Healthy Life Ad
Health Tips

လေ့ကျင့်ခန်း မလုပ်သင့်သေးသည့် အကြောင်းများ

၊ လရိပ်မေ ၊

လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်ဆိုတာ လူတိုင်းသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ တချို့သော အကြောင်းရင်းတွေကြောင့် လေ့ကျင့်ခန်းမလုပ်သင့်ဘဲ ခဏနား သင့်တဲ့အချိန်တွေ ရှိနေပါတယ်။

(၁) နေမကောင်းဖြစ်နေသည့်အခါ
သင့်အနေနဲ့ အအေးမိနေရင်တောင်မှ နေသာထိုင်သာမရှိဘူးလို့ ခံစားရရင် လေ့ကျင့်ခန်းမလုပ်ပါနဲ့။ ဖျားနေချိန်မှာ လေ့ကျင့်ခန်းလုပ်တာက ခုခံစွမ်းအား စနစ်အပေါ်ဝန်ပိစေပြီး အဖျားတာရှည်စေပါတယ်။ ဒါ့အပြင် ဖျားနေချိန်မှာ လေ့ကျင့်ခန်းလုပ်ရင် အာရုံစူးစိုက်နိုင်ဖို့ခက်ခဲကာ ထိခိုက်ဒဏ်ရာရနိုင်ခြေများပါတယ်။

(၂) ခွန်အားအလုံအလောက် မရှိသေးသည့်အခါ
သင့်အနေနဲ့ ဖျားပြီးချိန်မှာ ပုံမှန်အားကစားအစီအစဉ်တွေကို ပြန်လုပ်ဖို့ ချက်ချင်းမစဉ်းစားပါနဲ့။ အဖျားကောင်းကောင်းမပျောက်သေးဘဲ ခွန်အားနည်းနေချိန်မှာ အားကစားလုပ်တဲ့အခါ နေမကောင်းပြန်ဖြစ်ဖို့ အခွင့်အလမ်းများနေလို့ပါ။
တကယ်လို့ အဖျားပျောက်ပြီး အားကစားခန်းမကိုပြန်သွားတဲ့အခါမှာလည်း စစချင်းလေ့ကျင့်ခန်းကို ဂရုတစိုက်ပြုလုပ်ပေးသင့်ပါတယ်။ အပြင်းအထန်လေ့ကျင့်မှုကို ရှောင်ရပါမယ်။

(၃) အလွန်အမင်းဖိစီးမှုများနေသည့်အခါ
လေ့ကျင့်ခန်းမလုပ်ချင်လောက်အောင် ဖိစီးမှုများနေတဲ့အချိန်တွေမှာ အနားယူတာက ပိုကောင်းပါတယ်။ ဖိစီးမှုများနေချိန်မှာ အားကစားခန်းမသွားမယ့်အစား အိမ်ပြန်ပါ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အ စားအသောက်တွေကို စားပါ၊ ပြီးရင် အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။

(၄) ထိခိုက်ဒဏ်ရာ ရရှိထားသည့်အခါ
သင့်မှာ မတော်တဆထိခိုက်ဒဏ်ရာရရှိထားရင် ကောင်းကောင်းအနာကျက်တဲ့အထိ စောင့်ဆိုင်းပြီးမှသာ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ထိခိုက်ဒဏ်ရာ အသေးအမွှားရှိရင်တောင် လေ့ကျင့်ခန်းလုပ်ချိန်မှာ အဲဒီဒဏ်ရာကို ထပ်မံထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။

(၅) အရက်နာကျထားသည့်အခါ
မနေ့ညက အရက်သောက်တာ များသွားပြီး အရက်နာကျဝေဒနာကို ခံစားနေရချိန်မှာ ဒီမနက် အား ကစားခန်းမကို မသွားခင်နှစ်ကြိမ်လောက် စဉ်းစားပါဦး။ အယ်လ်ကိုဟောဟာ သင့်ကို ရေဓာတ်ခန်း ခြောက်စေတာကြောင့် သင့်အနေနဲ့ ရေများများသောက်ပေးကာ ခန္ဓာကိုယ်ကို ရေဓာတ်မျှတအောင် အရင်ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် အမူးမပြေသေးရင်လည်း သင့်ခန္ဓာကိုယ်ကိုဟန်ချက် ညီအောင်ထိန်းချုပ်နိုင်စွမ်းအားနည်းနေတာကြောင့် လေ့ကျင့်ခန်းမလုပ်သင့်သေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top