေဆဲ ဖြစ်ပေမယ့် တစ်ညမှာ အိပ်ချိန် ၆ နာရီ အထိ လျော့ကျသွားတတ်ပါတယ်။

ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေဖို့ ရာအတွက် ၂၀၁၀ အမေရိကန်အိပ်စက်မှုဆေးပညာ အကယ်ဒမီက အောက်ပါအလေ့အထတွေကို လိုက်နာဖို့ ဆိုထားပါတယ်။

(၁) မအိပ်ချင်ဘဲ အိပ်ရာထဲ မသွားပါနဲ့။

(၂) အိပ်ရာထဲမှာ မိနစ် ၂၀ ကြာလို့မှ မအိပ်ချင်ရင် အိပ်ရာကနေထပါ။

(၃) အိပ်ရာမဝင်ခင် ညဘက်မှာ အပန်းပြေစေမယ့် အလေ့အကျင့်တွေကို စတင်လုပ်ဆောင်ပါ။ မအိပ်ခင် စာဖတ်တာ၊ တေးသီချင်း နားထောင်တာ၊ ရေချိုးတာစတဲ့ အပန်းဖြေနည်းတွေ လုပ်ဆောင်ပေးသင့်ပါတယ်။

(၄) ညဘက်မှာ အိပ်ချိန် ပုံမှန် အပြည့်အဝပေးတဲ့ အကျင့်ထားရှိပါ။

(၅) နံနက်တိုင်း တူညီတဲ့ အချိန်မှာ အိပ်ရာထပါ။

(၆) ဖြစ်နိုင်ရင် တစ်ရေးအိပ်တာကို ရှောင်ပါ။

(၇) အိပ်ချိန်၊ ထချိန်နဲ့ပတ်သက်ပြီး ပုံမှန်အချိန် ဇယားထားရှိပါ။

(၈) အိပ်ရာထဲမှာ စာမဖတ်နဲ့၊ စာမရေးနဲ့၊ အစာမစားနဲ့၊ တီဗီမကြည့်နဲ့၊ ဖုန်းမပြောနဲ့၊ ကတ်တွေနဲ့ မကစားပါနဲ့။

(၉) နေ့လယ်စာစားပြီး ကော်ဖီမသောက်ပါနဲ့။

(၁၀) အိပ်ချိန်ရဲ့ ခြောက်နာရီအတွင်းမှာ ဘီယာ၊ ဝိုင်နဲ့ တခြားအယ်လ်ကိုဟောအမျိုးအစား မသောက်ပါနဲ့။

(၁၁) အိပ်ချိန်မတိုင်ခင် စီးကရက် မသောက်ပါနဲ့။ နီကိုတင်းပါတဲ့ တခြားအရာ မသုံးစွဲပါနဲ့။

(၁၂) ဗိုက်ဆာရက်နဲ့အိပ်ရာမဝင်ပါနဲ့။ အိပ်ချိန်နဲ့ကပ်ပြီး အစာများများ မစားပါနဲ့။

(၁၃) အိပ်ချိန်နဲ့ ခြောက်နာရီအတွင်းမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းမလုပ်ပါနဲ့။

(၁၄) အိပ်ဆေးရှောင်ပါ၊ ဒါမှမဟုတ် အိပ်ဆေးကို သတိထားပြီးသုံးပါ။

(၁၅) ပူပင်သောကဖြစ်စေမယ့် အရာတွေကို တတ်နိုင်သမျှရှောင်ပါ။ ပူပင်သောကကို ခေါင်းထဲ မှာမထားပါနဲ့။

(၁၆) အိပ်ခန်းကို တိတ်ဆိတ်ငြိမ်သက် အေးမြနေ အောင်ထားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top